သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ် အိန္ဒိယခြံစည်းရိုးခတ်မယ့် အစီအစဉ်ကြောင့် စိုးရိမ်မှုတွေထွက်ပေါ်


အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ထဲက Zokhawthar မြို့ ကနေ မြန်မာဘက်ခြမ်းကို မြင်တွေ့ရစဉ် (မတ် ၁၆၊ ၂၀၂၁)
အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ထဲက Zokhawthar မြို့ ကနေ မြန်မာဘက်ခြမ်းကို မြင်တွေ့ရစဉ် (မတ် ၁၆၊ ၂၀၂၁)

အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် ခြံစည်းရိုးခတ်ဖို့ ဆုံးဖြတ်လိုက်တဲ့ အိန္ဒိယအဗဟို အစိုးရရဲ့ သဘောထားကို အိန္ဒိယပြည်ထဲရေး၀န်ကြီးက ကြေညာလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံနယ်စပ်ကို ခြံစည်းရိုးကာထားသလို မြန်မာနယ်စပ် အရှည် မိုင် ၁၀၀၀ ကျော် ကို ခြံစည်းရိုးကာမယ်ဆိုပြီး ပြည်ထဲရေးဝန်ကြီးက ပြောလိုက်တာပါ။ အဲဒီလိုသာ လုပ်ဆောင်မယ်ဆိုရင် စစ်ပွဲတွေကြောင့် နယ်မြေမတည်မငြိမ်ဖြစ်နေတဲ့ နေရာတွေမှာ ခိုလှုံနေရတဲ့ ဒုက္ခသည်တွေနဲ့ ကူးသန်းရောင်းဝယ်ရေးပိုင်းမှာ အခက်အခဲဖြစ်စေနိုင်တယ်လို့ ဒေသခံတွေက ထောက်ပြကြပါတယ်။ ဒီသတင်းရန်ကုန်ကတင်ပြလာတာကို မမြသဇင်အောင်က တင်ပြပေးထားပါတယ်။

အိန္ဒိယဝန်ကြီးချုပ် နေအိမ်ဒြရာမိုဒီအစိုးရအနေနဲ့ အိန္ဒိယ ၄ ပြည်နယ် နဲ့ နပ်စပ်ချင်းထိစပ်နေတဲ့ မြန်မာနယ်စပ်တလျှောက် ခြံစည်းရိုးကာမယ်ဆိုပြီး ပြည်ထဲရေးဝန်ကြီး Shah က ပြောလိုက်တာပါ။ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ်တွေဖြစ်တဲ့ မီဇိုရမ်၊ နာဂါလန်း၊ မဏိပူနဲ့ အရန်နချယ် ပရာဒတ်ရှ် ပြည်နယ်နဲ့ မြန်မာနယ်စပ်ကြား ကီလိုမီတာ ၁၆၀၀ ကျော် ကို ခြံစည်းရိုးခတ်မယ့် အိန္ဒိယ ဗဟိုအစိုးရ ဆုံးဖြတ်ချက်နဲ့ပတ်သတ်ပြီး အာသံပြည်နယ် Guwahti မြို့က ရဲ ကွန်မန်ဒို သင်တန်းဆင်းပွဲမှာ ပြည်ထဲရေးဝန်ကြီး Shah က ခုလို ပြောလိုက်တာပါ။ ဒါပေမယ့်လည်း ဒီအစီအစဥ် ဘယ်တော့လောက် စတင် အကောင်အထည်ဖော်မလဲဆိုတာကိုတော့ တိတိကျကျ ပြောဆိုခဲ့တာမရှိခဲ့ပါဘူး။

နယ်စပ်မှာ ခြံစည်းရိုးကာရံမယ်ဆိုရင် တိုက်ပွဲတွေကြောင့် နယ်မြေမတည်မငြိမ်ဖြစ်နေတဲ့ နေရာတွေက ခိုလှုံနေရတဲ့ ဒုက္ခသည်တွေနဲ့ ကူးသန်း ရောင်းဝယ်ရေးပိုင်းမှာ အခက်အခဲဖြစ်စေနိုင်တယ်လို့ ထောက်ပြကြသလို ဒီအစီအစဉ်ဟာ စစ်အာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်တွင်းဖိနှိပ်မှုတွေအပေါ်မှာ အိန္ဒိယနိုင်ငံက အားပေးအားမြောက်ပြုရာရောက်တယ်လို့ ဒုက္ခသည်အရေး ဆောင်ရွက်ပေးနေတဲ့ India for Myanmar အဖွဲ့တာဝန်ခံ ဆလိုင်းဒိုခါရ်က သူက သုံးသပ်ပါတယ်။

"ခြံစည်းရိုးခတ်တဲ့လုပ်ငန်းစဥ်က အထူးသဖြင့်ဗဟိုအစိုးရဘက်ကနေနယ်စပ်တလျှောက်လုံခြုံ ရေးယူတာလုပ်လာရင်တော့ စစ်ဘေးရှောင်တွေ အ၀င်အထွက်တွေလုပ်လို့ရတော့မှာမဟုတ်ဘူးဒုတိယအချက်က ဘက်၂ဘက်ကိုမှီခိုစီးပွားရှာနေသူတွေ အထူးသဖြင့် ချင်းဘက်ဆိုစကစထိုးစစ်တွေကြောင့် အိန္ဒိယဘက်ကဘဲ အခြေခံစားကုန်တွေသွင်းရတာရှိတယ်ဒါတွေအကုန်လုံး ဒီစပစရဲ့ ဖြတ် ၄ဖြတ်ကိုအားပေးသလိုဘဲ သွားစေနိုင်တဲ့အနေအထားမျိုးဆိုတော့ ကျနော်တို့စိုးရိမ်နေရတယ်။"

အိန္ဒိယနဲ့ မြန်မာနယ်စပ်ကြား FMR လို့ခေါ်တဲ့ နယ်စပ်ဖြတ်ကျော် သွားလာခွင့်ကို အဆုံးသတ်နိုင်ဖို့ ခုလို ခြံစည်းရိုးခတ်ဖို့ ဆောင်ရွက်လာတာပါ။ အိန္ဒိယ မြန်မာနယ်စပ်တလျှောက်မှာ နေထိုင်တဲ့ လူမျိုးစုဝင်တွေအေနနဲ့ ပြည်ဝင်ခွင့်ဗီဇာမလိုဘဲ ၂ နိုင်ငံအတွင်း ၁၆ ကီလိုမီတာအထိ အတား အဆီး မရှိဝင်ရောက် သွားလာခွင့် ပြုထားပါတယ်။ ဒီအစီအစဉ်ကို ပယ်ဖျက်ဖို့ အရင်ကလည်း ပြောဆိုတာတွေ ရှိပေမယ့် အကောင်အထည်မပေါ်ခဲ့ပါဘူး။ မြန်မာနိုင်ငံဘက်မှာ နေထိုင်ကြတဲ့ မျိုးနွယ်စုဝင်တွေလည်းရှိတဲ့ အိန္ဒိယဘက်က မီဇိုရမ်နဲ့ နာဂလန်းလိုပြည်နယ် ခေါင်းဆောင်တွေကတော့ ၂ ဘက်စလုံးမှာနေထိုင်ကြတဲ့ မျိုးနွယ်စုတွေအေနနဲ့ ကူးသန်းသွားလာဖို့ ခက်ခဲမှာမို့ ဒီခြံစည်းရိုးခတ်တဲ့ အစီအစဉ်ဟာ လက်ခံနိုင်စရာမရှိဘူးလို့ ဆိုပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ထဲက Zokhawthar မြို့ ကနေ မြန်မာဘက်ခြမ်းကို မြင်တွေ့ရစဉ် (မတ် ၁၅၊ ၂၀၂၁)
အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ထဲက Zokhawthar မြို့ ကနေ မြန်မာဘက်ခြမ်းကို မြင်တွေ့ရစဉ် (မတ် ၁၅၊ ၂၀၂၁)

အိန္ဒိယသတင်းစာတချို့မှာတော့ စစ်ကောင်စီလက်ထက် မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ပိုကျယ်ပြန့်လာသလို အိန္ဒိယ-မြန်မာနယ်စပ် လမ်းကြောင်းကနေ အိန္ဒိယနိုင်ငံဘက်ကို စစ်ဘေးရှောင်တွေဝင်ရောက်မှုများလာတာ၊ စစ်ကောင်စီတပ်သားတွေတော်တော်များများ အိန္ဒိယဘက် ထွက်ပြေးခိုလှုံလာတာ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖေါက်ကားမှု တိုးလာတာကြောင့် အခုလို ခြံစည်းရိုးခတ်ဖို့ ဆောင်ရွက်လာတာဆိုပြီး ဖော်ပြပါတယ်။

FMR အစီအစဉ် ဖျက်သိမ်းလိုက်မယ်ဆိုရင် ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိလာနိုင်မလဲဆိုတာနဲ့ပတ်သတ်လို့ မဏိပူနယ်စပ်မှာရောက်ရှိ နေတဲ့ အရင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထန်ဆေးကတော့ အခုလိုသုံးသပ်လိုက်ပါတယ်။

"ကျနော်တို့ဘက်တင်မကပါဘူး။ အိန္ဒိယဘက်ကလူတွေကောပေါ့ အပြန်အလှန်အသွားအလာကတအားခက်ခဲသွားမယ်။ အဓိကအားဖြင့်တော့ နယ်စပ်မှာစီးပွားရေးအရ လူမှုရေးအရ စားဝတ်နေရေးအရ သွားလာနေတဲ့သူတွေရဲ့ အခက်အခဲကတော့တအားကျပ်တည်းသွားမယ်။ ဘယ်လိုမှ အဆင်မပြေနိုင်တဲ့လုပ်ငန်းကြီးကို အကောင်အထည်ဖော်ဖို့ လုပ်နေကြတယ်လို့ကျနော်ကတော့ဒီလိုဘဲမြင်တယ်ဗျာ။ အုတ်တံတိုင်း ခတ်တာ ခြံစည်းရိုးခတ်တာတင်မကဘဲနဲ့ နှစ်ပေါင်းများစွာကတည်းက ၂နိုင်ငံသဘောတူညီချက်နဲ့ ၁၆မီတာကီလိုမီတာအကွာအဝေးထိကို ဗီဇာ မပါဘဲနဲ့ ဝင်ခွင့်ဖြတ်သန်းသွားလာခွင့် FMR ကိုပါဖျက်သိမ်းမယ်ဆိုတဲ့လုပ်ငန်းစဉ်မှာပါတဲ့အခါကျတော့ အတော်လေးခက်ခဲသွားတယ်။ ခြံစည်းရိုးခတ်တာကတမျိုး FMRသွားလာခွင့်ပိတ်ရင်လည်းတမျိုး ၂မျိုးစလုံးကြပ်သွားရင်တော့ အိန္ဒိယနယ်စပ်တလျှောက်နေတဲ့သူတွေ အကုန်ဒုက္ခရောက်မယ်လို့တော့ကျနော်မြင်တယ်။"

India for Myanmar အဖွဲ့တာဝန်ခံ ဆလိုင်းဒိုခါရ်ကတော့ ဒီအစီအစဉ်တွေနဲ့ပတ်သက်လို့ စဉ်းစားသုံးသပ်ပေးဖို့ မီဇိုရမ်အစိုးရကနေတဆင့် ဗဟိုအစိုးရဘက်ကို စာပေးပို့ဖို့ပြင်ဆင်နေတယ်လို့ပြောပါတယ်။

တဖက်မှာကလည်း အိန္ဒိယနဲ့မြန်မာဘက် ၂ဖက်စလုံးမှာ နာဂမျိုးနွယ်စုတွေနေထိုင်ကြတာမို့ အခုလိုခြံစည်းရိုးခတ်တာ၊ နောက်ပြီး လွယ်လင့် တကူဝင်ထွက်သွားလာမှုတွေကန့်သတ်ခံလာရင် ၂ဖက်စလုံးမှာရှိတဲ့ နာဂမျိုးနွယ်တွေအနေနဲ့ မိသားစုမျိုးနွယ်အချင်းချင်းခွဲခြားသလိုဖြစ်ကာ တွေ့ဆုံဖို့ခက်ခဲမှာကို မလိုလားကြပါဘူး။ ဗဟိုအစိုးရဘက်ကလည်း မဏိပူမှာ မတူတဲ့ မျိုးနွယ်စုတွေဖြစ်တဲ့ ကသည်းနဲ့ကွတ်ကီးကြား အကြမ်းဖက်တိုက်ခိုက်တာတွေ၊ သတ်ဖြတ် တာတွေ ပေါ်ပေါက်လာပြီးနောက်မှာ နယ်စပ်မှာ အုတ်တံတိုင်းခတ်ဖို့ ခြံစည်းရိုးခတ် ဖို့ကို ဗဟိုအစိုးရဘက်က စဉ်းစားလုပ်ဆောင်ဖို့စတင်ပြင်ဆင်မှုတွေလုပ်လာတာပါ။

လူများစုဖြစ်တဲ့ မြန်မာအခေါ် ကသည်းလို့ ရည်ညွှန်းလေ့ရှိကြတဲ့ မဲ့တေး Meitei တွေ နဲ့ ကူကီး Kuki တွေကြားမှာကလည်း တဖက်နဲ့အား ပြိုင်မှု တွေကြားမှာ အိန္ဒိယနယ်စပ်တလျှောက်လူဦးရေများတဲ့ ကသည်းဘက်က ကူကီးတွေသူတို့ဘက်ခြမ်းထဲ ပိုများလာမှာကို စိတ်ပူကြတာမျိုးတွေရှိနေတာကနေအခုလို နယ်စပ်တံတိုင်းကာရံဖို့နဲ့ ကန့်သတ်ဖို့တွေလုပ်ဖို့ ပြင်ဆင်ဖို့ လုပ်လာတယ်လို့သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG