သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဘိုင်ဒန် ဘရာဇီးလ် သမ္မတသစ်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံ


ဘရာဇီလ်း သမ္မတသစ် Luiz Inacio “Lula” da Silva (ဘယ်) နဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (ညာ)

=== [[ ZAWGYI ]] ===

သမ္မတဘိုင်ဒန် ဘရာဇီးလ် သမ္မတသစ်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံ

အမေရိကန် သမ္မတ Joe Biden က ဘရာဇီလ်း သမ္မတသစ် လက်ဝဲဝါဒီ Luiz Inacio “Lula” da Silva ကို အမေရိကန် သမ္မတ အိမ်ဖြူတော်မှာ သောကြာနေ့က လက်ခံ ကြိုဆိုခဲ့ပါတယ်။ နှစ်နိုင်ငံစလုံးမှာ ဒီမိုကရေစီ အရေး အပေါ် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးနာက် နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မာအားကောင်းအောင် ကြိုးပမ်းမှုလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက တကျော့ပြန် သမ္မတ ရွေးကောက်ပွဲမှာအဲဒီ အချိန်က သမ္မတ Jair Bolsonaro ကို မဲအနည်းငယ် အသာနဲ့ အနိုင်ရပြီးနောက် Da Silva က သမ္မတ ဖြစ်လာတာပါ။

သူ သမ္မတကျမ်းသစ္စာ ကျိန်ဆိုပြီး သီတင်းတပတ်အကြာ ဇန်နဝါရီလ ၈ ရက်နေ့ ၂၀၂၃ ခုနှစ်မှာတော့ သမ္မတဟောင်း Bolsonaro ကို ထောက်ခံသူတွေက မြို့တော်ကို စီးနင်းဝင်ရောက်ပြီး အစိုးရ အဆောက်အအုံတွေကို ဖျက်စီးခဲ့ကာ ရွးကောက်ပွဲ ရလဒ်ကို ပြောင်းလဲပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

အမေရိကန်မှာလည်း သမ္မတဟောင်း Donald Trum ကို ထောက်ခံသူတွေက ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှာ လွှတ်တ်ာကို ဝင်ရောက်ပြီး အလားတူ တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံ မြို့တော် Brasilia တိုက်ခိုက်ခံရမှု အပြီးမှာတော့ အမေရိကန် သမ္မတ Biden က ဘရာဇီလ်း သမ္မတ Lula နဲ့ ဆက်သွယ်ပြီး တိုက်ခိုက်မှုကို ရှုတ်ချပြောဆိုခဲ့သလိုဘဲ အမေရိကန်က ထောက်ပံ့ကူညီဖို့လည်း ကတိပြုခဲ့ပါတယ်။

ဒါ့အပြင် ထဲထဲဝင်ဝင် ဆွေးနွေးရေး အတွက် အမေရိကန် အိမ်ဖြူတော်ကို လာရောက်ဖို့လည်း ဖိတ်ကြားခဲ့တာပါ။ နိုင်ငံရေးမှာ အစွန်းရောက်မှုနဲ့ အကြမ်းဖက်မှုကို ပြတ်ပြတ်သားသား ဆန့်ကျင်တဲ့ အကြောင်းကို ခေါင်းဆောင် ၂ ဦးတို့ ဆွေးနွေးကြမှာ ဖြစ်ပြီး ဒေသတွင်းမှာနဲ့ ကမ္ဘာတလွှားမှာ ဒီမိုကရေစီရဲ့ စံတန်ဖိုးတွေကို မြှင့်တင်နိုင်ရေး အတူ လက်တွဲ ဆောင်ရွက်နိုင်မယ့် ကိစ္စတွေကို ဆွေးနွေးကြမှာ ဖြစ်ကြောင်း အမေရိကန် အစိုးရ အဖွဲ့ အကြီးတန်း တာဝန်ရှိသူ တဦးက ကြေညာချက်မှာ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

