သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ဒုတိယလက်ထောက်ဝန်ကြီး ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းသွား


ကော့ဇ်ဘဇား ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ သတင်းထောက်တွေကို စကားပြောနေတဲ့ အမေရိကန် နိုင်ငံခြားရေးဌာန ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Afreen Akhter (အောက်တိုဘာ ၁၇၊ ၂၀၂၃)
ကော့ဇ်ဘဇား ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ သတင်းထောက်တွေကို စကားပြောနေတဲ့ အမေရိကန် နိုင်ငံခြားရေးဌာန ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Afreen Akhter (အောက်တိုဘာ ၁၇၊ ၂၀၂၃)

အမေရိကန် နိုင်ငံခြားရေးဌာန ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Afreen Akhter (အန်ဖ်ရီန် အန်တာ) ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားရောက်အကဲခတ်ခဲ့ပြီး တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက သတင်းတွေမှာ ဖော်ပြပါတယ်။ အဖွဲ့ဝင် ၆ ဦးပါ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့တဲ့ အမေရိကန်အကြီးတန်း သံအရာရှိဟာ Cox's Bazar ခရိုင်က ရိုဟင်ဂျာဒုက္ခသည် ၉ သိန်းလောက်ရှိတဲ့ Ukhiya (အုကီရာ) ဒုက္ခသည်စခန်းကို အင်္ဂါနေ့ (အောက်တိုဘာ ၁၇) က ရောက်သွားခဲ့တာပါ။

ကုလသမဂ္ဂက ဆောင်ရွက်နေတဲ့ ဒုက္ခသည်စခန်းတွင်းက လုပ်ငန်းတွေနဲ့ ဒုက္ခသည်တွေ အခြေအနေကို လေ့လာဖို့ အကူအညီ လိုအပ်ချက်တွေနဲ့ ပတ်သက်လို့ ဆန်းစစ်ဖို့ ရည်ရွယ်ထားတဲ့ ခရီးစဉ်မှာ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဟာ ဒုက္ခသည်တွေအတွက် ဖွင့်လှစ်ထားတဲ့ စခန်းတွင်းက နေရာတချို့ကို သွားရောက်ကြည့်ရှုခဲ့သလို၊ ရိုဟင်ဂျာဒုက္ခသည် တချို့နဲ့လည်း တွေ့ဆုံခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ကော်မရှင်နာမင်းကြီး Mohammad Mizanur Rahman (အိုမတ် မီဇာနူရာ ရာမန်) ကို ကိုးကားပြီး သတင်းတွေက ဖော်ပြပါတယ်။ Cox's Bazar မှာရှိတဲ့ ဒုက္ခသည်ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ကော်မရှင်နာမင်းကြီးရုံးမှာလည်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အထောက်အပံ့တွေ ဆက်ပေးကြဖို့ ကုလသမဂ္ဂက တိုက်တွန်းနေချိန်မှာပဲ အမေရိကန်သံအရာရှိ ဒုက္ခသည်စခန်းသွားခဲ့တာလည်း ဖြစ်ပါတယ်။ နိုင်ငံတကာပြဿနာတွေနဲ့ ရင်ဆိုင်နေရပေမဲ့လည်း ရိုဟင်ဂျာဒုက္ခသည်တွေကို ဆက်လက် ကူညီထောက်ပံ့ကြဖို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi ကလည်း မနေ့ကပဲ တိုက်တွန်းထားတာပါ။ အရှေ့အလယ်ပိုင်း ဒေသမှာ ပဋိပက္ခတွေ တကျော့ပြန် ပေါ်ပေါက်လာတာ အပါအဝင် နိုင်ငံတကာ အကျပ်အတည်းတွေ ကြုံနေရပေမယ့် ရှိပြီးသား ပြဿနာတွေကိုလည်း မမေ့ဖို့ ရိုဟင်ဂျာဒုက္ခသည်အရေး အဆင့်မြင့် အစည်းအဝေး ကျင်းပနေတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ မဟာမင်းကြီး Grandi ကတိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG