သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀က်လက်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ ဆက်လက် မီးရှို့နေဆဲ


စစ်ကိုင်းတိုင်ဝက်လက်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားရာ ပင်းဇင်းနဲ့ မကျီးတုံရွာ (ဇန်နဝါရီ ၂၅၊၂၀၂၃)
စစ်ကိုင်းတိုင်ဝက်လက်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားရာ ပင်းဇင်းနဲ့ မကျီးတုံရွာ (ဇန်နဝါရီ ၂၅၊၂၀၂၃)

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ထဲကို မြန်မာစစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ကျေးရွာတွေကို မီးရှို့နေတာကြောင့် နေအိမ်အတော်များများ မီးလောင်ဆုံးရှုံးခဲ့သလို၊ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေလည်းဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို မဆုမွန်က ပြောပြမှာပါ။

ဇန်နဝါရီ ၂၅ ရက် ဒီကနေ့ မနက်ပိုင်းက ဝက်လက်မြို့နယ် ပင်းဇင်းကျေးရွာက ပြန်ထွက်လာတဲ့ မြန်မာစစ်တပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ မကျည်းတုံရွာအနီးမှာ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ကြပြီး ပြည်သူ့ကာကွယ်ရေး အဖွဲ့ဖက်က ၂ ဦး ကျဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့သူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဗွီအိုအေကို ခုလိုပြောပါတယ်။

"ခုမနက်မှ မကျည်းတုံဖက်ကိုလာတဲ့ (စကစ)တွေ မကျည်းတုံဖက်ကို‌ ရွှေ့တဲ့ အချိန်မှာ ဒီကတက်သွားတဲ့ ကျွန်တော်တို့ ဘက်က ကလေးတွေ နယ်မြေခံ ကလေးတွေနဲ့ ထိပ်တိုက် ရင်ဆိုင်လိုက်ရတော့ ကိုယ်ဖက်က ၂ ယောက်ကျတယ် ၃ ယောက် ဒဏ်ရာ ရတယ်။ အင်အားက ၅၀၊ ၆၀ လောက်ရှိမယ်။ မနေ့ကထိကို သူတို့က ၈၀ ကျော်လောက် တက်လာတာကို သူတို့က ဘယ်လို ခွဲလိုက်လဲ မသိဘူး ဒီကနေ့ မနက် တွေလိုက်ရတာကတော့ ၄၊ ၅၊ ၆၀ လောက်ပဲ။"

ဇန်နဝါရီ ၂၄ ရက် မနေ့ကလည်း ပင်းဇင်းရွာကို စစ်ကောင်စီတပ်တွေ မဝင်နိုင်အောင် ဒေသခံကာကွယ်ရေးတပ်တွေက ကာကွယ်ခဲ့ကြပေမယ့် လက်နက်နဲ့ လူအင်အား မမျှတာကြောင့် လက်လျှော့ခဲ့ကြရတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ စစ်ကောင်စီတပ်တွေ ပင်ဇင်းရွာကို ဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ခဲ့သလို ‌ဒေသခံ ၂ ဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်က ပြောပါတယ်။

"ပင်းဇင်းကလည်း ၂ ယောက်၊ လမ်းပေါ်မှာ တစ်ယောက်ပစ်သတ်ထားတယ်။ နောက်တစ်ယောက်ကလဲ ရွာထဲကို မီးဝင်ငြိမ်းတာ နောက်တစ်ယောက် ထပ်ပြီး ပစ်သတ်တယ်လို့၊ ရွာထဲ မီးဝင်ငြိမ်းတဲ့ ပြည်သူတစ်ယောက်ကိုလည်း ပစ်သတ်ထားတယ်။ အဲ့ဒါကတော့ ကျွန်တော်တို့ လက်တွေ့မြင်ခဲ့ရတာ၊ လမ်းပေါ်မှာ ပစ်သတ်ထားတာလည်း မြင်ခဲ့ရတယ်။"

ပင်းဇင်းရွာဟာ အိမ်ခြေ ၁၀၀၀ ဝန်းကျင်ရှိတဲ့ ရွာကြီးဖြစ်ပြီး မနေ့က မီးရှို့ခံရမှုမှာ အိမ်ခြေ ၁၇၀ လောက် မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒါဟာ ပင်းဇင်းရွာကို ပထမဆုံး အကြိမ်မီးရှို့တာဖြစ်ပါတယ်။ ၂၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်တွေက မကျည်းတုံရွာကို မီးရှို့ခဲ့ကြပြီးတော့ အိမ်ခြေ ၁၀၀ လောက်မီးလောင်ခဲ့သလို ဒီကနေ့မနက်မှာလည်း မူးကြီးရွာကို ဆက်တက်သွားပြီး မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ပင်းဇင်းက အိမ်ခြေများတယ်ဗျ။ ရှို့ခံရတာက အိမ်ခြေ ၁၇၀ ကျော်လောက် ရှို့ခံရတယ်ဗျ။ ပထမဆုံးအကြိမ်ရှို့ခံရတာဗျ ပင်းဇင်းက ကျတော့။ အခု သူတို့က ပင်းဇင်းရွာက ထွက်ပြီးတော့မှ အရှေ့ဖက်က မူးကြီး ကျေးရွာကို ဝင်နေတယ်။ မူးကြီးရွာကိုဝင်ပြီးတော့ အခုသူတို့ မူးကြီးရွာကို မီးတွေ ရှို့နေတယ်။ အိမ်ခြေတော်တော်များမယ်၊ ဒါနဲ့ဆို ၂ ကြိမ်ရှိပြီး မီးရှို့ခံရတာ မူးကြီးက။ မကျည်းတုံကျေးရွာကလည်း အိမ်ခြေ ၁၀၀ ကျော်လောက်တာ ရှို့ခံရမယ်၊ ၁၀၀ နဲ့ ၁၅၀ ကြားရှိမယ်။ အခုက စကစ စစ်ကြောင်းက အဲ့ဒီဖက်(မကျည်းတုံ)ကိုပဲ လှည့်ပတ်ပြီး သွားနေတော့ ဝင်ပြီး အတည်ပြုဖို့က မရနိုင်ဘူးဗျ။"

စစ်ကောင်စီရဲ့ ဒီနယ်မြေရှင်းလင်းရေး စစ်ကြောင်းကြောင့် မကျည်းတုံ၊ ပင်းဇင်းနဲ့ မူးကြီးကျေးရွာက ဒေသခံတွေ ထွက်ပြေးနေကြရပါတယ်။ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် စစ်ကိုင်းအတွင်းမှာ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင် အရေ အတွက်တွေက တနေ့ထက်တနေ့ ပိုပြီးတိုးလာနေပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီးတော့လည်း မြန်မာစစ်တပ်က စွပ်စွဲပါတယ်။ ကချင်လွတ်မြောက်ရေးတပ် KIA နဲ့ PDF တွေဟာ ကျေးရွာနေအိမ်တွေကို မီးရှို့တယ်လို့လည်း မြန်မာစစ်ကောင်စီက တန်ပြန်စွပ်စွဲတာရှိပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode]










XS
SM
MD
LG