=== {{ UNICODE }} ===

မြန်မာ့အရေး အရှေ့တောင်အာရှ သုတေသီတွေရဲ့ အမြင်တချို့

မြန်မာအပါအဝင် အရှေ့တာင်အာရှဒေသတွင်း တရုတ်ရဲ့ စီးပွါးရေးနဲ့ နိုင်ငံရေးသြဇာကြီးနေပေမဲ့ ဒေသတွင်းနိုင်ငံတွေကတော့ အမေရိကန်ကို မိတ်ဖက်အဖြစ် ပိုလိုလားမူရှိတယ်လို့ အရှေ့တောင်အာရှဆိုင်ရာ လေ့လာရေးအဖွဲ့ - ISEAS Yusof Ishak အင်စတီကျုရဲ့ ကြာသပတေးနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် ဒေသတွင်း အမေရိကန်နဲ့တရုတ်တို့ အားပြိုင်နေချိန်မှာ ကြားမိတ်ဘက်အဖြစ် ဥရောပသမဂ္ဂနဲ့ ဂျပန်အပြင် အိန္ဒိယကိုပါ ပို အားကိုးလာကြသလို အာဆီယံအပေါ်မှာတော့ ယုံကြည်မှုတွေ ကျဆင်းလာတာ တွေ့ရတယ်လို့ ဖေါ်ပြထားပါတယ်။ ဒီအနေအထားမျိုးမှာ မြန်မာ့အရေး အာဆီယံကြိုးပမ်းမှုအပေါ်မှာရော ဘယ်လိုမြင်ကြပါသလဲ။ ISEAS သုတေသန ပညာရှင်တွေကို ကိုဝင်းမင်းက မေးမြန်းတင်ပြထားပါတယ်။

မြန်မာအပါအဝင် အာဆီယံ(၁၀)နိုင်ငံက အစိုးရ ပညာရှင် စီးပွားရေးသမား အရပ်ဖက်အဖွဲ့အစည်းတွေက လူပေါင်း(၁၃၀၀)ကျော်ကို မေးမြန်း စစ်တမ်းကောက်ယူထားတဲ့ ဒီစစ်တမ်း ထုတ်ပြန်ပွဲမှာ ISEAS Yusof Ishak အဖွဲ့ အမှုဆောင်အရာရှိချုပ် Choi Shing Kwok က-

“အခုလို အစီရင်ခံစာ ၄ ခုထုတ်အပြီးမှာ အခုစစ်တမ်းတွေက အရှေ.တောင်အာရှဒေသတွင်းမှာ အလျှင်အမြန်ပြောင်းလဲလာနေတဲ့ ပထဝီနိုင်ငံရေးနဲ့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို အတွင်းကျကျပိုသိနိုင်အောင်လုပ်ပေးနိုင်တဲ့ သက်သေတွေနဲ့အတူ၊ ပိုပြီး အရေးပါလာပါတယ်။ ဒီ အစီရင်ခံစာက ကျွန်တော်တို့ထုတ်တာတွေထဲ လူအများဆုံးဖတ်ပြီး အများဆုံးကိုကားတဲ့ အချက်တွေဆက်ဖြစ်နေမှာပါ။ ပညာရှင်တွေ၊ သတင်းမီဒီယာတွေ၊ အစိုးရတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ အရပ်ဘက်အဖွဲ့တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ အရှေ.တောာင်အာရှ ဒေသထဲသက်ရောက်မှုကြီးတဲ့ လက်ရှိ အမြင်တွေ၊ ကျယ်ပြန့်တဲ့ ပြဿနာတွေကို နားလည်ဖို့လည်း အသုံးဝင်မဲ့ မှီငြမ်းမှုပါ။”

ဒီစစ်တမ်းတွေကို ၂၀၁၉ ခုနှစ်ကတည်းက စထုတ်လာခဲ့တာပါ။ အခု ၂၀၂၃ ခုနှစ် အစီရင်ခံစာရဲ့ထူးခြားမှုကို သီးသန့်မေးရာမှာတော့ ISEAS အဖွဲ့ရဲ့ အာဆီယံဆိုင်ရာ ညှိနှိုင်းရေးမှူး အကြီးတန်းသုတေသီ Sharon Seah ပြောတာက -

“ဒီနှစ် တွေ့ရှိချက်ထဲမှာတော့ အမေရိကန်ကို ထောက်ခံတဲ့အဆင့်က ပိုမြင့်လာတာ ပြနေပါတယ်။ တရုတ်အတွက်ကတော့ တရုတ်ရဲ့ ကိုဗစ် လုံးဝအမြစ်ပြတ်ရေး COVID ZERO မူဝါဒကြောင့် တသီးတသန့်ခွဲနေသလိုဖြစ်တာကြောင့် ထောက်ခံမှု အထောက်အကူ မဖြစ်ခဲ့ပါဘူး။ တရုတ်အနေနဲ့ အာဆီယံခေါင်းဆောင်တွေနဲ့ လူချင်းတွေ့ဖို့ အခွင့်အလမ်း အများကြီး ဆုံးရှုံးသွားရချိန်မှာ၊ အမေရိကန်ကတော့ အာဆီယံ ဒေသ တခုလုံးနဲ့ ပိုတွေ့ဆုံဆွေးနွေးရေးတွေ ပိုကြိုးစားလုပ်ဆောင်လာနိုင်ခဲ့ပါတယ်။ ”

ဒီနေရာမှာ တိုင်ဝမ်အရေး တရုတ်နဲ့အမေရိကန်တို့ တင်းမာမှု ပိုများလာပြီး စစ်ရေးအရပါ တင်းမာလာချိန်မှာ ကြားမိတ်ဖက်အဖြစ် ဥရောပနဲ့ ဂျပန်ကို အားကိုလာကြတာအပြင် ၊ အရင်တုန်းက အားကိုးနေကျ သြစတြေးလျအပြင် အိန္ဒိယ ဝင်လာတာကလည်း ဒီနှစ်အတွက် ထူးခြား တယ်လို့ Sharon ကရှင်းပြပါတယ်။

ဒါပေမဲ့ ဒီ စစ်တမ်းကို မြန်မာနိုင်ငံကနေ ဖြေဆိုသူတွေကတော့ ကြားမိတ်ဖက်ထဲက ဥရောပထက် ဂျပန်အပေါ် ပိုအားကိုးချင်တာ တွေ့ရကြောင်း Sharon က ထောက်ပြပါတယ်။ ဘာ့ကြောင့် အခုလို ဖြစ်နိုင်သလဲဆိုတာကိုတော့ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ ညွှန်ကြားရေးမှူး ကိုလှဖုန်းမြင့်က -

“ မြေပြင်မှာ တကယ်လက်တွေ့ ပေါက်ရောက်မှုမှာ အမေရိကန်အတွက်ကျတော့ အကန့်အသတ်တွေ ရှိတယ်။ တရုတ်ရဲ့လုပ်ပုံကျတော့ မြန်မာပြည်မှတင် မဟုတ်ပါဘူး။ အရှေ့တောင်အာရှတခွင် နိုင်ငံတွေအကုန်လုံးမှာ ပြည်သူတွေအပေါ်ကို ထည့်သွင်းစဉ်းစားလေ့ မရှိပါဘူး။ သူတို့ အကျိုးအမြတ်တခုထဲကြည့်တဲ့ လုပ်ငန်းစဉ်တွေဆိုရင် သီရိလင်္ကာနိုင်ငံမျိုးမှာ အကြွေးထောင်ချောက်ကြုံနေရတဲ့ ဖြစ်စဉ်ကိုတွေ့ရတယ်။ ဒါမျိုးတွေကို တွေ့လာရတာနဲ့အမျှ ပြည်သူတွေရော အစိုးရတွေဖက်ကပါ တရုတ်နဲ့ ထဲထဲဝင်ဝင် ဆက်ဆံဖို့အတွက် တွန့်ဆုတ်လာတာ တွေ့ရတယ်။ မဆက်ဆံလို့ကလည်း မရဘူး။ ငွေပမာဏက များတာကိုး။ အထူးသဖြင့် လမ်းပန်းတံတား ဆက်သွယ်ရေးမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုက အရမ်းများတော့ ဒါကို ပြန်မျှပေးဖို့အတွက်.. အမေရိကန်ကတော့ အထူးသဖြင့် ဒီမိုကရေစီအရေးနဲ့ နိုင်ငံတကာ ဇာတ်ခုံမှာ ဦးဆောင်နေတဲ့အတွက် လုပ်နိုင်တဲ့အတိုင်းအတာ နဲနဲရှိတယ်။ ဂျပန်က လုပ်နိုင်တယ်၊ လုပ်လည်းလုပ်ခဲ့တယ် JICA လိုမျိုး အဖွဲ့စည်းတွေကတဆင့်ပေါ့။ နောက်ပြီး ပြည်တွင်းနိုင်ငံရေး ဇာတ်ခုံမှာ နောက်ဆုံး စစ်ကောင်စီရဲ့ အကြီးပိုင်းတွေအထိကို တိုက်ရိုက် ပေါက်ရောက်မှုရှိတာ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တိုက်ရိုက်ပေါက်ရောက်မှု ရှိတာတွေ တွေ့ရတယ်။ ဒီ နိုင်ငံခြားရေးမူဝါဒ ဖက်ကပဲ ကြည့်ကြည့်၊ စီးပွားရေးဖက်ကပဲ ကြည့်ကြည့် ဂျပန်ရဲ့အခန်းကဏ္ဍက ပိုပြီးတော့ အရေးပါနိုင်တယ်။ တရုတ်နဲ့ယှဉ်ရင် ပြည်သူဖက်က ဂျပန်ကို ပိုပြီးလက်ခံနိုင်တယ်။ ”

ဒီနှစ် ISEAS စစ်တမ်းရဲ့အရေးပါတဲ့ တွေ့ရှိချက်တခုက အာဆီယံဟာ နှေးကွေးပြီး မထိရောက်တဲ့အဖွဲ့ ဖြစ်လာတယ်လို့ ဖြေဆိုသူ ၈၂% ကျော်က ဆိုပါတယ်။ ဒါပေမဲ့ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက်(၅)ရပ် ခုချိန်ထိ အကောင်အထည် ပေါ်မလာသေးတဲ့ အပေါ်မှာတော့ လက်ရှိနိုင်ငံတကာ ကြိုးပမ်းမှုနဲ့ မလုံလောက်သေးတာကြောင့် ၊ အာဆီယံဖက်ကလည်း NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တွေ့ဆုံတာအပါအဝင် လမ်းကြောင်းအသစ်နဲ့ လုပ်ဖို့လိုကြောင်း ဒီစစ်တမ်းအသစ်မှာ ဖေါ်ပြထားပုံကို Sharon Seah ပြောတာက-

“ ဒီဒေသထဲ အများ လိုလားနေတာကတော့ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့တွေအားလုံးနဲ့ လွတ်လွတ်လပ်လပ် တွေ့ဆုံမှုတွေလုပ်ဖို့ပါ။ ဒီအထဲ NUG လည်း ပါပါတယ်။ နိုင်ငံတကာက တညီတညွတ်ထဲ တုံ့ပြန်မှုပြအောင် ကြိုးစားနေတာထက် ပိုအလုပ်ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာ့အရေးကို ကုလအထွေထွေညီလာခံနဲ့ ကုလ လုံခြုံရေးကောင်စီတွေမှာ ဆွေးနွေးခဲ့တာတွေရှိခဲ့ပေမဲ့ တကယ်တမ်း အပြုသဘော အတိအကျ ဖြစ်မလာခဲ့ပါဘူး။ ပြီးခဲ့တဲ့ ဒီဇင်ဘာလကပဲ၊ ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နဲ့ အကြမ်းဖက်မှု လျော့ချနိုင်ဖို့ ကြိုးပမ်းခဲ့တယ်၊ အခုထိတော့ ဒီထုတ်ပြန်ချက်မျိုးက အာဆီယံကြိုးပမ်းမှုကို ထောက်ခံပေးတာနဲ့ ဦးဆောင်မှုယူပေးဖို့ လမ်းပြတာတော့ရှိတယ်။ အဲ့ဒီတော့ နိုင်ငံအများ ခံစားလာရတာက နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့တင် မရတော့ဘူး။ ပြည်တွင်းက အဖွဲ့တွေအားလုံးနဲ့ ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်ပြီးတော့ပါ ကြိုးစားသင့်ပြီလို့ ဖြစ်လာတယ်လေ။ ဒီအထဲ NUG တင် မကပါဘူး၊ နိုင်ငံထဲ တခြားအဖွဲ့တွေ အများကြီး ပါပါတယ်၊ တိုင်းရင်းသားလက်နက်ကိုင် EAOs တွေနဲ့ PDF ၊ နောက် CRPH လွှတ်တော်ကိုယ်စားပြုကော်မတီတို့လည်း အပါအဝင်ပါ။ ”

တကယ်တော့ မြန်မာ့အရေး အင်ဒိုနီးရှားနိုင်ငံက ဥက္ကဌသစ်အဖြစ် ကြိုးပမ်းလာချိန်မှာ ထိုင်းနိုင်ငံအနေနဲ့လည်း ပိုလုပ်ပေးဖို့ မလေးရှားဖက်က တောင်းဆိုလာတာကလည်း ထူးခြားတယ်လို့ အာဆီယံကျွမ်းကျင်သူတွေက ဆိုပါတယ်။

XS
SM
MD
LG