သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်သားကိုယ်တိုင်ဦးဆောင်တဲ့ မြန်မာ့အရေးလှုပ်ရှားမှု


Kim Aris ကိုယ်တိုင်ဦးဆောင်နေတဲ့  Freedom tattoo မြန်မာ့အရေး လူသားချင်းစာနာမှု ကမ်ပိန်းလှုပ်ရှားမှု (Zoom Screenshot/Nov 6, 2023)
Kim Aris ကိုယ်တိုင်ဦးဆောင်နေတဲ့  Freedom tattoo မြန်မာ့အရေး လူသားချင်းစာနာမှု ကမ်ပိန်းလှုပ်ရှားမှု (Zoom Screenshot/Nov 6, 2023)

ကမ္ဘာ့သတင်းတွေမှာ အစ္စရေး-ဟားမတ်စ်စစ်ပွဲလွှမ်းမိုးနေချိန် စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံအခြေအနေ နိုင်ငံတကာ ဆက်ပြီးအာရုံစိုက်နိုင်အောင် ကြိုးပမ်းသွားမယ့်အကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ်Kim Aris ကဗွီအိုအေကိုပြောပါတယ်။ Kim Aris ကိုယ်တိုင်ဦးဆောင်နေတဲ့ Freedom tattoo မြန်မာ့အရေး လူသားချင်းစာနာမှု ကမ်ပိန်းလှုပ်ရှားမှုနဲ့ ပတ်သက်လို့ မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။ ။ Kim အနေနဲ့ ဒီ လူသားချင်းစာနာမှုဆိုင်ရာ ကမ်ပိန်းလှုပ်ရှားမှုကို ဘာကြောင့် Freedom tattoo လွတ်မြောက်ရေး တက်တူးလို့ ပေးထားတာလဲ။

Kim Aris ။ ။ အမေက လွတ်လပ်မှုနဲ့ပတ်သက်လို့ မကြာခဏပြောဖူးသလို အကြောက်တရားကနေ ကင်းဝေးဖို့၊ မြန်မာနိုင်ငံမှာ လူတိုင်းမလွတ်မြောက်မချင်း ဘယ်သူမှလွတ်လပ်မှာ မဟုတ်ဘူးဆိုတဲ့အချက်ကို အမေ အမြဲပြောနေတာပါ။ ဒီလိုဖြစ်လာဖို့ သွားရမယ့်ခရီးက ရှည်လျားပါတယ်။ ဒါပေမယ့် မကြာခင်ဖြစ်လာမယ်လို့ မျှော်လင့်သလို ကျနော့်ရဲ့ ကမ်ပိန်းလှုပ်ရှားမှုက အကူအညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

အင်ကြင်းနိုင်။ ။ Kim အနေနဲ့ ဒီကမ်ပိန်းအိုင်ဒီယာကို ဘယ်လိုရခဲ့သလဲ။

Kim Aris ။ ။ အမှန်တကယ်တော့ဒီနှစ် ဧပြီလက အကျဉ်းထောင်ထဲမှာသေသွားတဲ့ ဗမာ့ရိုးရာလက်ဝှေ့သမား တူးတူးကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီကမ်ပိန်းလှုပ်ရှားမှုကို ကျနော်လုပ်တာပါ။ တူးတူးရင်ဆိုင်ခဲ့ရတဲ့အဖြစ်ဆိုးတွေဟာ မြန်မာပြည်မှာ လူအတော်များများကြုံတွေ့နေရတဲ့ အခြေအနေ၊ အဖြစ်အပျက်တွေကို ကိုယ်စားပြုနေပါတယ်။ တူးတူး အလောင်းကို သူ့မိသားစုတွေပြန်မရခဲ့ပါဘူး။ သူမသေခင်မှာ နှိပ်စက်ညှင်းပန်းခံခဲ့ရတယ်လို့ သိရတယ်။ မြန်မာပြည်မှာ လူအတော်များများ ဒီလို ကြုံတွေ့နေရတာပါ။ သူဟာ ကျနော့်လိုပဲ စနေနေ့မှာမွေးခဲ့သူပါ။ မြန်မာဓလေ့အရဆိုရင် စနေနံတွေကို နဂါးက စောင့်ရှောက်တယ်လို့ သတ်မှတ်ထားတာပါ။ ဒါကြောင့်ဒီအယူအဆကို အခြေခံပြီး အခု ဒီရှပ်အင်္ကျီမှာတွေ့ရတဲ့ နဂါးပုံစံအတိုင်း တက်တူးထိုးဖို့ လုပ်ထားတာပါ။ မြန်မာ့ယဉ်ကျေးမှုဓလေ့၊ ယုံကြည်မှုကိုလည်း ဂုဏ်ပြုတဲ့အနေနဲ့လည်းဖြစ်ပါတယ်။ ကျနော်လည်း ဒီတက်တူးကို မကြာခင် ထိုးဖို့ရှိပါတယ်။

အင်ကြင်းနိုင်။ ။ အခု ဒီ Freedom tattoo ကမ်ပိန်းလှုပ်ရှားမှုမလုပ်ခင် အရင်တုန်းက မြန်မာ့အရေး ရန်ပုံငွေရှာဖွေတဲ့ လှုပ်ရှားမှုတွေထဲမှာ Kim ပါဝင်ခဲ့တာတွေ့ရပါတယ်။ အဲဒီတုန်းက လှုပ်ရှားမှုတွေမှာ ဘယ်လို အတွေ့အကြုံတွေရခဲ့ပါသလဲ။

Kim Aris ။ ။ ဒီလို ကမ်ပိန်းလှုပ်ရှားမှုတွေနဲ့ပတ်သက်ရင် ကျနော့်မှာ အတွေ့အကြုံအများကြီးတော့ မရှိပါဘူး။ ဒီနယ်ပယ်ဟာ ကျနော့်အတွက်အသစ်ပါ။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တုန်းကတော့ မြန်မာနိုင်ငံ စစ်ကောင်စီဖိနှိပ်မှုအောက်ရောက်နေတဲ့ ပြည်သူတွေအတွက် အကူအညီပေးရေး ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁.၇ သန်းကျော် ရရှိခဲ့တဲ့ လှုပ်ရှားမှုမှာ ကျနော်ပါဝင်ခဲ့ပါတယ်။ တကယ့်ကို အံ့သြစရာကောင်းပါတယ်။ ဒီငွေအများစုကို ပြည်တွင်းပြည်ပမှာရှိနေတဲ့ မြန်မာအသိုင်းအဝိုင်းက လှူဒါန်းခဲ့ကြတာပါ။ လွန်ခဲ့တဲ့ နှစ်နှစ်ခွဲလောက်ကတည်းက မြန်မာတွေဟာ နေ့စဉ် သူတို့တတ်နိုင်သလောက် လှူဒါန်းခဲ့ကြသလို အခုလည်းပဲ နေ့စဉ် လှူဒါန်းနေကြတုန်းပါ။ ကျနော့် အခုစတင်တဲ့ ကမ်ပိန်းဟာ နိုင်ငံတကာအသိုင်းအဝိုင်းကိုပါ ရောက်ရှိပြီး မြန်မာပြည်သူတွေကို အကူအညီပေးနိုင်ရေး အသိပညာပေးရာမှာ အထောက်အကူဖြစ်ဖို့ မျှော်လင့်ပါတယ်။

အင်ကြင်းနိုင်။ ။ အခုလက်ရှိ ကမ္ဘာမှာ အစ္စရေးနဲ့ ဟားမတ်စ် စစ်ပွဲသတင်းတွေကြီးစိုးနေတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာလည်း အခြေအနေတွေ အတော်လေးဆိုးနေတာပါ။ အဲတော့ နိုင်ငံတကာအနေနဲ့ မြန်မာ့အရေးကို မေ့လျော့ သွားမှာကို စိုးရိမ်နေကြတဲ့အပေါ် Kim အနေနဲ့ ဘယ်လိုမြင်လဲ။

Kim Aris ။ ။ ကမ္ဘာမှာ အခြားအရာတွေ အများကြီး ဖြစ်ပျက်နေတဲ့အချိန်မှာ မြန်မာပြည်ကသတင်းတွေ နိုင်ငံတကာမှာ လွှမ်းမိုးထားဖို့ဆိုတာက ခက်ပါတယ်။ ဒါပေမယ့် ကျနော့်အနေနဲ့ ဆက်ပြီးကြိုးစားသွားမှာပါ။ ကမ္ဘာမှာ စစ်ပွဲတွေ၊ သဘာဝဘေးအန္တရာယ်တွေ ဘယ်လောက်ထိရှိနေသလဲဆိုတဲ့ သတင်းဆိုးတွေကို နေ့စဉ်နဲ့အမျှကြားနေရတဲ့ အခြေအနေတွေကိုလည်း ကျနော် သဘောပေါက်ပါတယ်။

ဒါပေမယ့် မြန်မာပြည်က အခြေအနေတွေဟာ ဖြေရှင်းလို့ရတဲ့အခြေအနေဆိုတာကို လူတွေသဘောပေါက်ဖို့လိုပါတယ်။ မြန်မာပြည်ရဲ့ပြဿနာဟာ အခြားကမ္ဘာပေါ်မှာရှိနေတဲ့ ပဋိပက္ခတွေနဲ့ နှိုင်းယှဉ်ရင် ဘာမှ ရှုပ်ရှုပ်ထွေးထွေးပါဝင်ပတ်သက်မှုမရှိပဲ ဖြေရှင်းနိုင်တဲ့ လမ်းကြောင်းတွေရှိပါတယ်။

အင်ကြင်းနိုင်။ ။ ဒီ Freedom Tattoo ကမ်ပိန်းကနေ ဘာတွေ မျှော်လင့် ထားပါသလဲ။

Kim Aris ။ ။ကျနော့်ရဲ့ လူသားချင်းစာနာမှုအကူအညီပေးရေး ကမ်ပိန်းလှုပ်ရှားမှု အောင်မြင်မယ်လို့ မျှော်လင့်ထားပြီး မြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေကို ကမ္ဘာက ကျယ်ကျယ်ပြန့်ပြန့် သိလာမယ်လို့ မျှော်လင့်ပါတယ်။ ပြီးတော့ ဒီကမ်ပိန်းက ဘာတွေလုပ်နိုင်သလဲ၊ မြန်မာပြည်က လူတွေအတွက် ဘယ်လောက်ကောင်းအောင်လုပ်ပေးနိုင်သလဲဆိုတဲ့ အပြုသဘောဆောင်တဲ့ လက်တွေ့လုပ်ဆောင်မှုတွေ ရလာတာကို တွေ့နိုင်ပါတယ်။ ကုလသမဂ္ဂနဲ့ အခြားနိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံအတွက် ပေးနေတဲ့ရန်ပုံငွေတွေဟာ စစ်တပ်ကနေတဆင့် သွားနေရတဲ့အတွက် လိုအပ်နေတဲ့ သူတွေဆီကို မရောက်ပါဘူး။ ဒီကမ်ပိန်းကနေ တကယ်လိုအပ်နေတဲ့သူတွေဆီကို အကူအညီတွေရောက်အောင် လုပ်နိုင်မယ်လို့မျှော်လင့်ပါတယ်။ ကမ်ပိန်းလုပ်မယ့်အချိန် ငါးပတ်ကြာမှာပါ။ ဒီထက်လည်း နည်းနည်း ပိုကြာနိုင်ဖို့ရှိပါတယ်။ ရန်ပုံငွေလှူဒါန်းချင်သူတွေအနေနဲ့ တီရှပ်တွေဝယ်ပြီး လှူဒါန်းလို့ရပါတယ်။ ဒါမှမဟုတ် နဂါးပုံ တက်တူးထိုးလို့ရပါတယ်။ တီရှပ်တွေ ဝတ်ထားတာတွေ၊ တက်တူးထိုးတဲ့ ပုံတွေကို ကျနော့်ရဲ့ ဖေ့စ်ဘုတ်ကို ပို့ပေးပြီး ဒီကမ်ပိန်းကို ထောက်ခံကြောင်း ပြသနိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG