သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်ဒေသ အိုးအိမ်စွန့်ခွာပြေးရသူ ၄ သောင်းနီးပါးရှိလာ


ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်ရှိ မြန်မာစစ်တပ်အခြေစိုက်စခန်းမှ ဒုံးကျည်တစင်း ပစ်လွှတ်‌ေနေတဲ့ မြင်ကွင်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့ နှောင်းပိုင်းမှာ မြင်ရစဥ်။ ဓာတ်ပုံ - AFP
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်ရှိ မြန်မာစစ်တပ်အခြေစိုက်စခန်းမှ ဒုံးကျည်တစင်း ပစ်လွှတ်‌ေနေတဲ့ မြင်ကွင်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့ နှောင်းပိုင်းမှာ မြင်ရစဥ်။ ဓာတ်ပုံ - AFP

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ သီတင်းတပတ်ကျော် တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၂ သောင်း ၃ ထောင်ကျော်ရှိပြီး အကူအညီ လိုအပ်ချက်တွေ သိသိသာသာ ပိုများလာနေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်လိုက်ပါတယ်။ မြောက်ပိုင်းမဟာမိတ် ညီနောင်(၃)ဖွဲ့က ရှမ်းပြည်မြောက်ပိုင်း စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက် သိမ်းယူတာတွေ စတင် လုပ်ဆောင်ခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့က စလို့ ရှမ်းမြောက်ဒေသမှာ တိုက်ပွဲတွေ ဆက်တိုက် ပြင်းထန်နေပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေလည်း တိုးလာနေတာပါ။ ဒေသတွင်း လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အရင်ကတည်းက စစ်ပြေးဒုက္ခသည် ၁ သောင်း ၅ ထောင်နီးပါး ရှိနေရာက အခု တပတ်ကျော်ကြာကာလအတွင်း နောက်ထပ် ၂ သောင်းကျော် တိုးလာတာကြောင့် အခုဆိုရင် ရှမ်းမြောက်ဒေသမှာ အိုးအိမ်စွန့်ခွာ ထွက်ပေးရသူပေါင်း ၃၇၄၀၀ ကျော် ရှိတယ်လို့ လူသားချင်း စာနာမှုဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းရေးရုံး (UNOCHA) က ကြာသပတေးနေ့က ထုတ်ပြန်ပါတယ်။ တိုက်ပွဲတွေအတွင်း ကလေးငယ်တွေ အပါအဝင် အရပ်သား ၁၃ ဦး အသက် ဆုံးရှုံးခဲ့ရပြီး နောက်ထပ် နှစ်ဦးဟာလည်း အရေးပေါ် ဆေးကုသခွင့် မရခဲ့လို့ သေဆုံးခဲ့ ရကြောင်းနဲ့ ထိခိုက်ဒဏ်ရာ ရသူတွေလည်း အများအပြား ရှိနေကြောင်းလည်း ပြောပါတယ်။

တချိန်တည်းမှာပဲ ရှမ်းမြောက်မှာ တိုက်ပွဲအရှိန် ဆက်မြင့်နေပြီး မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(MNDAA) ကိုးကန့် တပ်ရဲ့ (၁၀.၂၇) စစ်ဆင်ရေး ရဲ့ (၉) ရက် မြောက် နေ့ နိုဝင်ဘာလ (၄) ရက် သတင်းထုတ်ပြန် အရ ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသ ရှိ မုံးကိုးမြို့အပြင်ဘက်ရှိ စစ်ကောင်စီ၏ ရှောက်ကွမ်းလုံ အမှတ် (၃) စခန်းကို ကိုးကန့်(MNDAA)နှင့် ရက္ခိုင့် တပ်တော်(AA) တို့ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်ခဲ့တယ်လို့ ကြေညာပါတယ်။ လက်ရှိအချိန်အထိ စုစုပေါင်း တပ်စခန်း (၁၀၆) ခု သိမ်းပိုက်ရရှိထားတယ်လို့လည်း ပြောပါတယ်။

တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ကလည်း စစ်ကောင်စီတပ်ရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရုံးစိုက်ရာ ရှမ်းပြည်မြောက်ပိုင်း မြို့တော် လားရှိုးမြို့နယ်ထဲက စစ်ကောင်စီ တပ်စခန်း နှစ်ခုကို စနေနေ့က သိမ်းနိုင်ခဲ့ကြောင်း ဒေသဆိုင်ရာ သတင်းဌာနတွေကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းမှာ ဖော်ပြပါတယ်။ လားရှိုုးမြို့နယ်ထဲက စစ်ကောင်စီ လက်အောက်ခံ ဂျာယန် ပြည်သူ့စစ်စခန်း တခုကို TNLA တပ်ဖွဲ့တွေက စနေနေ့ မနက် အစောပိုင်းက ဝင်ရောက်ရှင်းလင်းပြီး လက်နက်ခဲယမ်းနဲ့ မူးယစ်ဆေးဝါးတွေ သိမ်းဆည်းရမိခဲ့တယ်လို့ TNLA ဘက်က ပြောဆိုချက်ကို ကိုးကားပြီး ဒေသ သတင်းဌာနတခု ဖြစ်တဲ့ ရွှေဖီမြေ သတင်းအေဂျင်စီမှာ ဖော်ပြထားပါတယ်။ မြောက်ပိုင်း မဟာမိတ် (၃) ဖွဲ့ရဲ့ အဓိက မဟာမိတ် ဖြစ်တဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဌာနချုပ်တည်ရှိရာ ကချင် ပြည်နယ် တရုတ်နယ်စပ်က လိုင်ဇာမြို့ကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကြောင်း ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။ စနေနေ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်တာမျိုး မရှိသေးပေမယ့် ကြာသပတေးနေ့တုန်းကတော့ မြောက်ပိုင်း မဟာမိတ်အဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြို့အများအပြားကို သိမ်းပိုက်ထားတယ် ဆိုတာ “ဝါဒဖြန့် ပြောဆိုတာသာ ဖြစ်ကြောင်း” စစ်ကောင်စီ ပြောခွင့်ရက တုံ့ပြန်ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တရုတ်နိုင်ငံကို ဆက်သွယ်ထားတဲ့ အရေးပါတဲ့ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေကို စစ်ကောင်စီတပ် ဘက်ကရော၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေဘက်ကရော စစ်ဆေးရေးဂိတ်တွေ အထပ်ထပ်နဲ့ ပိတ်ဆို့ထားကြောင်း UNOCHA က ပြောပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းနဲ့ ကရင်ပြည်နယ်တွေထဲက နေရာအများအပြားမှာလည်း မိုဘိုင်းဒေတာနဲ့ ဆက်သွယ်ရေး စနစ်တွေမှာလည်း ဆိုးဆိုးရွားရွား အနှောင့်အယှက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ အရေးပါတဲ့ ဆက်သွယ်ရေး တံတားတစင်းလည်း ပျက်စီးခဲ့ပါတယ်။ လုံခြုံပြီး အတားအဆီး အနှောင့်အယှက် မရှိတဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ အချိန်မီပေးနိုင်ဖို့ လိုအပ်ကြောင်း UNOCHA က အလေးပေးပြောပြီး အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို အဟန့်အတားဖြစ်စေတယ်လို့ ဆိုပါတယ်။ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ အရေအတွက် ကိန်းဂဏန်းတွေကလည်း တိုးလာဖွယ် ရှိပေမယ့် ဆက်သွယ်ရေး အခက်အခဲကြောင့် စိစစ်နေရဆဲ ဖြစ်တယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အဓိက ဘာသာရေး အဖွဲ့အစည်းတွေ၊ ဒေသခံ ရပ်ရွာ လူမှု အသိုင်းအဝိုင်းကပဲ စစ်းဘေးရှောင်တွေကို လက်ခံ စောင့်ရှောက် နေရပြီး အစားအစာ၊ သောက်သုံးရေ၊ ဆေးဝါး၊ တကိုယ်ရေ သန့်ရှင်းရေး အထောက်အပံ့တွေ အပါအဝင် အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းတွေကို အကူအညီပေးနေရတယ်လို့ UNOCHA က ပြောပါတယ်။ အောက်တိုဘာ (၂၇) ရက်နေ့ ရှမ်းမြောက်တိုက်ပွဲတွေ အရှိန်မြှင့် ဆက်တိုက် စတင်ခဲ့ပြီးနောက်ပိုင်းမှာ နောက်ထပ် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ အားလုံးနီးပါးဟာ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေနဲ့ နဂိုရှိပြီးသား ပြည်တွင်းနေရပ်စွန့်ခွာသူ (IDP) စခန်းတွေမှာ ပြောင်းရွှေ့ခိုလှုံနေရပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ အရင်ကတည်းက တိုက်ပွဲတွေကြောင့် ပြည်တွင်း နေရပ်စွန့်ခွာရသူက ၁၄,၄၇၀ ဦး ရှိနှင့်ပြီ ဖြစ်လို့ အခုလို တပတ်ကျော် အတွင်း လူသောင်းချီ ထပ်တိုးလာလို့ ရန်ပုံငွေ အပါအဝင် အကူအညီပေးရေးမှာ လိုအပ်ချက် အများအပြား ရှိနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG