သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားကိုဒဏ်ခတ်မှု ပိုထိရောက်စေမယ့် အခွင့်အာဏာ သမ္မတဘိုင်ဒန်အတည်ပြု


Russia Ukraine War
Russia Ukraine War

ရုရှားကိုဒဏ်ခတ်မှု ပိုထိရောက်စေမယ့် အခွင့်အာဏာ သမ္မတဘိုင်ဒန်အတည်ပြု

ရုရှားရဲ့ ကာကွယ်ရေး ကဏ္ဍ ကို အားကောင်းစေဖို့ ကူညီပေးတဲ့ ငွေကြေးဆိုင်ရာအဖွဲ့အစည်းတွေကို ပစ်မှတ်ထား ပိတ်ဆို့အရေးမှုနိုင်ဖို့ ဘဏ္ဍာရေးဌာနအတွက် အခွင့်အာဏာ ပေးတဲ့ သမ္မတအမိန့်တရပ်ကို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က သောကြာနေ့မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။

ဒါက ၂၂ လနီးပါးကြာလာပြီဖြစ်တဲ့ ယူကရိန်းက ရုရှားကျူးကျော်စစ်ပွဲအတွင်း ရုတ်လျော့ သွားတဲ့ ရုရှားစစ်တပ်ရဲ့ လက်နက်ခဲယမ်းမီးကျောက်တွေကို ပြန်လည်ဖြည့်ဆည်းနိုင်မှုအပေါ် အကန့်အသတ် ဖြစ်မယ့် ပိတ်ဆို့အရေးယူမှုအသစ် ချမှတ်နိုင်ဖို့ ရည်ရွယ်ပါတယ်။

ယူကရိန်းစစ်အတွင်း ရုရှားဘက်က တင့်ကားတွေ၊ ဒရုန်းတွေနဲ့ ဒုံးကျည်စနစ်တွေ အပါအဝင် စက်ပစ္စည်း အစိတ်အပိုင်း ၁၃,၀၀၀ ကျော် ဆုံးရှုံးခဲ့ပြီးဖြစ်ကြောင်း အမေရိကန်က အကဲဖြတ်ပါတယ်။ ရုရှားစစ်တပ်အတွက် “သိလျက်နဲ့ ဖြစ်စေ၊ မသိလို့ ဖြစ်စေ” ပံ့ပိုး ပူးပေါင်းတဲ့ ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းတွေကို အရေးယူနိုင်ဖို့ ရည်ရွယ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Janet Yellen က ပြောပါတယ်။

အခု သမ္မတအမိန့်အရ အမေရိကန်အစိုးရဌာနတွေရဲ့ သုံးသပ်ချက်နဲ့အတူ ရုရှားနိုင်ငံထွက် စိန်နဲ့ ပင်လယ်စာ သွင်းကုန်တွေ အပေါ် ကန့်သတ်ချက်တွေကိုလည်း တင်းကျပ်နိုင်မှာ ဖြစ်ပါတယ်။ လတ်တလော ရပ်တန့်နိုင်မယ့် အလားအလာ မရှိ ဖြစ်နေတဲ့ ယူကရိန်းစစ်ပွဲမှာ အမေရိကန်ရဲ့ အကူအညီပေးနေတဲ့ ကုန်ကျစရိတ်အတွက် ဘိုင်ဒန်အစိုးရဟာ ပြည်တွင်းမှာ ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရတာပါ။

သမ္မတဘိုင်ဒန်ကတော့ ယူကရိန်းနဲ့ အစ္စရေး အရေးအပါအဝင် တခြား အမေရိကန်နိုင်ငံတော် လုံခြုံရေး ဦးစားပေး အစီအစဥ်တွေအတွက် အကူအညီ ဒေါ်လာ ၁၁၀ ဘီလီယံ လျာထားခဲ့ပါတယ်၊ ဒါပေမယ့် အမေရိကန်-မက္ကဆီကို နယ်စပ်မူဝါဒ နဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အပြောင်းအလဲတွေ ကြီးကြီးမားမား မလုပ်ခဲ့ရင် သမ္မတရဲ့ လျာထားဘတ်ဂျက်ကို ရီပတ်ဘလင်ကန် လွှတ်တော်အမတ်တွေက အတည်ပြုမှာ မဟုတ်ကြောင်း ကြေညာထားပါတယ်။

လောလောဆယ်မှာတော့ ယူကရိန်းကာကွယ်ရေးအတွက် ထောက်ပံ့ပေးဖို့ ရန်ပုံငွေ လက်ကျန် မရှိသလောက် ဖြစ်နေပြီလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် မကြာခင်တုန်းကတော့ သမ္မတဘိုင်ဒင်နဲ့ G-7 စက်မှုထိပ်သီး မဟာမိတ် ခေါင်းဆောင်တွေကြား ယူကရိန်းအပေါ် ဆက်လက် ထောက်ခံပေးဖို့ ဆွေးနွေးခဲ့ကြပါသေးတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG