သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗာဂျီးနီးယားမှာ ရွှေလုပ်ငန်း တခေတ် ဆန်းလာမလား


Thumbnail - Virginia Gold Mine
Thumbnail - Virginia Gold Mine

ဗာဂျီးနီးယားမှာ ရွှေလုပ်ငန်း တခေတ် ဆန်းလာမလား

အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန်ဒီစီနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဗာဂျီးနီးယားဓနသဟာယပြည်နယ် ဟာ တချိန်က အမေရိကန်ရဲ့ အကြီးဆုံးရွှေ ထွက်တဲ့ ဒေသတခုပါ။ ရွေရှာ၊ ရွှေတူးသူတွေဟာ အမေရိကန်ရဲ့ အနောက်ဘက် ဒေသတွေဆီ ပြောင်းရွှေ့ခဲ့ကြလို့ ရွှေလုပ်ငန်းက အဲဒီမှာ တိမ်ကောခဲ့ပါတယ်။ ဒါပေမယ့် အခု အခါမှာတော့ တိုးတက်လာတဲ့ နည်းပညာ အပြင် ရွှေဈေးတွေ တက်လာတာကြောင့် အဲဒီမှာ မကြာခင် ရွှေတူးလုပ်ငန်း တခေတ် ပြန် ဆန်းသစ်လာဖို့ ရှိနေပါတယ်။

VOA ရဲ့ နိုင်ငံလုံးဆိုင်ရာ သတင်းထောက်ချုပ် စတိဗ်ဟာမန်း က ဗာဂျီးနီးယားကို ကိုယ်တိုင်သွား သတင်းရယူထားတာကို ကိုငြိမ်းချမ်းအေးက ပြန်လည် တင်ပြပါမယ်။


လိတ်အန်နာ (Lake Anna) ပြည်နယ် ပန်းဥယျာဉ် နေရာက အမေရိကန်နိုင်ငံ တဝန်းမှာ တွေ့ရလေ့ရှိတဲ့ ရိုးရိုး သာမန်ပြည်နယ်ပန်းခြံမဟုတ်ပါဘူး။ တချိန်က ဒီနေရာဟာ "ရွှေတောင်" လို့ လူသိများခဲ့ပါတယ်။

ဒီ သဘာဝပန်းခြံမှာ တောအုပ်လုပ်နေတဲ့ လောရီရှူလာ (Lauri Schular) တယောက်ကတော့ ဧည့်သည်တွေကို ရွှေရှာလို့ရတဲ့ လျှို့ဝှက်နေရာ ရေအိုင်စပ်စပ်ကို ‌ခေါ်သွားပြီး ရွှေကျင်တာကို လက်တွေ့ ပြပါတယ်။

"ဒီလို လှုပ်ခါ ပြီး ရွှေကို ကျင်ယူလိုက်ရင် လေးလံတဲ့ ရွှေတုံး ရွှေစလေးက အောက်ခြေမှာ အနည်ည်ထိုင်သွားပါမယ်။"

ကံကောင်းထောက်မလို့ ဒီလို ရွှေအမှုန်အမွှားလေးတွေကို ကျင်ယူနိုင်ခဲ့သူတွေဟာ လက်ဗလာနဲ့ အိမ်ပြန်ရမှာပါ။ ဒီမှာ ရှာဖွေတွေ့သမျှအားလုံးကို ဒီမှာပဲ ထားခဲ့ရမယ်လို့ စည်းကမ်းသတ်မှတ်ထားလို့ပါ။

ဒါပေမယ့် အပျော်တမ်း ရွှေကျင် ရွှေတူးကြမယ့်သူတွေ အတွက် နှစ်သိမ့်ဆုတော့ရှိပါတယ်။ ရွှေရဲ့ အကျိုးကျေးဇူးတွေ အကြောင်း အခမဲ့သင်ခန်းစာတွေ နားထောင်ရပါမယ်။ ရွှေဆိုတာမျိုးက ယုံကြည်စိတ်ချရပြီး အောက်စီဂျင်နဲ့ဓါတ်ပြုခြင်း မရှိတဲ့ လျှပ်ကူး သတ္တုပစ္စည်း တမျိုးပါ။

ဒါပေမယ့် ဒီလို တနိုင်တပိုင် ကျင်ယူတဲ့ ရွှေစလေးတွေနဲ့တော့ သူဌေးမဖြစ်ဘူး လို့ တောအုပ် လောရီရှူလာက အရွှန်းဖောက်ရင်းနဲ့ ရှင်းပြပါတယ်။

“ဒါက လျှပ်ကူး သတ္တုပစ္စည်း တမျိုးအနေနဲ့တော့ ကောင်းပါတယ်။ အိမ်ပြန်ပြီး ဒီ သတ္တုပစ္စည်း ‌ကျောက်တုံးတွေကို ခွဲမပစ်လိုက်နဲ့ဦးနော်။ ဒီလောက်နဲ့ ချမ်းသာ သွားမှာ မဟုတ်ဘူး။ ရွှေသားက အပေါ်ယံမှာ ပါးပါးလေး အလွှာတခု အနေနဲ့ ကပ်နေတာပါ။"

"အခုခေတ် ဗာဂျီးနီးယားမှာ သူဌေးဖြစ် ရွှေတူးချင်တယ်ဆိုရင်တော့ ရွှေကျင်ဒယ်အိုးကို ဘေးချထားပြီး ဈေးပိုကြီးတဲ့ စက်ပစ္စည်း ကိရိယာ အကြီးစားတွေ လိုပါတယ်။"

ပေါလ်ဘွတ်ရှ် (Paul Busch) က ၁၉၄၀ ခုနှစ်များနောက်ပိုင်း ဒီမှာ တဦးတည်းသော ပထမဆုံး လိုင်စင်ရ စီးပွားဖြစ်မိုင်းတွင်းတူးနေသူလို့ ဆိုရမှာပါ။ ဂုချ်လန်း (Goochland) ခရိုင်ထဲက ၁၉ ရာစု မိုင်းတွင်းလုပ်သားတွေရဲ့ စွန့်ပစ်မြေစာ အမှိုက်ပုံက သူ့အတွက် ဘဏ္ဍာတိုက်ကြီးပါပဲ။ ဒီအမှိုက်ပုံကို သူ့ရဲ့ စက်ကြီးတွေနဲ့ မွှေနှောက် ရှာဖွေရင် တမိနစ် အတွင်းမှာ ဒေါ်လာ ၈၀၀ လောက် အထိ တန် ကြေးရှိတဲ့ ရွှေတွေ ထုတ်ယူနိုင်တယ်လို့ ဆိုပါတယ်။

နောက်ထပ် မေးရမယ့် မေးခွန်းကတော့ ရွှေတွေ မြေကြီး အောက်မှာ ရှိနေတုန်းပဲလား ဆိုတာပါ။

ဘူမိဗေဒပညာရှင် သောမတ်စ်အိုးလ်ရစ်ချ် (Thomas Ullrich) က ဘာကင်ဟမ် ခရိုင်ထဲမှာ သူ တူးဖော် လေ့လာနေတဲ့ ကျောက်တုံးတွေမှာ ရွှေအမှုန်အမွှားလေးတွေ ဟိုနေရာ၊ ဒီနေရာကပ်နေတာကို တွေ့နိုင်တယ်ဆိုပြီး ပြပါတယ်။

"ဒါက ကွပ်ဇ် လို့ သတ္တုဓာတ်တမျိုး ပုံဆောင်ခဲရဲ့ ပင်မ ကျောက်သားကြီးပါ။ ခန့်မှန်းခြေ ၆ ပေခွဲလောက် ကျယ်ပါမယ်။ အကျယ်ကလည်း ဒီမှာ နေရာ ရှိသလောက် သွားပြီး ဟိုဘက်ကို ဆက်သွားပါတယ်။ အဲဒီဘက်မှာ မြေပေါ်ကို ကျောက်သား ထိုးထွက် ပြန့်နေတာ တွေ့ရမှာပါ။"

ဒီ (၂) တန်လောက် အလေးချိန်ရှိတဲ့ ကျောက်တုံးကနေ ရွှေ (၂) အောင်စနီးပါး လောက် ထွက်ပါတယ်။ လက်ရှိပေါက်ဈေးနဲ့ ဆိုရင် ဒေါ်လာ လေးထောင် နီးပါးအထိ ရှိပါမယ်။ ဒါပေမယ့် ဒီကျောက်တုံးကြီးကနေ တကယ် ‌ရွှေတူးထုတ်ရင် အမျိုးအမည် မယ်မယ်ရရ တပ်လို့ မရသေးတဲ့ ကုန်ကျစရိတ်တွေက ရှိဦးမှာပါ။

“အောင်စ အထက် အဆင့်ရှိတဲ့ ရွှေကြောကြီးဆိုရင် ဒါတွေက ဒေါ်လာ သန်းဆယ်ဂဏန်းကနေ ရာနဲ့ချီတဲ့ တန်ဖိုးရှိနိုင်ပါတယ်။ ဒီဘာကင်ဟမ် ခရိုင်ထဲက ရွှေကြောတွေ အကြောင်းက ဒီလိုမျိုးပြောဖို့က စောလွန်းသေးပေမယ့် အခုအချိန်အထိ ကျွန်တော်တို့ မြင်နေရတာတွေက အရမ်းအားရ စရာ ကောင်းပါတယ်။"

ဝါဝါမြင်တိုင်း ရွှေအစစ် မဟုတ် ဆိုကြသလိုပါပဲ။ တောက်တောက်ပပ သတ္တုတွေ့တိုင်း ရွှေလို့ ပြောလို့မရလို့ ဒါကို တကယ် အကျိုးအမြတ် အများကြီးကျန်မယ့် ရွှေမိုင်းတွင်း လုပ်ငန်းကြီး ဖြစ်ဖို့က အောင်မြင်မယ့် ရာခိုင်နှုန်း နည်းနေပါသေးတယ် ဆိုတာကိုတော့ အိုးလ်ရစ်ချ်က ဝန်ခံပါတယ်။

ဒါပေမယ့် ရွှေရှာဖို့ စိတ်ကူးယဉ်၊ ရွှေပိုးကိုက်ခံရတဲ့သူတွေကတော့ စက်မှုခေတ်က ဘဏ်နဲ့ ငွေကြေးလုပ်ငန်းရှင် ဂျေ ပီ မော်ဂန် ရဲ့ နာမည်ကြီးစကား “ရွှေကမှ တကယ့် ငွေပါ။ ကျန်တာအားလုံးက ငွေ အဖြစ် သတ်မှတ်ထားတဲ့ ခရက်ဒစ် သတ်မှတ်ချက်တွေပါ” ကို ကိုးကား ပြောပြီး ရွှေ မှ ရွှေ ဖြစ်နေကြပါဦးမယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG