သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ် နယ်မြေရှင်းလင်းရေး အရပ်သားတချို့အသတ်ခံရ (စစ်ဘေးရှောင်ကူညီသူများ)


စစ်ကောင်စီတပ်ရဲ့ထိုးစစ်ကြောင့် ရေဦး-ခင်ဦး ကားလမ်းဘေးရှိရွာများမှ ဒေသခံ ၈ထောင်ကျော် တိမ်းရှောင်ရ။ (Photo: ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
စစ်ကောင်စီတပ်ရဲ့ထိုးစစ်ကြောင့် ရေဦး-ခင်ဦး ကားလမ်းဘေးရှိရွာများမှ ဒေသခံ ၈ထောင်ကျော် တိမ်းရှောင်ရ။ (Photo: ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

စစ်တပ် နယ်မြေရှင်းလင်းရေး အရပ်သားတချို့အသတ်ခံရ (စစ်ဘေးရှောင်ကူညီသူများ)


စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်ပြီး စစ်ကြောင်းထိုးနေတဲ့ ခင်ဦးမြို့နယ်ထဲမှာ အရပ်သား ၄ ဦး သတ်ဖြတ်ခံခဲ့ရပြီး၊ သတ်ဖြတ်ခံရသူတွေထဲ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးလည်းပါဝင်တယ်လို့သေခံတွေကပြောပါတယ်။ ခင်ဦးမြို့နယ်ထဲက အခြေအနေတွေသတင်းပေးပို့ထားတာပကို- ကိုဇော်မိုးကျော်က ပြောပြပါမယ်။

ရေဦးမြို့ တိုင်းရင်းဆေးရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်တပ်ဟာ ဇန်နဝါရီ ၃ ရက်ကစလို့ ခင်ဦးမြို့နယ်ထဲမှာ နယ်မြေရှင်းလင်း စစ်ကြောင်းထိုးနေပြီး ဇန်နဝါရီ ၁၂ ရက်မှာတော့ စစ်ပြေးဒုက္ခသည် အရပ်သား ဒေသခံ ၄ ဦးကို သတ်ဖြတ်သွားတယ်လို့ ဒုက္ခသည်တွေကိုကူညီပေးနေသူတွေက ပြောပါတယ်။

သတ်ဖြတ်ခံရသူတွေဟာ သာမန်အရပ်သားတွေသာဖြစ်ပြီး အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၂ ဦးတို့ ဖြစ်ပါတယ်။ အဲဒိအထဲက အမျိုးသမီးတဦးဟာ ကိုယ်ဝန် ၇ လရှိသူဖြစ်တယ်လို့သိရပါတယ်။ အရပ်သားတွေ သတ်ဖြတ်ခံရတဲ့အခြေအနေနဲ့ ပတ်သက်လို့ စစ်ဘေးဒုက္ခသည်တွေကိုကူညီနေသူတဦးက ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြောပြပါတယ်။

“ပြေးရင်းလွှားရင်းနဲ့ လယ်ကြား ကောက်ရိုးပုံတွေကြားထဲမှာ ကိုယ်ဝန်ဆောင်မိန်းမကြီးဆို ၇ လနဲ့ ကိုယ်ဝန်အရင့်မာကြီးနဲ့ ခေါင်းတေ့ပစ်သွားတာ။ လူကြီး ၂ ယောက်ကတော့ မြင်းကျ (ကျေးရွာ) က လူကြီးပိုင်းတွေ ၅၀-၆၀ ဝန်းကျင်တွေ ၄၀ ကျော်ကတော့ ကားဆိပ်က တချို့ကတော့ အနီးနားတင် ကပ်ရှောင်တာပေါ့။ အနီးနားတင် ကပ်ရှောင်တဲ့သူတွေကို ဖမ်းခံရ ပစ်ခံရသတ်ခံရတာပဲ။”

ရေဦးမြို့ကနေ ထွက်ခွါလာတဲ့ အင်အား ၈၀ နီးပါးရှိတဲ့ စစ်တပ်စစ်ကြောင်းဟာ ဇန်နဝါရီ ၁၀ ရက်နဲ့ ၁၁ တို့မှာ ပျဉ်ထောင်ကျေးရွာနဲ့ တဲစုကျေးရွာတို့မှာ ညအိပ်တပ်စွဲခဲ့ပြီး ဇန်နဝါရီ ၁၂ ရက်မှာတော့ အဲ့ဒီ့ကျေးရွာတွေအနီးမှာ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ပါသေးတယ်။ အဲ့ဒီနောက်မှာ စစ်ကောင်စီ တပ်ဟာ ရေဦးမြို့တိုင်းရင်းဆေးရုံကို ပြန်လည်ဆုတ်ခွါသွားတယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်း ပြန်လည်ဆုတ်ခွါသွားတဲ့အတွက်၊ အရပ်သားတွေကျေးရွာတွေထဲ ပြန်လည်ဝင်ရောက်ချိန်မှာ အခုလို သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေ တွေ့ရတာလို့ ဒေသခံတွေကဆိုပါတယ်။ ဗွီအိုအေက ကြည့်ရှုခွင့်ရတဲ့ ဓာတ်ပုံတွေထဲမှာတော့ သတ်ဖြတ်ခံထားရသူတွေဟာ ဦးခေါင်းပွင့်ထွက်နေပြီး တချို့မှာ ရင်ဘတ်မှာကျည်ဆံထိမှန်ပြီး သေဆုံးနေပါတယ်။

စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းရေးအတွင်း ဇန်နဝါရီ ၆ ရက်မှာလည်း ကံသာယာကျေးရွာ နေအိမ်အချို့ကို မီးရှို့ သွားပြီး သိုလှောင်ထားတဲ့ စပါးတွေကိုလည်း မီးရှို့ဖျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့မရှိသေးပါဘူး။

စစ်ကောင်စီတပ်ဟာ အရင်က ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေမှာ တပ်စွဲထားပေမယ့် ပြီးခဲ့တဲ့နှစ် ၁၁ လပိုင်းကစလို့ ခင်ဦးမြို့နယ်ထဲကနေ ခရိုင်မြို့ဖြစ်တဲ့ ရေဦးမြို့မှာ ခံစစ်ပြင်တပ်စွဲနေပြီး ရေဦးမြို့နယ်ကနေတဆင့် အနီးနားက မြို့နယ်တွေကို နယ်မြေရှင်းလင်းရေးတွေ လုပ်နေတာလည်းဖြစ်ပါတယ်။

XS
SM
MD
LG