သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ဆေးဝါးကုသမှု အလုံအလောက် မရရှိ (Kim Aris)


ဒေါ်အောင်ဆန်းစုကြည် သားငယ် ကိုထိန်လင်း (ခေါ်) Kim Aris (photo: Kim Aris Facebook)
ဒေါ်အောင်ဆန်းစုကြည် သားငယ် ကိုထိန်လင်း (ခေါ်) Kim Aris (photo: Kim Aris Facebook)

ဒေါ်အောင်ဆန်းစုကြည် ဆေးဝါးကုသမှု အလုံအလောက် မရရှိ (Kim Aris)

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အကျဉ်းထောင်ထဲမှာ ဆေးဝါးကုသခွင့် အလုံအလောက် မရတဲ့အတွက် အထူးစိုးရိမ်မိကြောင်း သားဖြစ်သူ Kim Aris က ဗွီအိုအေကို ပြောပါတယ်။ မိခင်လက်ရေးနဲ့ ရေးထားတဲ့စာကို ဇန်နဝါရီလလယ်က လက်ခံရရှိခဲ့တာနဲ့ပတ်သက်လို့ Kim Aris ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ် မေးမြန်းထားပါတယ်။

သူ့မိခင် ပို့လိုက်တဲ့ စာကို ဗြိတိန် နိုင်ငံခြားရေးရုံးကနေ လက်ခံရရှိတာနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ-

Kim Aris ။ ။ စစချင်း ကျနော် ရတုန်းက အမေ့စာကို ရိုက်ထားတဲ့ ဓါတ်ပုံပါ။ အခုတော့ အမေ့ကိုယ်တိုင်ရေးထားတဲ့ မူရင်းစာကို ကျနော်ရပါပြီ။ စာက အမေ့လက်ရေးနဲ့ ကိုယ်တိုင်ရေးထားတဲ့ စာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက အမေ နေမကောင်းဘူးလို့ သတင်းတွေထွက်လာချိန်မှာ အမေအတွက်လိုအပ်တဲ့ ဆေးဝါးပစ္စည်းတွေ၊ အစားအစာနဲ့ စာတစောင်ပါတဲ့ အထုတ်ကို ကျနော် ချက်ချင်း ပေးပို့ခဲ့ပါတယ်။ အဲဒီပစ္စည်းတွေ ရန်ကုန်ကို စက်တင်ဘာလအတွင်း ရောက်သွားပေမယ့် အမေ့ဆီကို ဒီဇင်ဘာလကုန်အထိ မရောက်ခဲ့ဘူးလို့ သိရတယ်။ အခု အမေ့ဆီက စာကို ဇန်နဝါရီလ အလယ်လောက်မှာ ကျနော် လက်ခံရရှိခဲ့ပါတယ်။

အင်ကြင်းနိုင်။ ။ အမေ့စာထဲမှာ ဘာတွေ ရေးထားသလဲ ဆိုတာကို ပြောပြလို့ ရမလားရှင့်။

Kim Aris ။ ။ အမေ့က သူ့အတွက် ပစ္စည်းတွေ၊ ဆေးတွေ ပို့ပေးတာကို ကျေးဇူးတင်ကြောင်းပြောပါတယ်။ မိသားစုကို သတိရတဲ့ အကြောင်းလည်းရေးထားပါတယ်။ ဒါပေမဲ့ ကျန်းမာရေး သိပ်မကောင်းတဲ့အပြင် သွားနာတဲ့ ဝေဒနာ ခံစားနေရတာကြောင့် အစာ မစားနိုင်ပဲဖြစ်နေတယ်လို့ အမေကရေးထားပါတယ်။ နောက်ပြီး သူ့မှာ အရိုးပွရောဂါ ရှိနေတာကို ထောင်ထဲမှာ လိုအပ်တဲ့ ဆေးဝါးကုသမှု မရပဲဖြစ်နေပါတယ်။ အမေ့အခြေအနေ ဘယ်လောက်ထိ ဆိုးနေမလဲ ကျနော် မတွေးဝံ့ပါဘူး။ အသက်(၇၈)နှစ်အရွယ် ရှိနေတဲ့ အမေရဲ့ကျန်းမာရေးကို ကျနော် အလွန်ပဲစိုးရိမ်နေတယ်။

အင်ကြင်းနိုင် ။ ။ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့လည်း တွေ့ခွင့် မပေးဘူး။ ရှေ့နေတွေလည်း တွေ့ခွင့်မပေးထားတဲ့အချိန်မှာ အခုမှ သားဖြစ်သူဆီကို စာရေးခွင့်ပေးတဲ့အပေါ် Kim ဘယ်လိုမြင်လဲ။

Kim Aris ။ ။ ဒါကတော့ အမြဲတမ်းသူတို့ လုပ်နေကျအတိုင်း သူတို့ပဲ ကောင်းတယ်ဆိုတာကို ပြဖို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ ရန်ကုန်မှာရှိတဲ့ အမေ့အိမ်ကို လေလံတင်ရောင်းချဖို့ တရားရုံးက အမိန့်ချမှတ်ထားပါတယ်။
ဆိုလိုတာက အမေ ထောင်ကထွက်လာရင် နေမယ့်အိမ် မရှိအောင်လုပ်တာပါ။ နေပြည်တော်မှာ အမေနေခဲ့တယ်ဆိုတာကလည်း အစိုးရပိုင် အိမ်ပါ။ အဲဒီတော့ ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်းက အိမ်ကို ဆုံးရှုံးမယ်ဆိုရင် အမေ့မှာ ပိုင်ဆိုင်တဲ့ပစ္စည်း မရှိတော့ပါဘူး။ ပြီးတော့ ပရဟိတလုပ်ငန်းတွေအတွက် တည်ဆောက်ထားတဲ့ အမေရဲ့အခြားပိုင်ဆိုင်မှု အားလုံးကို စစ်တပ်က သိမ်းယူထားပါတယ်။

တက္ကသိုလ်ရိပ်သာလမ်းအိမ်ကို အမေက ပရဟိတလုပ်ငန်းတွေအတွက် အသုံးပြုဖို့ ရည်ရွယ်ထားတာပါ။ အခုတော့ စစ်တပ်က အားလုံးကို သိမ်းပိုက်ထားတာဆိုတော့ တနိုင်ငံလုံး ဒုက္ခတွေ ရင်ဆိုင်နေရသလို ကျနော်တို့မိသားစုအတွက် အရာအားလုံး နောက်ပြန်ဆုတ်သွားတာပါ။

အင်ကြင်းနိုင် ။ ။ Kim က ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားတယောက်အနေနဲ့ ဒီ အိမ်ကို လေ့လံတင်ရောင်းချမယ့်ကိစ္စမှာ တားဆီးနိုင်ခွင့် မရှိဘူးလား။

Kim Aris ။ ။ ကျနော်က မြန်မာနိုင်ငံသား မဟုတ်တဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်လို့ ပါဝင်ပတ်သက်လို့ မရပါဘူး။ အဲဒီလိုပဲကျနော့် ဘကြီး− အမေရဲ့အကိုဖြစ်သူကလည်း မြန်မာနိုင်ငံသား မဟုတ်တဲ့အတွက် ဒီအိမ်ကိစ္စမှာ ပိုင်ဆိုင်ခွင့်မရှိပါဘူး။ ဒါပေမဲ့ အမေ ဒုက္ခရောက်အောင် စစ်တပ်က အမြဲလုပ်နေတော့ အခု အိမ်ကိုရောင်းချဖို့လည်း သူတို့က ဥပဒေတွေကို ပြောင်းလဲပြင်ဆင်ပြီး လုပ်ခဲ့တာပါ။

Kim Aris အနေနဲ့ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် ဆေးဝါးနဲ့ အစားအစာ အသုံးအဆောင်တွေ ပို့ဖို့ ပြင်ဆင်နေပြီး ဒီတခါလည်း မိခင်ဆီ ရောက်မယ်လို့ မျှော်လင့်မိကြောင်း ဗွီအိုအေကို ပြောပါတယ်။

XS
SM
MD
LG