သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး၊ ဟာမတ်စ် ယာယီအပစ်ရပ် နောက်ထပ် ၁ ရက်တိုး


အပျက်အစီးတွေကြားတွေ့ရတဲ့ ပါလက်စတိုင်းဒေသခံများ (နိုဝင်ဘာ ၂၈၊ ၂၀၂၃)
အပျက်အစီးတွေကြားတွေ့ရတဲ့ ပါလက်စတိုင်းဒေသခံများ (နိုဝင်ဘာ ၂၈၊ ၂၀၂၃)

အစ္စရေးနဲ့ ပါလက်စတိုင်း ဟာမတ်စ် စစ်သွေးကြွအဖွဲ့ကြား ယာယီအပစ်ရပ်သဘောတူထားချိန် ကုန်ဆုံးဖို့ မိနစ်ပိုင်းအလိုမှာပဲ ဒီနေ့ တရက်ထပ်ပြီး အပစ်ရပ်ထားဖို့ သဘောတူခဲ့ကြပါတယ်။ ပါလက်စတိုင်းစစ်သွေးကြွတွေ ဖမ်းဆီးထားတဲ့ ဓါးစာခံ ၁၀‌ ယောက်လွှတ်ပေးရင် ပါလက်စတိုင်းအကျဉ်းသား ၃၀ ကိုလွှတ်ပေးမှာဖြစ်သလို ၁ ရက်ထပ်ပြီး အပစ်အခတ်ရပ်ထားမယ်လို့ အစ္စရေးဘက်က သဘောတူခဲ့ပါတယ်။

တချိန်တည်းမှာပဲ ပြန်မလွတ်သေးတဲ့ ဓါးစာခံတွေ ပြန်လွတ်လာရေးနဲ့ ဂါဇာကို လူသားချင်းစာနာတဲ့ အကူအညီတွေ ထပ်ပေးနိုင်ရေးကြိုးပမ်းဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken အစ္စရေးမှာရောက်နေပါတယ်။ အစ္စရေးနဲ့ Hamas ကြား အပစ်ရပ်ဆိုင်းထားတဲ့အတွက် ရလာဒ်ကောင်းတွေရတယ်လို့ အစ္စရေးသမ္မတနဲ့ Tel Aviv မြို့တော်မှာ ဒီနေ့ ကြာသပတေးနေ့မှာ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

"ပြီးခဲ့တဲ့သတင်းပတ်အတွင်း ဓါးစာခံအဖြစ် ဖမ်းဆီးခံထားရသူတွေ မိသားစုတွေဆီ ပြန်လာနိုင်ကြတဲ့ အကောင်းဘက်က တိုးတက်မှုတွေ မြင်တွေ့ခဲ့ရပါတယ်။ ဒီနေ့လည်း ဆက်ပြီးမြင်ရသင့်ပါတယ်။ ဂါဇာမှာလည်း လူသားချင်းစာနာစရာ အကူအညီအလွန်အမင်းလိုအပ်နေတဲ့ အပြစ်မဲ့အရပ်သားတွေအတွက် အထောက်အပံ့တွေ တိုးမြှင့်ပေးနိုင်ခဲ့တာမို့ ရလာဒ်ကောင်းတွေ ရခဲ့ပါတယ်" လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken ကပြောကြားခဲ့ပါတယ်။

အဲဒီအခြေအနေမျိုး ဆက်ပြီးဖြစ်ဖို့ အရေးကြီးကြောင်းနဲ့ မျှော်လင့်ကြောင်းလည်း အစ္စရေးသမ္မတနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။ အစ္စရေးမြို့တွေထဲ Hamas စစ်သွေးကြွတွေ ဝင်ရောက်တိုက်ခိုက်ပြီး အမေရိကန်တွေအပါအဝင် ဓါးစာခံတွေကို ဖမ်းဆီးသွားတဲ့ အောက်တိုဘာ ၇ ရက်နောက်ပိုင်း ဝန်ကြီး Blinken အစ္စရေးကို တတိယအကြိမ်ရောက်ရှိနေတာဖြစ်ပါတယ်။ ‌ကျန်နေသေးတဲ့ ဓါးစာခံတွေ ပြန်လွတ်လာရေးနဲ့ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးဖို့ အစ္စရေးခေါင်းဆောင်တွေကို တိုက်တွန်းလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

အစ္စရေးနဲ့ Hamas ကြား ဒီနေ့ ၇ ရက်မြောက်နေ့အဖြစ် အပစ်အခတ်ရပ်စဲထားမယ်လို့ ကြေညာခဲ့ပြီးနောက် ဂါဇာကမ်းမြောင်ဒေသထဲကို လူသားချင်းစာနာတဲ့ အကူအညီတွေတင်ဆောင်ထားတဲ့ ကုန်တင်ကားတွေ အီဂျစ်နဲ့နယ်စပ် Rafah ဂိတ်ကနေ ဝင်ရောက်ခဲ့ကြပါတယ်။ သီးခြားဖြစ်ရပ်မှာတော့ Tel Aviv မြို့ကနေ Jerusalem မြို့ကို ဝင်တဲ့ အဓိက အဝေးပြေး Bus ကားဂိတ်မှာ ဒီနေ့အစောပိုင်းက သေနတ်သမားတွေ ပစ်ခတ်လို့ ၃ ဦိးထက်မနည်းသေဆုံးပြီး တချို့ဒဏ်ရာရခဲ့တယ်လို့ အစ္စရေးရဲက ပြောပါတယ်။ သေနတ်သမား ၂ ယောက်ကိုလည်း ရဲက ပစ်သတ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG