သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဇီကြီးဖြစ်စဥ်နောက်ပိုင်း ကန့်ဘလူနယ်တခုလုံး နယ်မြေရှင်းလင်းရေးပြုလုပ်ခံခဲ့ရ


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရအပြီးမြင်ကွင်း (ဧပြီ ၁၁၊ ၂၀၂၃)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရအပြီးမြင်ကွင်း (ဧပြီ ၁၁၊ ၂၀၂၃)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှာ လူ ရာနဲ့ချီသေဆုံးစေတဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးတဲ့နောက် စစ်ကြောင်း ၄ ကြောင်းနဲ့ ကန့်ဘလူနယ်တခုလုံးကို နယ်မြေရှင်းလင်းရေးလုပ်ပြီး စစ်ကောင်စီတပ်တွေက ကျေးရွာတွေကို မီးရှို့တာတွေ ရှိခဲ့ပါတယ်။ ဧပြီလ ၁၉ ရက်နေ့ နောက်ပိုင်းကစပြီး စစ်ကောင်စီတပ်တွေက စစ်ကြောင်း ၄ ကြောင်းနဲ့ နယ်မြေရှင်လင်းရေးလုပ်ပြီး အနည်းဆုံး ၆ ရွာလောက် မီးရှို့ခဲ့ပြီး ဖမ်းဆီးခံရသူနဲ့ သေဆုံးသူတွေလည်း ရှိခဲ့တယ်လို့ ကန့်ဘလူမြို့နယ် တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဦးနေဇင်လတ်က ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မအိသန့်စင်က ပြောပြပါမယ်။

ကန့်ဘလူမြို့နယ်အတွင်းက ပဇီကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် လူ ၁၇၀ ကျော် သေဆုံးစေခဲ့ပြီးတဲ့နောက် ဧပြီ ၁၉ ရက်နေ့ကစပြီး စစ်တပ်က စစ်ကြောင်း ၄ ကြောင်းနဲ့ ကန့်ဘလူမြို့နယ် တစ်ခုလုံးကို စစ်ကြောင်းထိုး နယ်မြေရှင်းလင်းရေး လုပ်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီလို နယ်မြေရှင်းလင်းခဲ့တဲ့ အခြေအနေတွေကို ကန့်ဘလူမြို့နယ် တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဦးနေဇင်လတ်က အခုလို ပြောပြပါတယ်။

“စစ်ကြောင်းထိုးတာတွေကတော့ များတယ်ဗျ။ ခမရ ၃၆၃ တို့ဆိုရင်လည်း ကိုးတောင်ဘို့မှာ အထိုင်ချပြီးတော့ ကိုးတောင်ဘို့ တိုက်နယ်ထဲကို ဝင်ထိုးတာတွေ ရှိတယ်။ နောက် ဒီကန့်ဘလူ၊ ကျွန်းလှတို့ ဖက်ကနေ နေပြီးတော့မှ ရှမ်းကုန်းတို့ အင်းမတို့ဖက်ကို ထိုးနေတာတွေလည်း ရှိတယ်ပေါ့နော်။ ပဇီကြီးဖြစ်စဥ် ဖြစ်ပြီးတဲ့ နောက်ပိုင်း ဧပြီလ ၁၉ ရက်နေ့ ကနေစပြီးတော့မှ တပ်မ ၈၈ လက်အောက်ခံတွေဖြစ်တဲ့ ဒီ ၃၁၇ ရယ်၊ ခမရ ၇၈ ရယ်က ဒီ ပဇီကြီး၊ လေးတွင်းစဥ်၊ ထန်းတော၊ ချောင်းသာ၊ ချောင်းရှည်၊ မြေမွန်၊ စကျင်၊ တရောကိုင်း. စသဖြင့်ပေါ့နော် အဲ့ဒီဖက်မှာ ပတ်ထိုးသွားတာရှိတယ်။ ၁၀ ရက်လောက်ကြာတယ်ပေါ့နော်။ နောက်တခုက ခမရ ၃၆၁ ကနေ ၆၀၀၆၊ ၁/၅ တပ်ရင်းကနေ ထွက်လာပြီးတော့မှ ဗျူဟာလမ်းကြောတစ်လျှောက်ပေါ့နော် စမ္ပာယ်နဂိုရ်ကနေ စပြီးတော့မှ ရရှင်ကြီး၊ ငှက်ပျောတိုင်း စသဖြင့် ထိုးသွားတာလည်း ရှိတယ်ဗျ။ နောက် ခမရ ၃၆၈ ကနေပြီးတော့မှ သင်ပေါင်းကျင်း၊ ငါးရနဲ၊ သရက်ခေါင်း၊ ဒီ မီးရထား သံလမ်း ဝဲယာ မန္တလေး-မြစ်ကြီးနား မီးရထားသံလမ်း လမ်းပိုင်း ကန့်ဘလူမြို့နယ်ထဲက ရွာတွေကို ထိုးသွားတာလည်းရှိတာပေါ့။”

ဒီနယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေက မီးရှို့ခဲ့တဲ့ ရွာတွေလည်း ရှိပြီးတော့ ဧပြီလအတွင်းမှာ ကန့်ဘလူမြို့နယ်ထဲက ကျေးရွာ အနည်းဆုံး ၆ ရွာလောက်ကို မီးရှို့ခဲ့ပြီး နေအိမ် ၂၀၀ ကျော် ဆုံးရှံးခဲ့ရတယ်လို့ ဦးနေဇင်လတ်က ပြောပါတယ်။ နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေက ဒေသခံတွေကို ဖမ်းဆီးခေါ်သွားတွေရှိပြီး တချို့ကို ပြန်လွတ်ပေမယ့် ပြန်လွတ်မလာသေးသူတွေလည်း ရှိတယ်လို့ ပြောပါတယ်။

“မီးရှို့ခံရတဲ့ ရွာတွေကတော့ များတယ်။ လေးတွင်းစဥ်ရွာ မီးရှို့ခံရတယ်။ ချောင်းသာရွာမီးရှို့ခံရတယ်။ ပဇီကြီးရွာကို လေယာဥ်နဲ့ ပစ်ပြီးတော့မှ စစ်ကြောင်းဝင်ပြီး မီးထပ်ရှို့သွားတာရှိတယ်။ နောက်ပြီးတော့ မြေမွန် မီးရှို့ခံရတာရှိတယ်။ သရက်ခေါင်း မီးရှို့ခံရတာရှိတယ်။ နောက်တစ်ခုက ဒီငါးရနဲ ကျေးရွာ မီးရှို့ခံရတာရှိတယ်ဗျ။ ၆ ရွာထက် ပိုနိုင်ပါတယ်။ စုစုပေါင်းပေါ့ ဒီဧပြီလပေါ့ စုစုပေါင်း (အိမ်အလုံးရေ) ၂၀၀ ဝန်းကျင် မီးရှို့ခံရပါတယ်။ ဖမ်းဆီးခံရတာတွေကတော့ များတယ်ပေါ့နော်။ ပြန်ပြီးတော့ လွတ်လာတာတွေလည်းရှိတယ်။ တချို့ သတင်းအစအန မရတာတွေလည်း ရှိတာပေါ့။ သတင်းအစအန မရတာတွေကတော့ အသတ်ခံရဖို့ များတာပေါ့နော်၊ စိစစ်နေကြတုန်းပါ။”

ကန့်ဘလူမြို့နယ်အတွင်းမှာ အမြဲတမ်း စစ်ဘေးရှောင်နေရတဲ့ စစ်ရှောင်အရေအတွက်က စစ်အာဏာသိမ်းပြီးကတည်းကနေ အခု ဧပြီလကုန်အထိဆိုရင် ၄၀,၀၀၀ ကျော်လောက်ရှိတယ်လို့ ဦးနေဇင်လတ်က ပြောပါတယ်။ စစ်ရှောင်တွေဟာ လက်ရှိနွေရာသီမှာ ရေရှားပါမှု ပြဿနာကြုံနေကြရပြီး စားသောက်ရေးအတွက် ရိက္ခာတွေလည်း လိုအပ်နေသလို အမျိုးသမီးလစဥ်သုံးပစ္စည်းတွေနဲ့ ဆေးဝါးတွေလည်း အရေးပေါ်လိုအပ်နေတဲ့ အခြေအနေ ဖြစ်တယ်လို့ ပြောပါတယ်။

“စစ်ရှောင်နေရတဲ့ ရွာတွေက များတယ်။ အရင်ကတည်းက ရှောင်နေရတဲ့သူတွေလည်း ရှိတာပေါ့။ တော်တော်လေး အရေအတွက်များတဲ့ အနေအထားမှာရှိတယ်။ ခန့်မှန်းခြေအားဖြင့် ဒီဧပြီလကုန်ထိဆိုရင် ၄၀,၀၀၀ ကျော်လောက်ထိတော့ ရှိနေလောက်ပြီလို့ ကျွန်တော်တို့ ခန့်မှန်းထားတယ်။ အရင်တုန်းက ရှောင်နေကြရတာတွေပါ စုစုပေါင်းပေါ့နော်။ အစားအသောက်ကတော့ စားရတယ်ဆိုရုံပေါ့။ မသေထမင်း၊ မသေဟင်းပါဘဲ။ ဘာဖြစ်လို့လဲဆိုတော့ ရာသီဥတု ပူပြင်းတဲ့ အချိန်မှာ သောက်သုံးရေကလည်း ခက်၊ နောက်တခါ လွတ်ရာကျွတ်ရာ ပြေးရတဲ့ခါကျတော့ ရွာတွေကလည်းဘာမှ သယ်မလာနိုင်ဆိုတော့ ကူညီတဲ့ အဖွဲ့တွေရှိတော့ ကူညီတာလေးတွေနဲ့ပဲ ပေးတာ ကျွေးတာလေးတွေနဲ့ ဒီလိုပဲအဆင်ပြေသလို ကြံဖန်ပြီးတော့ လုပ်နေကြရတဲ့ အနေအထားရှိပါတယ်။ အရေးပေါ်လိုအပ်တာကတော့ ဆေးဝါးပေါ့။ သောက်သုံးရေတွေလည်း အရေးပေါ်လိုအပ်တာပေါ့။ နောက်တခုက စားနပ်ရိက္ခာပေါ့၊ ဒါတွေကတော့ အရေးပေါ်လိုအပ်နေတယ်။ ရေရှည်မယ်ဆိုရင်တော့ ဒါထက် ပိုလိုအပ်နိုင်တာပေါ့နော်။ အဝတ်အထည်ကအစ၊ နောက်တခါ အမိုးအကာ။ ဒီလိုနေကြရတော့ ရေရှည်မှာဆိုရင်တော့ လိုအပ်ချက် အများကြီး ရှိတာပေါ့။ အမျိုးသမီး စစ်ဘေးရှောင်တွေဆိုရင်လည်း အမျိုးသမီး လစဥ်သုံးပစ္စည်းကအစ ရေရှည်မှာ ခက်လာမယ့် ကိစ္စတွေပေါ့်နော်။ အဲ့လိုမျိုးတွေကတော့ အများကြီးရှိပါတယ်။”

ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို ဧပြီ ၁၁ ရက်နေ့က စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် လူ ၁၇၀ ကျော် သေဆုံးခဲ့ပြီး ဧပြီ ၁၉ ရက်နေ့ကစပြီး ပဇီကြီးကျေးရွာအပါအဝင် ကန့်ဘလူမြို့နယ်ထဲက ရွာတွေကို နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေဝင်ပြီး နေအိမ်တွေကို မီးရှို့တာ၊ ဒေသခံတွေကို ဖမ်းဆီးတာတွေ လုပ်ခဲ့ကြတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်၊ တိုက်ပွဲတွေနဲ့ လေကြောင်းက ပစ်ခတ်တိုကခိုက်မှုတွေကြောင့် စစ်ကိုင်းအတွင်းမှာ သေဆုံးသူတွေနဲ့ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင် အရေအတွက်ဟာ တနေ့ထက်တနေ့ ပိုပြီး တိုးလာနေပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသမှာရှိတဲ့ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတယ် ဆိုပြီးတော့လည်း မြန်မာစစ်တပ်က စွပ်စွဲထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG