သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်တိုက်ပွဲတွေကြောင့် ဒေသခံသောင်းချီ ဘေးလွတ်ရာထွက်ပြေး


ရခိုင်တိုက်ပွဲတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးနေရ (နိုဝင်ဘာ၊ ၂၀၂၃)
ရခိုင်တိုက်ပွဲတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးနေရ (နိုဝင်ဘာ၊ ၂၀၂၃)

ရခိုင်မြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ ရခိုင်နက်လက်နက်ကိုင် AA အဖွဲ့တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာကိုထွက်ပြေးနေကြရတာပါ။ လက်ရှိမှာ စစ်ကောင်စီက ရခိုင်ဘက်ကိုသွားတဲ့လမ်းတွေ အကုန်လုံးကို ပိတ်ထားတာကြောင့် ပြည်တွင်းပြည်ပ လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့တွေရဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းသွားသလို စစ်ဘေး ဒုက္ခသည်တွေလည်း စားဝတ်နေရေး အခက်ကြုံနေရပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုစံကျော်က တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား ပြီးခဲ့တဲ့ နိုင်ဝင်ဘာလ ၁၃ရက်နေ့က တကျော့ပြန်တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး ဒီကနေ့အထိ တချို့နေရာတွေမှာ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွါးနေတာပါ။ ဒီတိုက်ပွဲတွေကြောင့် သောင်းနဲ့ ချီတဲ့ ဒေသခံတွေလည်း ဘေးလွတ်မယ်လို့ထင်တဲ့ နေရာတွေကို ထွက်ပြေးနေကြရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုင်ဝင်ဘာလ ၁၆ရက်နေ့က ပေါက်တောမြို့မရဲစခန်းကို ရခိုင်လက်နက်ကိုင် AA အဖွဲ့က သိမ်းယူလိုက်ပြီးနောက် စစ်ကောင်စီဘက်က လေကြောင်း ရေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပေါက်တောမြိုခံတွေ အကုန်လုံးနီးပါး ထွက်ပြေးနေရသလို ဒီကနေ့အထိ မြို့တွင်းပိတ်မိနေသူ တွေလည်း ရှိနေတာပါ။ ပေါက်တောမြို့ပေါ်ကနေ ထွက်ပြေးလာတဲ့ သက်ကြီးပိုင်း အမျိုးသမီးတဦး ကတော့ သူတို့ဟာ အသက်လုပြေးခဲ့ရတယ်လို့ ပြောပါတယ်။

“ သုံးရက်သုံးည မစားမသောက် အဝတ်တထည်ကိုယ်တခုနဲ့ ပြေးလာရတာ တော်တော် ဒုက္ခဖြစ်နေပါတယ်။ ဒီဆားပြင် ကျေးရွာကို ရောက်တော့မှ နည်းနည်းလောက် အသက်ရှု ချောင်တယ်၊ အိမ်လည်း မရှိတော့ဘူး။”

ရခိုင်တိုက်ပွဲတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်များ (နိုဝင်ဘာ၊ ၂၀၂၃)
ရခိုင်တိုက်ပွဲတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်များ (နိုဝင်ဘာ၊ ၂၀၂၃)

ပေါက်တောမြို့နယ် ဆားပြင် ကျေးရွာမှာဆိုရင် ပေါက်တောမြို့ပေါ်ကနေ ထွက်ပြေးလာသူ ၁ဝဝဝ ကျော် လောက်ရောက်ရှိနေတာ ဖြစ်ပြီး သူတို့ အတွက် စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်း တွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည် တွေကို ကူညီပေးနေတဲ့ ဆားပြင်ကျေး ရွာ ဒေသခံ အမျိုးသမီး က ပြောပါတယ်။

“ ဒီမှာက ဆန်ရိက္ခာလိုတယ်၊ တခြားရိက္ခာတွေ လိုတယ်ပေါ့ ။ ထမင်းစားရေး သောက်ရေးနဲ့ ပတ်သက် ပြီးတော့။ အခင်းတွေ ဘာတွေ လိုတယ်။ တချို့အဖွဲ့တွေ စာရင်းတွေ ဘာတွေ လာကောက်တာတော့ ရှိတယ်။ အကူအညီတော့ တခုမှ မရသေးဘူး။ တခြား အသိတော့ အလှူရှင်တွေ လှူထားတဲ့ ဆန်ကတော့ ၁ ရက် ၂ ရက်အတွက် လောက်တော့ ပေးနိုင်မယ်၊ တဖက်မှာလည်း လမ်းတွေဘာတွေ ပိတ်ထားတော့ ရွာမှာက ကုန်ဈေးနှုန်းတွေ တက်ပြီးတော့ သူတို့အတွက် အခက်အခဲရှိတယ်။”

ပေါက်တောမြို့နယ်မှာ ဒီကနေ့အထိ ဒေသခံတွေ ထွက်ပြေးနေကြရတာပါ။စစ်ကောင်စီက လည်း ကုန်းလမ်း ရေလမ်းတွေကို ပိတ်ဆို့ထားတာကြောင့် လက်ခံထားတဲ့ ကျေးရွာတွေ မှာလည်း စားနပ်ရိက္ခာ ပြတ်လပ်မယ့် အနေအထား ရှိတယ်လို့လည်း စစ်ဘေး ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဆာပြင်ဒေသခံ အမျိုးသမီးကပြောပါတယ်။

“ လက်ရှိအချိန်ထိ ထွက်ပြေးလာတဲ့သူတွေ ရှိတုန်းပဲပေါ့နော် ပေါက်တော တမြို့ထဲက မဟုတ်ပဲ အနီးအနား ကျေးရွာပေါင်း ၁ဝ ရွာလောက်က ဒေသခံတွေ အကုန်ထွက်ပြေးနေကြတယ်၊ အဲဒီဖက်ကနေ ဒီဖက်ကို အကုန်စုပြီးတော့ ပြေးလာကြတဲ့အခါ သူတို့မှာ တခုမှမပါလာဘူးလို့ ဆိုလို့ရတယ်။ သူတို့ အဝတ်အထည် တောင်မပါဘူး။ ကျမတို့ရွာမှာလည်း လူ ၂ဝဝဝ လောက်ပဲ လက်ခံလို့ရမယ်။ ဒီထက်များလာရင် အဆင်မပြေဘူးလို့ ရွာတာဝန်ရှိသူတွေက ပြောတယ်။ တခြားလည်းသွားလို့မရဘူး ဘာလို့လည်းဆိုတော့ ရွာထွက်ပေါက်အကုန်လုံးကို စစ်ကောင်စီ က ပိတ်ထား ဆိုတော့ ရွာမှာက နောက်ထပ် ၃ရက်၄ရက် လောက်ဆိုရင် ရိက္ခာတွေ ပြတ်လာနိုင်တဲ့ အခြေအနေပေါ့ဟုတ်။”

ဒါ့အပြင် ရခိုင်ပြည်နယ်မှာရှိတဲ့ ဒုက္ခသည် စခန်းတွေမှာဆိုရင် အရင်ကတည်းက ရှိနေတဲ့ နေရပ်မပြန် နိုင်ပဲ ကျန်နေသေးတဲ့ ဒုက္ခသည်တွေဟာလည်း စစ်ကောင်စီရဲ့ လမ်းပိတ်ဆို့မှုတွေကြောင့် စားနပ်ရိက္ခာ အခက်ကြုံနေ ရတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးဒုက္ခသည်တဦးကပြောပါတယ်။

“ ကျနော်တို့ စားဝတ်နေရေး အခြေအနေကတော့ တအား အခက်အခဲရှိတယ်၊ကျနော်တို့မှာ ပြည်တွင်းက အဖွဲ့အစည်းတွေလည်း မရောက်ဘူး ပြည်ပက အဖွဲ့အစည်းတွေလည်း မရောက်ဘူး၊ တိုက်ပွဲတွေ ဘာတွေ ဖြစ်တာနဲ့ တိုင်းပြည်ကလည်း အခြေအနေမကောင်း အခု လမ်းလည်း ပိတ်ထားတယ်ဆိုတော့ အခုပိုပြီးတော့ အခက်အခဲရှိလာတယ် နောက်လည်း ရှိလာမှာပါပဲ။”

လက်ရှိ ရခိုင်မြောက်ပိုင်းက ပေါက်တော၊ မင်းပြား၊ မောင်တော၊ ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်းစတဲ့ မြို့နယ်တွေက ပြီးခဲ့တဲ့ နိုင်ဝင်ဘာလ ၁၃ ရက်နေ့ ကနေ ၁၆ ရက်နေ့ အထိ အိုးအိမ်စွန့်ခွာ ထွက်ပြေးလာ ကြရတဲ့ ဒေသခံက ၂၆ ဝဝဝ ကျော်အထိ ရှိနေတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ လမ်းခရီး သွားလာမှု တားဆီးပိတ်ဆို့မှု တွေကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ် တွေမှာ ပြန်လည်ထူထောင်ရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ လုပ်ငန်းတွေကို ရပ်ဆိုင်းထား ရတယ်လို့လည်း UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG