သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Nasser ဆေးရုံမှာ အကြမ်းဖက်သံသယရှိသူ ၁၀၀ ကျော် အစ္စရေးဖမ်းဆီး


Palestinians wounded in the Israeli bombardment of the Gaza Strip are brought to a hospital in Deir al Balah, Gaza Strip, Feb. 17, 2024.
Palestinians wounded in the Israeli bombardment of the Gaza Strip are brought to a hospital in Deir al Balah, Gaza Strip, Feb. 17, 2024.

Nasser ဆေးရုံမှာ အကြမ်းဖက်သံသယရှိသူ ၁၀၀ ကျော် အစ္စရေးဖမ်းဆီး

ဂါဇာတောင်ပိုင်း ခန်းယူနစ်မြို့က နာဆာဆေးရုံမှာ အကြမ်းဖက် သံသယရှိသူ ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း အစ္စရေးစစ်တပ်က စနေနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ သံသယရှိသူ အများအပြားဟာလည်း ဆေးရုံကို ရှာဖွေစီးနင်းမှုအတွင်းမှာ သေဆုံးခဲ့ကြောင်း အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့ (IDF) က ပြောပါတယ်။

အစ္စရေးတပ်ဖွဲ့တွေက ဆေးရုံရဲ့ လျှပ်စစ် ဓာတ်အားပေးစက်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုတော့ IDF က ငြင်းပါတယ်။ အစ္စရေးစစ်တပ်က ဓာတ်အားပေး စက်တွေကို ပစ်မှတ်ထားခဲ့လို့ စက်ချို့ယွင်းပြီး ဆေးရုံမှာ လူနာတချို့သေဆုံးခဲ့ကြောင်း သတင်းတွေ ထွက်ခဲ့တာပါ။

တဖက်မှာလည်း အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant က ဂါဇာတောင်ပိုင်း အီဂျစ်နယ်စပ်က ရာဖာမြို့ကို စစ်ရေးထိုးစစ်ဆင်ဖို့ အသေအချာ ပြင်ဆင်နေပြီလို့ သောကြာနေ့က ပြောပြီးနောက်ပိုင်းမှာ အဲဒီမှာ ခိုလှုံနေကြတဲ့ သိန်းနဲ့ချီတဲ့ ပါလက်စတိုင်း စစ်ဘေးသင့် လူထုရဲ့ လုံခြုံရေးအတွက် နိုင်ငံတကာက စိုးရိမ်မှုတွေ မြင့်တက်နေချိန်ဖြစ်ပါတယ်။

Israel Minister of Defense Yoav Gallant
Israel Minister of Defense Yoav Gallant

အရပ်သားတွေကို ကာကွယ်နိုင်ဖို့ စိတ်ချရတဲ့ အစီအစဥ်တရပ်မရှိဘဲ စစ်ဆင်ရေးကို မလုပ်ဆောင်ဖို့နဲ့ အပစ်အခတ်ရပ်စဲရေးကို အာရုံစိုက်ဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အစ္စရေးကို တိုက်တွန်းထားပါတယ်။ ရာဖာကို ထိုးစစ်ဆင်ရင် နိုင်ငံတွေကြား သံတမန်ဆက်ဆံရေးကို ခြိမ်းခြောက်နိုင်တယ်လို့ အီဂျစ်ကလည်း သတိပေးထားသလို တခြား ကမ္ဘာ့ခေါင်းဆောင် အများအပြားကလည်း အလားတူ စိုးရိမ်ကြောင်း သဝဏ်လွှာတွေ ထုတ်ပြန်ခဲ့ပါတယ်။

ဂါဇာလူဦးရေရဲ့ ထက်ဝက်ကျော်ရှိတဲ့ ခန့်မှန်းခြေ ပါလက်စတိုင်း ၁.၄ သန်းဟာ ရာဖာမြို့မှာရှိနေတာပါ။ အဲဒီထဲက အများစုဟာ ဂါဇာရဲ့ တခြားနေရာတွေက တိုက်ပွဲတွေကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ထွက်ပြေးခဲ့ရသူတွေ ဖြစ်ပါတယ်။

တပြိုင်တည်းမှာပဲ ရာဖာကို အကာအကွယ်ပေးရေး အရေးပေါ်အစီအမံတွေ ချမှတ်ပေးဖို့ တောင်အာဖရိက နိုင်ငံရဲ့ တောင်းဆိုချက်ကို အပြည်ပြည်ဆိုင်ရာတရားရုံး ICJ က သောကြာနေ့မှာ ပယ်ချခဲ့ပါတယ်။ ဒါပေမယ့် အစ္စရေးအနေနဲ့ ပြီးခဲ့တဲ့ လနှောင်းပိုင်းက ချမှတ်ထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ပဏာမအဆင့် ချမှတ်ထားတဲ့ အစီအမံ အမိန့်ကို လေးစားလိုက်နာရမယ်လို့ အလေးပေးပြောပါတယ်။

Israeli soldiers operate in the Gaza Strip
Israeli soldiers operate in the Gaza Strip

ဂါဇာကမ်းမြောင်မှာ လူသေဆုံးစေမှု၊ ဖျက်ဆီးမှုနဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုလို့ သတ်မှတ်နိုင်တဲ့ ပုံစံမှန်သမျှကို တားဆီးရေးအတွက် အစ္စရေးအစိုးရအနေနဲ့ တတ်နိုင်သမျှလုပ်ဆောင်ဖို့ ICJ က အရင်လက အမိန့်ချမှတ်ထားတာပါ။ ဒါပေမဲ့ ဂါဇာကမ်းမြောင်မှာ ထိုးစစ်ဆင်တာတွေကို လုံးဝရပ်ဖို့ တရားရုံးက အမိန့်ပေးတာမျိုးတော့ မရှိပါဘူး။

အစ္စရေးဘက်ကတော့ ဂါဇာမှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ပြင်းပြင်းထန်ထန် ငြင်းဆိုထားပါတယ်။ အရပ်သားတွေ မထိခိုက်ဖို့ တတ်နိုင်သမျှ လုပ်ဆောင်နေတယ်လို့ အစ္စရေးက ပြောပေမယ့် ဟာမတ်စ်က အရပ်သားနေရာတွေမှာ ပုန်းအောင်းနေတဲ့ နည်းဗျူဟာကို ကျင့်သုံးနေတာဖြစ်လို့ အရပ်သားတွေ သေဆုံးဒဏ်ရာရတာကို ရှောင်ရှားဖို့ အစ္စရေးအတွက် ခက်ခဲစေတယ်လို့ အကြောင်းပြ ဖြေရှင်းပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG