သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ် ပင်လယ်တွင်း တရုတ်နဲ့ဗီယက်နမ် ဆက်ဆံရေးတင်းမာ


VIETNAM-CHINA/TENSION
VIETNAM-CHINA/TENSION

တောင်တရုတ် ပင်လယ်တွင်း တရုတ်နဲ့ဗီယက်နမ် ဆက်ဆံရေးတင်းမာ

တောင်တရုတ် ပင်လယ်ထဲက ဗီယက်နမ်နိုင်ငံရဲ့ သီးသန့် စီးပွားရေးဇုန် ရေပိုင်နက်အတွင်း တရုတ်နိုင်ငံဘက်က သင်္ဘောတွေ လှုပ်ရှား သွားလာတာတွေ များလာပြီး ဗီယက်နမ်ရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေကို နှောင့်ယှက်တာတွေ ပိုများလာနေလို့ တရုတ်နဲ့ ဗီယက်နမ် နှစ်နိုင်ငံဆက်ဆံရေး ပိုပြီး တင်းမာလာနေပါတယ်။

တရုတ်ကမ်းခြေစောင့်တပ်၊ သုတေသန သင်္ဘောတွေနဲ့ အရပ်ဘက်သင်္ဘောတွေဟာ မေလ အစောပိုင်းကတည်းက စပြီး ဗီယက်နမ် ကမ်းရိုးတန်းကနေ ရေမိုင် ၂၀၀ အကွာအထိ ဝင်ထွက် သွားလာနေကြတာပါ။

ပြီးခဲ့တဲ့ တလကျော်ကြာ အတွင်းမှာ အဲဒီလို ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ရေပြင်တဝိုက် တရုတ်သင်္ဘောတွေ ဝင်ထွက်တဲ့ အကြိမ်အရေအတွက်က ပိုများလာသလို လှုပ်ရှားသွားလာတဲ့ အချိန်ကလည်း ပိုကြာလာနေလို့ ဒါဟာ တောင်တရုတ် ပင်လယ်ထဲက သယံဇာတ ပေါကြွယ်ဝတဲ့ အဲဒီရေပြင် ပိုင်ဆိုင်မှုအပေါ် တရုတ်ဘက်က ပိုပြီး ဖိအားပေးလာနေတာလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

နိုင်ငံတွေအနေနဲ့ တခြားနိုင်ငံရဲ့ သီးသန့် စီးပွားဇုန် ရေပိုင်နက်အတွင်း သွားလာခွင့်ရှိပေမယ့် သုတေသနလုပ်ငန်းတွေကို ခွင့်ပြုချက်မရှိဘဲ ကြိုတင်အသိမပေးဘဲ လုပ်ဆောင်ရင် ရန်လိုတဲ့ အပြုအမူလို့ သတ်မှတ်ထားတာပါ။

မေလ ၇ ရက်ကနေ ဇွန်လ ၄ ရက်အထိ တရုတ်သုတေသန သင်္ဘောတစင်းဟာ ဘေးကနေ သင်္ဘော ၁၂ စင်း လောက် ခြံရံပြီး ဗီယက်နမ် စီးပွားနယ်နမိတ် ရေပြင်ထဲက ရုရှားနဲ့ ဗီယက်နမ်ကုမ္ပဏီပိုင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေ အနီးမှာ လေ့လာစူးစမ်းတာတွေ လုပ်ခဲ့တာပါ။ စတန်းဖို့ဒ်တက္ကသိုလ်က တောင်တရုတ်ပင်လယ်ဆိုင်ရာ လေ့လာရေး စီမံကိန်းတခုကို ဦးဆောင်သူ Ray Powell ကတော့ တရုတ်နိုင်ငံရဲ့ ကျူးကျော်ဝင်ရောက်မှုဟာ အမြဲလိုလို ဖြစ်လာနေတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

ဇွန်လ ၁၀ ရက်တုန်းကလည်း တရုတ်ကင်းလှည့်သင်္ဘော တစင်းနဲ့ ခရီးသည်တင် ဇိမ်ခံသင်္ဘောတစင်းဟာ ဗီယက်နမ်ရဲ့ သီးသန့်စီးပွားရေးဇုန် ရေပိုင်နက် Vanguard ကမ်းရိုးတန်းအနီးက ရေနံနဲ့သဘာဝဓာတ်ငွေ့ လုပ်ကွက်တွေ အနား အထိ ရောက်လာပြီး နှစ်နိုင်ငံကြားက ဗီယက်နမ် ကင်းစခန်းအနီးမှာ ဖြတ်သန်း ခုတ်မောင်းခဲ့ပါသေးတယ်။

ကမ္ဘာ့အကြီးဆုံး ကမ်းရိုးတန်းစောင့်သင်္ဘောဖြစ်တဲ့ တရုတ်ကမ်းခြေစောင့်သင်္ဘော နံပတ် ၅၉၀၁ ဟာလည်း Vanguard ကမ်းရိုးတန်းအနီးမှာ ဇွန်လ ၈ ရက်က လှုပ်ရှားခဲ့ပါတယ်။ ဒါ့အပြင် တရုတ် ကမ်းရိုးတန်းစောင့်သင်္ဘော အမှတ် ၅၄၀၃ ဟာလည်း ဗီယက်နမ်နိုင်ငံရဲ့ သီးသန့် စီးပွားရေးဇုန် ပိုင်နက်ထဲမှာ မေလ ၂၃ ရက်ကနေ ဇွန်လ ၄ ရက်အထိ လှုပ်ရှားသွားလာခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်ဘက်က "၉-ဒက်ရှ်မျဉ်း" လိုင်းလို့ ခေါ်တဲ့ သတ်မှတ်ချက်နဲ့ အငြင်းပွားနေတဲ့ အဲဒီ ရေပြင်တဝိုက် အလုံးစုံ ပိုင်ဆိုင်ခွင့်ကို တောင်းဆိုထားပြီး ဒါကို ဗီယက်နမ်ဘက်က လက်မခံပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG