သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စာသင်ကျောင်းတိုက်ခိုက်မှု အများဆုံး ၃ နိုင်ငံစာရင်း မြန်မာပါဝင်


ပေါက်ကွဲမှုအပြီး တွေ့ရသည့် မိုးမောက်က စာသင်ကျောင်း တခု။
ပေါက်ကွဲမှုအပြီး တွေ့ရသည့် မိုးမောက်က စာသင်ကျောင်း တခု။

၂၀၂၂ ခုနှစ်အတွင်း စာသင်ကျောင်းတွေနဲ့ ပညာရေးအဆောက်အဦးတွေအပေါ် တိုက်ခိုက်မှုဟာ တကမ္ဘာလုံးအတိုင်း အတာနဲ့ အကြိမ်ပေါင်း ၃ ထောင်ကျော်ရှိခဲ့ပြီး၊ အဆိုးဝါးဆုံး တိုက်ခိုက်ခံရတဲ့အထဲမှာ ယူကရိန်း၊ မြန်မာနဲ့ ဘာကီနာဖာဆို တို့ပါဝင်သလို၊ တိုက်ခိုက်မှုအားလုံးရဲ့ သုံးပုံတပုံဟာ အဲဒီဒေသတွေမှာ ဖြစ်ခဲ့တယ်လို့ စက်တင်ဘာလ ၉ ရက်နေ့မှာကျရောက်တဲ့ နိုင်ငံတကာ ပညာရေး ကာကွယ်စောင့်ရှောက်ရေးနေ့ မတိုင်မီထုတ်ပြန်တဲ့ ပညာရေးကဏ္ဍကာကွယ်ရေး ကမ္ဘာ့တပ်ပေါင်းစု GCPEA (Global Coalition to Protect Education from Attack) ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ဒီတိုက်မှုဟာ ၂၀၂၁ ခုနှစ်ကထက် ၁၇ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။ သေဆုံး၊ ဒဏ်ရာရရှိတဲ့ ကျောင်းသူကျောင်းသား၊ ဆရာဆရာမနဲ့ ပညာရေးဝန်ထမ်း အရေအတွက်ဟာ တကမ္ဘာလုံး စုစုပေါင်း ၆၇၀၀ ကျော်ရှိပြီး၊ အရင်နှစ်ကထက် ၂၁ ရာနှုန်း တိုးလာခဲ့ပါတယ်။ အစိုးရတပ်တွေနဲ့ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက စာသင်ကျောင်းတွေကို အသုံးပြုမှုဟာလည်း တိုးလာခဲ့ပြီး ရရှိတဲ့ သတင်းအချက်အလက်တွေအရ အကြိမ်ရေ ၅၁၀ ရှိခဲ့တယ်လို့ GCPEA က ဆိုပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ကလည်း စာသင်ကျောင်းတွေ ကလေးတွေနဲ့ ဆရာဆရာမတွေကို အမြဲတစေ အကာအကွယ်ပေးနိုင်ဖို့ နိုင်ငံတိုင်းကို တောင်းဆိုပါတယ်လို့ ပညာရေးကာကွယ်စောင့်ရှောက်ရေးနေ့မှာ ပြောဆိုလိုက်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ကလေးပေါင်း ၇၂ သန်း ကျောင်းမတက်နိုင်ပဲ၊ ကလေးနဲ့ လူငယ် ၂၂၄ သန်းဟာ ပညာရေးဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့လည်း အတွင်းရေးမှူးချုပ်က ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာလည်း ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် စစ်ကောင်စီက စာသင်ကျောင်း တွေကို လေကြောင်းအပါအဝင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဆရာဆရာ၊ ကျောင်းသူကျောင်းသား ဒါဇင်နဲ့ချီ သေဆုံး ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒါဟာ စစ်ရာဇဝတ်မှုမြောက်တဲ့ အထောက်အထားတွေဖြစ်တယ်လို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG