သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"ရည်မှန်းချက်ပြည့်မှ ယူကရိန်းစစ်ပွဲ ရပ်စဲမည်" - သမ္မတပူတင်


ရုရှားနိုင်ငံ မော်စကိုမြို့တော်မှာကျင်းပတဲ့ ၂၀၂၃ နှစ်ကုန်သတင်းစာရှင်းလင်းပွဲအတွင်း တွေ့ရတဲ့ ရုရှားသမ္မတ ဗလာဒီမီယာပူတင် (ဒီဇင်ဘာ ၁၄၊ ၂၀၂၃)
ရုရှားနိုင်ငံ မော်စကိုမြို့တော်မှာကျင်းပတဲ့ ၂၀၂၃ နှစ်ကုန်သတင်းစာရှင်းလင်းပွဲအတွင်း တွေ့ရတဲ့ ရုရှားသမ္မတ ဗလာဒီမီယာပူတင် (ဒီဇင်ဘာ ၁၄၊ ၂၀၂၃)

သူတို့ရဲ့ရည်မှန်းချက်ပြည့်မှ ငြိမ်းချမ်းရေးရမယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကပြောကြားလိုက်ပါတယ်။ ယူကရိန်းကို ရုရှားတို့ ကျူးကျော်စစ် ဝင်တိုက်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးပြန်လုပ်တဲ့ နှစ်ချုပ်သတင်းစာရှင်းပွဲမှာ သမ္မတပူတင်က ခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

ယူကရိန်းမှာ နာဇီဝါဒ၊ စစ်ဝါဒ ကင်းရှင်းပြီး ကြားနေရပ်တည်တဲ့နိုင်ငံဖြစ်ရမယ်ဆိုတဲ့ ရုရှားတို့ရဲ့ ရည်မှန်းချက် ပြည့်မှ ငြိမ်းချမ်းရေးရမှာဖြစ်တယ်လို့ ရုရှားသမ္မတပူတင် ပြောကြားသွားတာဖြစ်ပါတယ်။ ယူကရိန်းမှာလုပ်နေတဲ့ သူတို့အဆို အထူးစစ်ဆင်ရေးမှာ ရှေ့တန်းစစ်မျက်နှာပြင်အားလုံးနီးပါး ရုရှားတပ်တွေရဲ့ အနေအထား ခိုင်မာတိုးတက်နေတယ်လို့လည်း သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။ မိုင်ပေါင်း ၁ ထောင့် ၂ ရာကျော်ရှည်လျားတဲ့ စစ်မျက်နှာပြင်မှာ ရုရှားတပ်ဖွဲ့ဝင်ပေါင်း ၆ သိန်းကျော် ဖြန့်ချထားတယ်လို့ ပြောပါတယ်။ ယူကရိန်းကိုရုရှားကျူးကျော်စစ်တိုက်နေတာ ၃ နှစ်ထဲရောက်တော့မယ့်အချိန်မှာ သူဘက်ကအသာရနေပြီလို့ ရုရှားသမ္မတက မြင်နေပုံရတယ်လို့ လေ့လာသူတွေက သုံးသပ်နေပါတယ်။ ရုရှားတပ်တွေ အထူအထပ်ချထားတဲ့နေရာတွေကို ယူကရိန်းတပ်တွေဘက်က ထိုးဖောက်နိုင်ခြင်း မရှိသေးတာနဲ့ ယူကရိန်း မဟာမိတ်တွေရဲ့ စစ်ရေးအရ ထောက်ပံ့ကူညီမှုန‌ေတွ လျော့လာနေတာကို ထောက်ပြကြပါတယ်။ ရုရှားမှာ ရှေ့နှစ်ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ သူထပ်ဝင်ပြိုင်မယ်လို့ သမ္မတပူတင်က ပြီးခဲ့တဲ့သီတင်းပတ်ကပဲ ကြေညာထားတာကြောင့် ၂၀၃၀ ခုနှစ်အထိ ရုရှားသမ္မတအနေနဲ့ ဆက်ပြီးရှိနေဦးမယ့်ပုံ ရပါတယ်။

အနောက်ဥရောပနိုင်ငံတွေနဲ့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ဖို့က ရုရှားပေါ်မူတည်တာ မဟုတ်ဘူးလို့လည်း ရုရှားသမ္မတက ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာကြီးမှာအရေးပါပြီး လိုအပ်တဲ့နိုင်ငံအဖြစ် ရုရှားက ယုံကြည်ထားကြောင်းနဲ့ အမေရိကန်နဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ ရုရှားဖက်က အဆင်သင့်ရှိနေတယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့ အမေရိကန်ရဲ့ ဩဇာလွှမ်းမိုးချင်တဲ့မူဝါဒကြောင့် အဟန့်အတားဖြစ်နေတယ်လို့ ရုရှားသမ္မတက သူ့ရဲ့နှစ်ချုပ် သတင်းစာရှင်းပွဲမှာ ဒီနေ့ ပြောကြားသွားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG