သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းက အထောက်အထားလက်မှတ် ထုတ်ပေးမည်


Work permit in Thailand (Screenshot Official Webpage)
Work permit in Thailand (Screenshot Official Webpage)


ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် တရားမဝင်ဖြစ်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ပတ်သက်လို့ အထောက်အထား လက်မှတ်လုပ်ပေးဖို့အတွက် ဇူလိုင်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး အမည်စာရင်း တင်ကြဖို့ ထိုင်းပြည်ထဲရေးဌာနက ဇူလိုင်လ ၁၄ ရက်နေ့က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံထဲမှာ တရားမဝင်ဖြစ်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်လို့ အထောက်အထားလက်မှတ်တွေ လုပ်ပေးဖို့ အမည်စာရင်း တင်သွင်းကြဖို့ ထိုင်းပြည်ထဲရေးဌာနက ဇူလိုင်လ ၁၄ ရက်နေ့မှာ သတင်း ထုတ်ပြန်ခဲ့တာပါ။ ဒီထဲမှာ အမည်စာရင်းတင်သွင်းရမယ့် အလုပ်သမားအုပ်စုတွေနဲ့ ပတ်သက်လို့ ၄ အုပ်စု ခွဲထားကြောင်း သက်တမ်းကုန်သူတွေ၊ ဗီဇာ ရက်ကျော်လွန်သူတွေ တရားမဝင် ရောက်လာသူတွေ အားလုံးတင်သွင်းနိုင်တယ်လို့ ကြေငြာထားကြောင်း ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က ရုံးတာဝန်ခံ ဦးမိုးကျော်က အခုလိုပြောပါတယ်။

" ၅-၇-၂၀၂၃ မတိုင်ခင်က တရားမဝင် ရောက်ရှိတဲ့သူတွေက Name List တင်ခွင့်ရှိတယ်။ ပထမအုပ်စုပေါ့။ နံပါတ် (၂)ကတော့ ဘိုင်ကျဲ့အော်(သူဌေးလွှဲပြောင်းစာရွက်) သေသွားတာကြောင့် ၅-၇-၂၀၂၃ မတိုင်မီ တရားမဝင် လုပ်သားအဖြစ် ရောက်ရှိသွားတဲ့ လုပ်သားတွေပါတယ်။ နောက် နံပါတ်(၃)ကတော့ ဗီဇာရက်ကျော်လွန်တာကြောင့် (Overstay) ဖြစ်သွားတဲ့ လုပ်သားတွေပါတယ်။ အဲဒါကလည်း ၅-၇-၂၀၂၃ မတိုင်မီ တရားမဝင်ဖြစ်သွားတဲ့ သူတွေပေါ့။ နောက် အုပ်စုကတော့ Work permit ဝါ့ပါမစ်နှင့် ဗီဇာသက်တမ်းတိုး မမီလိုက်တဲ့သူတွေပါတယ်။ အဲဒါကလည်း ၅-၇-၂၀၂၃ မတိုင်မီ တရားမဝင်အဖြစ် ရောက်ရှိသွားသော လုပ်သားတွေကို Name List တင်ပြီးဘတ် (အလုပ်လုပ်ဖို့ အထောက်အထားလက်မှတ်) ရိုက်ပေးမယ်ပေါ့နော်။ ထိုင်းနိုင်ငံက တရားဝင် ကြေငြာတာပေါ့နော်။ပြည်ထဲရေးဝန်ကြီးဌာနကနေ ၁၄ ရက်နေ့ ၇ လပိုင်းမှာ ထုတ်ပြန်ထားတာ ရှိပါတယ်။ "

နှစ်စဉ်နှစ်တိုင်း တရားမဝင် ခိုးဝင်မှုတွေနဲ့ သောင်းနဲ့ချီ ဖမ်းဆီးခံနေရတဲ့ မြန်မာအလုပ်သမားတွေအတွက်ကတော့သတင်းကောင်းဖြစ်ပြီး တရားဝင် အထောက်အထားတွေရှိအောင် လုပ်ပေးမယ်ဆိုတာ ကောင်းမွန်တဲ့ ထုတ်ပြန်ချက်ဖြစ်တယ်လို့လည်း ဦးမိုးကျော်က ပြောပါတယ်။

" အကြောင်းအမျိုးမျိုးနဲ့ တရားမဝင် လုပ်သားဖြစ်နေရတဲ့ သူတွေကတော့ နေ့စဉ်လည်း ဖမ်းဆီးခံနေရတာဆိုတော့ အခုလို တရားမဝင်ဖြစ်အောင် အလုပ်လုပ်ခွင့်ရအောင် နေထိုင်ခွင့်ရအောင် ဘတ်(လက်မှတ်)တွေ ရိုက်ပေးမယ်ဆိုတာကတော့ ကောင်းတယ်လို့ အကြမ်းဖျင်း ပြောလို့ ရပါတယ်။"

ဇူလိုင်လ ၃၁ ရက်နေ့အတွင်း နာမည်စာရင်း တင်သွင်းသူတွေသာ လူသစ်တွေအတွက် လုပ်ပေးမယ့် အလုပ်လုပ်ခွင့်အထောက်အထားလက်မှတ် ရိုက်ခွင့်ရမယ်လို့ သိရပါတယ်။

အလုပ်သမားတွေကို နာမည်စာရင်းသွင်းမယ့် အလုပ်ရှင်တွေအနေနဲ့ အွန်လိုင်းမှာ သာမက ဘန်ကောက်နယ်မြေ အလုပ်အကိုင်ရှာဖွေရေးရုံး ၁၀ ရုံးနဲ့ ခရိုင်အသီးသီးမှာရှိတဲ့ ခရိုင်အလုပ်အကိုင် ရှာဖွေရေးရုံးတွေမှာ လူကိုယ်တိုင်သွားရောက် တင်သွင်းနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ် ရှင်။

XS
SM
MD
LG