ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်နဲ့ ထိုင်းမြန်မာနယ်စပ် ကမ်ချနဘူရီပြည်နယ်တွေမှာ အထောက်အထားမဲ့ မြန်မာတွေသယ်လာတဲ့ယဉ်တွေတိမ်းမှောက်ပြီး ၅ ဦး ထက်မနည်းသေဆုံးခဲ့ပါတယ်။ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်ထဲမှာတော့ ဇွန်လ ၁ ရက်နေ့ မနက်အစောကြီးမှာပဲ အထောက်အထားမဲ့ မြန်မာတွေ သယ်ဆောင်လာတဲ့ ကားတစီးဟာ ရဲတွေနောက်က လိုက်ဖမ်းတုန်းမှာ အရှိန်မထိန်းနိုင်ပဲတိမ်းမှောက်ခဲ့တာကြောင့် ကားကမီးလောင်ပြီး ကားပေါ်မှာ ပါလာတဲ့မြန်မာ ၄ဦးသေဆုံးခဲ့တယ်လို့ အလုပ်သမားရေးလှုပ်ရှားသူ ဦးမိုးကြိုးကအခုလိုပြောပါတယ်။
"ဇွန်လ ၁ရက်နေ့မနက် တနာရီဝန်းကျင်လောက်မှာ ဒီဖြစ်စဉ်ဖြစ်ပွာခဲ့တယ် ဘန်ပအိင်မြို့နယ်၊ ချင်လာ့က်နွဲ့ကျေးရွာ စာသင်ကျောင်းအရှေ့မှာ မြန်မာအလုပ်သမားတွေကို သယ်ဆောင်လာတဲ့ပစ်ကပ်ကားတစီးက ကျောင်းလမ်းအကွေ့မှာ အရှိန်မထိမ်းပဲတိမ်းမှောက်မူ့ဖြစ်ခဲ့တယ် အဲဒီဖြစ်စဉ်မှာတရားမဝင် မြန်မာနိုင်ငံသား အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦး၊ ကျား/မ အတည်မပြုနိုင်သေးတဲ့သူ ၁ ဦး၊ အားလုံးစုစုပေါင်း ၄ ဦးသေဆုံးခဲ့ပြီး အခြား ၆ ဦးက ဒဏ်ရာတွေရခဲ့ပါတယ်"
ကားတိမ်းမှောက်ပြီးမီးလောင်နေချိန်မှာ တရားမဝင်မြန်မာတွေကို အနီးကကျေးရွာသားတွေက ကယ်ထုတ်ခဲ့ရတယ်လို့ဆိုပါတယ် ကားက မီးလောင်ပေါက်ကွဲတာကြောင့် တချို့လူတွေကို မကယ်ဆယ်နိုင်ခဲ့ဘူးလို့လည်း ရွာသားတွေကဆိုပါတယ် ။
မေလ ၃၁ ရက်နေ့ညကလည်း ထိုင်းမြန်မာနယ်စပ် ကမ်ချနဘူရီပြည်နယ်ထဲ စစ်ဆေးရေးဂိတ်က စစ်ဆေးမှုကိုမခံပဲ ရဲတွေကိုပါ ကားနဲ့တိုက်ပြီး မောင်းပြေးခဲ့တာကြောင့် ကားတိမ်းမှောက်ခဲ့ကာ မြန်မာ ၁ဦးသေဆုံးပြီး ၁၀ ဦး လောက်ဒဏ်ရာတွေရခဲ့တယ်လို့ ရွှေပြောင်းအလုပ်သမား အခွင့်ရေးကွန်ယက်က ဦးဘရီက အခုလိုပြောပြပါတယ်။
"ည ၉နာရီခွဲလောက်မှာ ကမ်ချနဘူရီပြည်နယ်ထိုင်းမြန်မာနယ်စပ် မှာနေပြီး တရားမဝင်ခိုးဝင်လာတဲ့ ရွေပြောင်းမြန်မာ ၁၁ယောက်ကို သယ်ဆောင်လာတဲ့ ကားကစစ်ဆေးရေးဂိတ်က စစ်ဆေးတာကိုလက်မခံပဲ ထွက်ပြေးတော့ စစ်ဆေးရေး ရဲအရာရှိတွေကိုလည်းတိုက်မိသွားတယ်လို့ သိရပါတယ်။အဲဒါတော့စစ်ဆေးရေးဂိတ်က လိုက်လံဖမ်းဆီးတော့ကားကတိမ်းမှောက်ပြီး ၁၁ယောက်ထဲမှ တယောက်က သေဆုံးပြီး ကျန်တဲ့သူတွေလည်း ဒဏ်ရာရတာပေါ့။ အဲဒီမှာ သူတို့က ကြောက်လန့်ပြီး တောထဲပုန်းနေတုန်း သူတို့ကိုဖမ်းမိတယ် တယောက်ကတော့သေသွားတယ် ၁၀ ယောက် ကျန်တာပေါ့နော် အားလုံးအလုပ်သမားတွေကိုဖမ်းမိသွားတယ်"
ဒီဖြစ်စဉ်မှာတော့ အထောက်အထားမဲ့ မြန်မာတွေသယ်လာတဲ့ ကား ၃ စီးကို စစ်ဆေးဖို့ နောင်လူ မြို့နယ် ဘန့်စနယ်ဖွန် အမှတ် ၃ ကျေးရွာ အုပ်စု က စစ်ဆေးဂိတ်က ရဲတွေလိုက်တုန်းမှာ နောင်လူကျေးရွာအနီးမှာပဲ ကားတစီးက ရဲတွေကိုပါ ဝင်တိုက်ပြီးထွက်ပြေးခဲ့တာကြောင့် ရဲတဦး ခေါင်းမှာဒဏ်ရာရရှိပြီး စံခဘူရီဆေးရုံမှာ အရေးပေါ်သမူခံယူနေရကြောင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ကား ၃စီးထဲက ၂စီးကတော့ လွတ်မြောက်သွားတာကြောင့် ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။ အဲဒီကား၃စီးမှာတော့ အနည်းဆုံးမြန်မာ ၃၀ကျော် လိုက်ပါလာတယ်လို့ ခန့်မှန်းနေကြပါတယ်။ အလားတူ ဖြစ်ရပ်မျိုးတွေမကြာခဏဖြစ်ပွားနေပြီး မြန်မာတွေ သေဆုံးမှုတွေလည်းရှိနေပါတယ်ရှင်။