သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

" မြန်မာ့အရေးဖြေရှင်းမှု အာဆီယံကိုစမ်းသပ်မှုဖြစ်လာ" အင်ဒိုသုတေသီတဦး

Andreyka Natalegawa - Associate Fellow CSIS, Southeast Asia Program (photo: VOA)
Andreyka Natalegawa - Associate Fellow CSIS, Southeast Asia Program (photo: VOA)

မြန်မာ့အရေးမှာ အင်ဒိုနီးရှားဦးဆောင်တဲ့ အာဆီယံရဲ့ ချဥ်းကပ်မှု၊ စစ်ကောင်စီနဲ့ ပိုပြီး ထိတွေ့ဖို့ကြိုးစားနေတဲ့ ထိုင်းနိုင်ငံရဲ့ ကြားဝင်ဆောင်ရွက်မှုတွေနဲ့အတူ ရှုပ်ထွေးတဲ့ အခြေအနေမှာရှိနေကြောင်း ဝါရှင်တန်ဒီစီအခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးစင်တာ (CSIS)ရဲ့ အရှေ့တောင်အာရှအစီအစဉ်က တွဲဖက် သုတေသီ Andreyka Natalegawa က ဗွီအိုအေနဲ့ သီးသန့် အင်တာဗျူးမှာ သုံးသပ် ပြောဆိုလိုက်ပါတယ်။

" မြန်မာနိုင်ငံရဲ့ အခြေအနေက သိသိသာသာကိုပဲ ရှုပ်ထွေးနေပါတယ်။ မယုံနိုင်လောက်အောင် ခက်ခဲပြီး အာဆီယံအတွက် အ‌ရေးကြီးတဲ့ စမ်းသပ်မှုတစ်ခု ဖြစ်လာပါတယ်။ ဒီနေရာမှာ သတိထားရမှာက အရေးကြီးတာက အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေကြားမှာကို မြန်မာ့အကျပ်အတည်း ဘယ်လိုဖြေရှင်းမလဲ ချဉ်းကပ်မှုအပေါ် သဘောထား ကြီးကြီးမားမား ကွဲပြားနေတာပါ။" လို့ အရင် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း Marty Natalegawa ရဲ့ သားဖြစ်သူလည်းဖြစ်တဲ့ CSIS ရဲ့ သုတေသီ Adreyka Natalegawa က သုံးသပ်ပါတယ်။

သူက မတူညီတဲ့ သဘောထားတွေကို ထောက်ပြပြီး တဖက်မှာလည်း အာဆီယံကို အင်ဒိုနီးရှား ဦးဆောင်ချိန်မှာ မြန်မာ့အရေးအတွက် အကြိမ်ကြိမ် လူသိရှင်ကြား ထုတ်ဖော်ပြောဆို အရေးယူလုပ်ဆောင်လာတွေက မျှော်လင့်ချက် အလင်းရောင်အဖြစ် ရှုမြင်ကြောင်း Natalegawa က ပြောပါတယ်။ ဒါပေမယ့် လူ့အခွင့်အရေးနဲ့ ဒုက္ခသည် ပြဿနာ တွေ ကြီးထွားနေလို့ မြန်မာ့အရေးဟာ မြန်မာနဲ့ အင်ဒိုနီးရှား ပြည်သူတွေအတွက်တင် အရေးကြီးတာမဟုတ်ဘဲ ဒေသတွင်း နိုင်ငံတွေအားလုံးက ပြည်သူတွေအတွက်ပါ အရေးကြီးကြောင်း ထောက်ပြပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဆင်ပြေချောမွေ့စေရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နိုင်ငံတွေ ပူးပေါင်းဆောင်ရွက်နိုင်ရေး အင်ဒိုနီးရှားအနေနဲ့ အမှန်တကယ် ဦးဆောင်တိုက်တွန်းနိုင်တဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်လို့လည်း သူက ပြောပါတယ်။

တခါ မြန်မာ့နိုင်ငံရေး အကျပ်အတည်းမှာ တရုတ်ရဲ့အခန်းကဏ္ဍ ပါဝင်ပတ်သက်မှုကလည်း ရှုပ်ထွေးတယ်လို့ Natalegawa က ထောက်ပြပါတယ်။ တရုတ်ဟာ အတိုင်းအတာ တခုအထိ စစ်ကောင်စီနဲ့ ထိတွေ့နေတဲ့ ဆက်ဆံရေး လမ်းကြောင်းကို ထိန်းသိမ်းထားပေမယ့် အဖြူ၊ အမည်း အတိအကျ ပြောလို့မရဘူး ဆိုပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာစစ်တပ် အတွက်တော့ အဖိုးတန်မိတ်ဖက် ဖြစ်ပေမယ့် တချိန်တည်းမှာ တရုတ်နိုင်ငံဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားပါတယ်။ တရုတ်ဟာ သူ့ရဲ့ သက်ရောက်မှု လက်တံ ရှည်ကြောင်း သူ့သြဇာကြီးကြောင်း တခါတရံ ထုတ်ပြတတ်ပေမယ့် အလွန်အကျွံ ဝင်ရောက်ပတ်သက်ဖို့တော့ မကြိုးစားဘဲ မြန်မာနယ်စပ် ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေး တည်ဆောက်ပြီး တရုတ်က သူ့အကျိုးစီးပွားကို ဖော်ဆောင်နေတာသာဖြစ်ကြောင်း Natalegawa က သုံးသပ်ပါတယ်။

တကယ်လို့ အာဆီယံအနေနဲ့ အကျပ်အတည်းဖြေရှင်းရေး ခြေလှမ်းအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် အခြားသက်ဆိုင်တဲ့အဖွဲ့တွေနဲ့ ထိတွေ့ပြီး ဆွေးနွေးပွဲတွေ လုပ်ဆောင်ရင်လည်း ဒါဟာ တရုတ်နိုင်ငံ နယ်စပ်မှာ ဖြစ်နေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာတချို့ကို ဟန့်တားဖို့ ကူညီတာဖြစ်လို့ ဒါဟာလည်း တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားပဲဖြစ်တယ်လို့ Natalegawa က ရှုမြင်ပါတယ်။

ဒါကြောင့် လက်ရှိ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားအနေနဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို ရယူပြီး အိမ်နီးချင်း အာဆီယံနိုင်ငံတွေနဲ့သာမကဘဲ နိုင်ငံတကာအသိုက်အဝန်းနဲ့ပါ ဆက်လက် ထိတွေ့ဆက်ဆံပြီး မြန်မာ့အရေး ဆောင်ရွက်ဖို့လိုကြောင်းလည်း မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာ (CSIS)ရဲ့ သုတေသီ Natalegawa က တိုက်တွန်းထားပါတယ်။

" မြန်မာ့အရေးဖြေရှင်းမှု အာဆီယံကိုစမ်းသပ်မှုဖြစ်လာ" အင်ဒိုသုတေသီတဦး
please wait

No media source currently available

0:00 0:01:32 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG