သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျိုက်မရောအကျဉ်းထောင်မှာ အကျဉ်းသား ၅၀နီးပါး အစာငတ်ခံ ဆန္ဒပြ


ကျိုက်မရော အကျဉ်းထောင်
ကျိုက်မရော အကျဉ်းထောင်

နိုင်ငံရေးအကျဉ်းသားတွေအပေါ် ဖိနှိပ်မှုတွေ ပပျောက်ဖို့အတွက် ကျိုက်မရောအကျဉ်းထောင်မှာ အကျဉ်းသား ၅၀နီးပါး အစာငတ်ခံ ဆန္ဒပြနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်(PPNM) က ပြောပါတယ်။ အကျဉ်းထောင်တွေဘက်က အချက် ၃ချက် လိုက်လျောပေးဖို့ အစာငတ်ခံ ဆန္ဒပြနေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေက တောင်းဆိုထားပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ထောင်တွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်မှုတွေ ပြင်းထန်လို့ ဝေဖန်မှုတွေ ထွက်ပေါ်နေချိန်မှာဘဲ မွန်ပြည်နယ်၊ ကျိုက်မရော အကျဉ်းထောင်မှာ နိုင်ငံအကျဉ်းသားတွေက အစာငတ်ခံ ဆန္ဒပြလာကြတာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းက ကျိုက်မရောအကျဉ်းထောင်တွင်း အကျဉ်းသားတွေ သေဆုံးတဲ့သတင်းတွေ ပြင်ပကိုထွက်ပေါ်လာတဲ့အပေါ် အကျဉ်းထောင်တွင်း လက်ကိုင်ဖုန်းသုံးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဇန်နဝါရီလ(၂၈)ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့က နိုင်ငံရေး အကျဉ်းသားတချို့ကို ခေါ်ယူ စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။

တပါတ်အကြာမှာတော့ နိုင်ငံရေးအကျဉ်းသား(၂)ဦးကို အကြောင်းပြချက်မရှိ ခေါ်‌ဆောင်ရိုက်နှက်ပြီး အကျဉ်းထောင် တိုက်ဆောင်ထဲကို ပို့ခဲ့တာကြောင့် အခုလို အစာငတ်ခံ ဆန္ဒပြတာတွေ ဖြစ်လာတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ရက် နေ့လည်ပိုင်းကနေ စတင် အစာငတ်ခံဆန္ဒပြခဲ့တာ ဖြစ်ပေမယ့် ခုချိန်ထိတော့ ထောင်အာဏာပိုင်တွေဘက်က ဘယ်လိုညှိုနှိုင်းတာမျိုးမှ မရှိသေးဘူးလို့ ပြောပါတယ်။

“လက်ရှိ ကျနော်တို့ဘက်က ထုတ်ပြန်လိုက်တဲ့အပေါ်မှာ ကျနော်တို့ အကျဉ်းသားတွေ ထိခိုက်မှာဆိုးလို့ မထုတ်ပြန်တာတွေရှိတယ်။ ပြေလည်ပါစေတော့ဆိုပြီး ထားပေမယ့် ဒီနေ့၊ မနက်ဖန်မှာ ကျန်းမာရေးအရ ညှိုနှိုင်းမှုလဲမရှိသလို လာရောက်ကြည့်ရှုတာလည်း မရှိဘူး။ လက်ရှိမှာ အကျဉ်းသား ၄၇ယောက်က ကိုယ်ခံအားချိနဲ့နေတယ်။ ၃ရက်နဲ့ ၄ရက် ဝင်လာတဲ့အခါမှာ ၂ယောက်နဲ့ ၇ယောက်မှာ ကျန်းမာရေးက အင်မတန်ကိုမှ အားနည်းနေတယ်။ စိုးရိမ်ရတဲ့အခြေအနေ ဖြစ်နေတယ်။ အရေးပေါ်ဆေးရုံမတင်ရရုံတမယ်ဘဲ ရှိတယ်။ အဲလိုအခြေအနေတွေ ဖြစ်နေပါတယ်။”

ဆန္ဒပြအကျဉ်းသားတွေဘက်က နိုင်ငံရေးအကျဉ်းသားတွေကို တရားလက်လွန် ခေါ်ယူစစ်ဆေးဆောင်ရွက်တာတွေ မလုပ်ဖို့ ၊ လူ့အခွင့်အရေးနဲ့အညီ၊ အကျဉ်းသားတွေရဲ့ ရပိုင်ခွင့်တွေနဲ့အညီ ခံစားခွင့်ပေးဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှု ထိရောက်စွာပေးဖို့ စတဲ့ အချက် ၃ချက်ကို တောင်းဆိုထားတာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) က ဦးသိုက်ထွန်းဦးက ဗွီအိုအေကို ပြောပြပါတယ်။

တောင်းဆိုချက်မရမချင်း အစာငတ်ခံဆန္ဒပြဖို့ အကျဉ်းသားတွေဘက်က ပြင်ဆင်နေတာပါ။ နောက်ပြီး အစာငတ်ခံနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဝန်းရံထောက်ခံတဲ့အနေနဲ့ ကျန်တဲ့နိုင်ငံရေးအကျဉ်းသားအယောက် ၁၇၀ နီးပါးကလည်း အကျဉ်းထောင်ကပေးတဲ့ အစားအသောက်တွေကို စားသောက် သုံးစွဲတာမလုပ်ဘဲ အစာငတ်ခံဆန္ဒပြသူတွေနဲ့ ပူးပေါင်း တိုက်ပွဲဝင်နေတယ်လို့ ဦးသိုက်ထွန်းဦးကပြောပါတယ်။ ကျိုက်မရောထောင်ဟာ ကျန်းမာရေးစောင့်ရှောက်မှု အင်မတန်ဆိုးဝါးတဲ့ အကျဉ်းထောင်မို့ ဒီလူတွေအတွက် စိုးရိမ်စရာအခြေအနေ ဖြစ်နေတယ်လို့ သူက ပြောပါတယ်။

လက်ရှိမှာ ခေါ်ယူစစ်ဆေးခံရပြီး တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေး အကျဥ်းသားနှစ်ဦးဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ - (၅၂) (က) နဲ့ ထောင်ဒဏ်ငါးနှစ် ကျခံထားရသူ၊ ပုဒ်မ (၄၉)၊ ပုဒ်မ (၅၀) (ဈ) တို့နဲ့ ထောင်ဒဏ် ၂၀ နှစ် ကျခံနေရသူတို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါတွေနဲ့ပတ်သတ်လို့ ကျိုက်မရောအကျဉ်းထောင်ကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိလို့ ဒီသတင်းကို ဗွီအိုအေဘက်က သီးခြား အတည်ပြုနိုင်ဖို့ ကြိုးစားဆဲ ဖြစ်ပါတယ်။

ကျိုက်မရောထောင်မှာ ပြီးခဲ့တဲ့ လအစပိုင်းမှာ နိုင်ငံရေးအကျဉ်းသား ၂ဦးဆက်တိုက် သေဆုံးခဲ့ပြီးတဲ့နောက်ပိုင်း ထောင်တွင်းမှာ ဖိနှိပ်မှုတွေ တိုးလာတယ်လို့ ထောင်နဲ့နီးစပ်သူတဦးက အတည်ပြု ပြောဆိုပါတယ်။

ကျိုက်မရောအကျဉ်းထောင်မှာ အခုလို အကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြနေတယ်ဆိုတာ မဟုတ်မှန်ကြောင်း စစ်ကောင်စီကတော့ သတင်းထုတ်ပြန်ထားပါတယ်။


အာဏာသိမ်းပြီးနောက်ပိုင်း ၃နှစ်တာကာလအတွင်း အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးအကျဉ်းသားတွေ ဖိနှိပ်ခံရတာ၊ ခွဲခြား ဆက်ဆံခံရတာတွေ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတာ အဆိုးဝါးဆုံး ကြုံတွေ့နေရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က တာဝန်ရှိသူတဦးက ပြောပါတယ်။

“ဒီကာလမှာ နိုင်ငံရေးအကျဉ်းသားတွေ ဒုက္ခဆင်းရဲမျိုးစုံ ကြုံရတယ်။ ညှင်းပန်းနှိပ်စက်မှုမျိုးစုံ ကြုံရတယ်။ စဖမ်းချိန်ထဲက တချို့ဆို မိသားစုရှေ့မှာတင် ရိုက်နှက် ကန်ကျောက် ညှင်းပန်းနှိပ်စက်တာ ကြုံရတယ်။ ပြီးတော့လည်း စစ်ကြောရေးတွေမှာ ပုံစံမျိုးစုံနဲ့ နှိပ်စက်တာ ကြုံရတယ်။ အကျဉ်းထောင်ထဲရောက်ပြီ ဆိုပြန်တော့လည်း ဒီညှင်းပန်းနှိပ်စက်တာ လွတ်လားဆိုတော့ အကျဉ်းထောင်ထဲမှာလဲ မလွတ်ဘူး။ နောက် အကျဉ်းထောင် အာဏာပိုင်တွေကနေပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်စက်ဖို့အတွက်ကို ရာဇဝတ်အကျဉ်းသားတွေကို လုပ်ပိုင်ခွင့်တွေပေးတယ်။ ရာဇဝတ်အကျဉ်းသားတွေကို နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်စက်ခိုင်းတယ်၊ လက်ကိုင်ဒုတ်မွေးတယ်။ ဒါမျိုးတွေ ထောင်ထဲမှာ ကြုံတွေ့နေရတာကို ကြားသိနေရတယ်။”

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းကလည်း နိုင်ငံရေးအကျဉ်းသားအများစုကို ထိန်းသိမ်းထားတဲ့ မုံရွာအကျဉ်းထောင်ထဲမှာ အစာငတ်ခံဆန္ဒပြ တောင်းဆိုမှု ဖြစ်ပေါ်ခဲ့ပါသေးတယ်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီ ၈ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သူ ၂၅,၀၀၀ကျော် ဖမ်းဆီးခံထားရပြီး အဲဒီထဲက ၉,၀၀၀နီးပါး ထောင်ဒဏ်တွေ ချမှတ် ခံထားရပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီစာရင်းတွေက ချဲ့ကားထားတဲ့ စာရင်းသာဖြစ်တယ်လို့ ပြန်လည် တုံ့ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG