သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ် ၆ ရက်မြောက်နေ့ အစ္စရေးဓားစာခံများထပ်မံလွတ်မြောက်


ဟားမတ်စ်က ဓားစာခံအဖြစ် ဖမ်းထားသူတွေအနက် ၆ ရက်မြောက်နေ့ လွှတ်ပေးသူတွေထဲက ၇၃ နှစ်အရွယ်အမျိုးသမီးကြီး အခြားသူတွေနဲ့အတူ တဲလ်အဗစ်မြို့ကို ရောက်လာစဥ်။ (နိုဝင်ဘာ ၂၉၊ ၂၀၂၃)
ဟားမတ်စ်က ဓားစာခံအဖြစ် ဖမ်းထားသူတွေအနက် ၆ ရက်မြောက်နေ့ လွှတ်ပေးသူတွေထဲက ၇၃ နှစ်အရွယ်အမျိုးသမီးကြီး အခြားသူတွေနဲ့အတူ တဲလ်အဗစ်မြို့ကို ရောက်လာစဥ်။ (နိုဝင်ဘာ ၂၉၊ ၂၀၂၃)

အစ္စရေးနဲ့ ဟားမတ်စ်ကြား ယာယီအပစ်ရပ်ထားတဲ့ ဆဋ္ဌမနဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ဗုဒ္ဓဟူးနေ့မှာ ဟားမတ်စ်ဘက်က အစ္စရေး ဓားစာခံတွေကို ထပ်မံ လွှတ်ပေးခဲ့ပါတယ်။ တပြိုင်တည်းမှာပဲ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးဖို့နဲ့ အစ္စရေးထောင်တွေမှာဖမ်းထားတဲ့ ပါလက်စတိုင်းအကျဥ်းသားတွေ ထပ်လွှတ်ရေး၊ ဟားမတ်စ်ဘက်ကလည်း ဖမ်းထားတဲ့ဓားစာခံတွေ ထပ်လွှတ်ရေးအတွက် ကြားဝင်စေ့စပ်ပေးနေသူတွေက ထပ်မံ ညှိနှိုင်းနေပါတယ်။

ကာတာ၊ အမေရိကန်၊ အီဂျစ်နဲ့ အစ္စရေးနိုင်ငံတွေက ထိပ်တန်းအရာရှိတွေဟာ ကာတာမှာတွေ့ဆုံပြီး ဓားစာခံနဲ့ အကျဥ်းသားတွေ ထပ်ပြီးလဲလှယ်နိုင်ဖို့ စစ်ပွဲကို ဘယ်လောက်ကြာကြာနဲ့ ဘယ်လိုပုံစံရပ်ဆိုင်းထားမလဲဆိုတာကို ဆွေးနွေးကြပါတယ်။ အပစ်ရပ်တာကို ထပ်မံသက်တမ်းတိုးနိုင်ခဲ့ရင် နောက်ထပ် ဓားစာခံတွေပြန်လွတ်လာနိုင်မှာဖြစ်သလို ပါလက်စတိုင်းအတွက်လည်း လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပိုမိုရရှိလာမယ်လို့ ကြာသပတေးနေ့မှာ အစ္စရေးကို ရောက်ဖို့ရှိတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ခရီးစဥ်မတိုင်မီ ဘရပ်ဆဲလ်မှာ သတင်းထောက်တွေကို ပြောပါတယ်။

“ဒါကို ကျနော်တို့ အလိုရှိသလို အစ္စရေးဘက်ကလည်း လိုလား မယ်လို့ ယုံကြည်တယ်” လို့ ဘလင်ကန်ကပြောပါတယ်။ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးနိုင်ဖွယ်ရှိကြောင်းလည်း ကာတာနိုင်ငံက CNN သတင်းဌာနကို ပြောထားပါတယ်။ ပထမ သဘောတူထားသလိုပဲ ဟားမတ်စ်ဘက်က လွှတ်ပေးမယ့် ဓားစာခံအရေအတွက်ထက် သုံးဆပိုပြီး အစ္စရေးအကျဥ်းထောင်တွေမှာ ပြစ်မှုအမျိုးမျိုးအတွက် ဖမ်းဆီးခံထားရတဲ့ ပါလက်စတိုင်းတွေကို အစ္စရေးဘက်ကလွှတ်ပေးရင် နောက်ထပ် အပစ်ရပ် သက်တမ်းတိုးနိုင်ဖွယ်ရှိတယ်ဆိုပါတယ်။ ဟားမတ်စ်အဖွဲ့ကို အမေရိကန်၊ ယူကေ၊ အီးယူနဲ့ နိုင်ငံတချို့က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG