သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလဦးဆောင်တဲ့ နိုင်ငံတကာသံအဖွဲ့ Jenin ဒုက္ခသည်စခန်းစစ်ဆေး


A Palestinian woman walks on a damaged road in the Jenin refugee camp in the West Bank, July 5, 2023, after the Israeli army withdrew its forces from the militant stronghold.
A Palestinian woman walks on a damaged road in the Jenin refugee camp in the West Bank, July 5, 2023, after the Israeli army withdrew its forces from the militant stronghold.

ကုလသမဂ္ဂ ဦးဆောင်တဲ့ ၂၅ နိုင်ငံပါ သံတမန်အဖွဲ့ဟာ ဂျော်ဒန်မြစ်အနောက်ကမ်းက Jenin ပါလက်စတိုင်းဒုက္ခသည်စခန်းကို စနေနေ့က ရောက်ရှိလာပါတယ်။ အဲဒီစခန်းကို ဆယ်စုနှစ် နှစ်ခုအတွင်း အစ္စရေးရဲ့အကြီးများဆုံး စစ်ဆင်ရေး ပြုလုပ်ခဲ့တဲ့နောက် စခန်းအတွင်း ထိခိုက်ပျက်စီးမှုတွေကို လေ့လာဆန်းစစ်ဖို့ ရောက်လာတဲ့ နိုင်ငံတကာသံအဖွဲ့ဖြစ်ပါတယ်။

အနောက်ဖက်ကမ်းနဲ့ ဂါဇာဒေသဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စားလှယ် Sven Burgsdorff နဲ့အတူ အခြား သံတမန် ၃၀ လောက်ဟာ စခန်းတဝိုက်လှည့်လည်ကြည့်ရှုပြီး ဒေသခံတွေနဲ့ရော သတင်းမီဒီယာတွေနဲ့ပါ စကားပြောပါတယ်။

ကြီးမားတဲ့စစ်ဆင်ရေးကြောင့် ဘယ်လို ထိခိုက်သက်ရောက်မှုရှိလဲဆိုတာ ဒေသခံလူထုစကားကို နားထောင်ပြီး ဘာတွေဖြစ်ခဲ့လဲဆိုတာ ဌာနချုပ်ကို အစီရင်ခံသွားမှာဖြစ်တယ်လို့ Burgsdorff က ပြောပါတယ်။ တည်ငြိမ်အေးချမ်းမှုပြန်ရစေဖို့နဲ့ လိုအပ်ချက်ရှိသူတွေကို ဝန်ဆောင်ကူညီမှုပေးသွားနိုင်ဖို့ အပျက်အစီးတွေကိုကြည့်ပြီး အစီရင်ခံမယ်လို့လည်းပြောပါတယ်။

Jenin ဒုက္ခသည်စခန်းကို အစ္စရေးလေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ဆင်မှုတွေအပေါ် ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres က ကြာသာပတေးနေ့က ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ ဒီစစ်ဆင်ရေးကြောင့် အရပ်သား ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ်တွေ ကျောင်းတွေ ဆေးရုံတွေ ပျက်စီးခဲ့တယ်လို့ ကုလအတွင်းရေးမှုးချုပ်က ပြောပါတယ်။ ရေနဲ့ လျှပ်စစ်ပေးဝေမှုစနစ်တွေလည်း ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အစ္စရေးရဲ့နှစ်ရက်ကြာ စစ်ဆင်ရေးအတွင်း စခန်းအတွင်းက ပါလက်စတိုင်းစစ်သွေးကြွတွေကို နှိမ်နင်းဖို့ရည်ရွယ်တာလို့ ဆိုပေမယ့်၊ လူထောင်နဲ့ချီ အိုးအိမ်တွေက ထွက်ပြေးခဲ့ရသလို ပါလက်စတိုင်း ၁၂ ဦီးသေဆုံးခဲ့ပါတယ်။ အစ္စရေးစစ်သားတဦးလည်း သေဆုံးခဲ့ပါတယ်။

အစ္စရေး-ပါလက်စတိုင်းပဋိပက္ခကို နိုင်ငံရေးအရဖြေရှင်းဖို့ ကုလအတွင်းရေးမှုးချုပ်က တိုက်တွန်းတောင်းဆိုပါတယ်။ အကြမ်းဖက်မှုသံသရာကို အဆုံးသတ်ဖို့လည်း သူက တိုက်တွန်းပါတယ်။

XS
SM
MD
LG