သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး လူ့အခွင့်ရေးကောင်စီ တုံ့ပြန်အရေးယူဖို့ SAC-M တောင်းဆို


၂၀၂၁ ခုနှစ် စစ်အာဏာသိမ်း အပြီး ရန်ကုန်မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲမြင်ကွင်း။ ဓာတ်ပုံ - AFP
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်း အပြီး ရန်ကုန်မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲမြင်ကွင်း။ ဓာတ်ပုံ - AFP

မြန်မာနိုင်ငံက ဆိုးရွားပြင်းထန်လာနေတဲ့ အခြေအနေတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအနေနဲ့ မဖြစ်မနေ တုံ့ပြန် အရေးယူရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က မတ်လ ၁၅ ရက်နေ့က ကြေညာချက်ထုတ် တောင်းဆိုလိုက်ပါတယ်။ စစ်တပ်အပေါ် တာဝန်ခံစေမှု အပါအဝင် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် ထူထောင်ရေး မြန်မာလူထုရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ထိထိရောက်ရောက် ကူညီဖို့လိုနေကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လက်ရှိ ဂျနီဗာမှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၅၅ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ပုံမှန်အစည်းအဝေးတွေ အပြီးမှာ ကောင်စီအနေနဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက် ချဖို့ ရှိနေချိန်မှာ SAC-M က အခုလို တိုက်တွန်းနေတာပါ။ အာဏာသိမ်း စစ်ကောင်စီဘက်ကတော့ SAC-M အပါအဝင် နိုင်ငံတကာက ထောက်ပြတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတွေကို ချဲ့ကား ပြောဆိုမှု အဖြစ် အမြဲ တုံ့ပြန်လေ့ရှိသလို နိုင်ငံရေး ရည်ရွယ်ချက်နဲ့ စွပ်စွဲမှု အဖြစ် ပြန်လည် ပြစ်တင်လေ့ရှိပါတယ်။

လူ့အခွင့်အရေးကောင်စီ အစည်အဝေးတွေကို ဖေဖော်ဝါရီလ နှောင်းပိုင်းကနေ ဧပြီလဆန်းအထိ ကျင်းပနေတာပါ။ အဲဒီ အစည်အဝေးကို SAC-M အဖွဲ့ဝင်တွေလည်း အခု မတ်လထဲမှာ တက်ရောက်ခဲ့ပြီး ကုလသမဂ္ဂ တာဝန်ရှိသူတွေ၊ နိုင်ငံတကာ သံတမန်တွေနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာ့အရေး ဆွေးနွေးခဲ့သလို NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ဝင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

လက်ရှိ အချိန်အထိ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအနေနဲ့ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ အချိုးကျ လိုက်လျောညီထွေရှိတဲ့ အရေးယူမှုတွေ ပျက်ကွက်နေလို့ လာမယ့် ဆုံးဖြတ်ချက်ထဲမှာ မြန်မာ့ လူ့အခွင့်အရေးကို ပိုမိုထိထိရောက်ရောက်နဲ့ ကာကွယ်စောင့်ရှောက်ပေးနိုင်ဖို့ လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်တွေကို SAC-M က တောင်းဆိုထားပါတယ်။ မြန်မာ့လူ့အခွင့်အရေး အထူး ခုံရုံးဖွဲ့တာ အပါအဝင် ကုလသမဂ္ဂရဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရား IIMM က စုဆောင်းရရှိထားတဲ့ အထောက်အထားတွေကို အသုံးချပြီး ကျူးလွန်မှုတွေကို ဖော်ထုတ် အရေးယူဖို့ အပြင် မြန်မာစစ်တပ်ဆီ လက်နက်နဲ့ လေယာဥ်လောင်စာဆီ စီးဆင်းနေမှုတွေကို ရပ်တန့်ဖို့လည်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို လူ့အခွင့်အရေး ကောင်စီက တောင်းဆိုဖို့လည်း SAC-M က တိုက်တွန်းထားပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာလည်း မဖြစ်မနေ လိုက်နာရမယ့် လက်နက်နဲ့ လောင်စာဆီ ပိတ်ဆို့အရေးယူမှု ချမှတ်ဖို့နဲ့ မြန်မာနိုင်ငံ အခြေအနေ တခုလုံးကို နိုင်ငံတကာ ရာဇ၀တ်တရားရုံးကို တင် စစ်ဆေး တရားစွဲဆိုဖို့ တောင်းဆိုနိုင်ရေး အတွက်လည်း SAC-M က အကြံပြုထားပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကို နိုင်ငံတကာက ပိုမို အသိအမှတ်ပြု ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း လူ့အခွင့်အရေးကောင်စီအနေနဲ့ တိုက်တွန်းကူညီသင့်တယ်လို့ SAC-M ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

တဖက်မှာလည်း မြန်မာနိုင်ငံတဝန်းမှာ ဖက်ဒရယ်ဒီမိုကရေစီစနစ် ကူးပြောင်းနိုင်ရေးအတွက် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး တော်လှန်ရေးကို လွန်ခဲ့တဲ့ ၃ နှစ်အတွင်းမှာ အောက်ခြေလူထုက တနိုင်ငံလုံး အတိုင်းအတာနဲ့ စတင်ခဲ့ပြီး အခုဆိုရင် ခုခံတော်လှန်ရေး အင်အားစု အစုအဖွဲ့ အသီးသီးက နိုင်ငံတဝန်းမှာ ဒေသန္တရ အုပ်ချုပ်ရေးနဲ့ ကြားဖြတ် အုပ်ချုပ်မှု ဖွဲ့စည်းပုံတွေကို အားကောင်းအောင် လုပ်ဆောင်နေကြကြောင်းလည်း SAC-M ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

တပြိုင်တည်းမှာ အာဏာသိမ်း စစ်တပ်ကတော့ စစ်ရာဇ၀တ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ အပါအဝင် နိုင်ငံတကာဥပဒေ အောက်မှာ အဆိုးရွားဆုံးသော ရာဇ၀တ်မှုတွေ ဖြစ်တဲ့ လူ့အခွင့်အရေး ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ပြီး ပြည်သူတွေရဲ့ ဒီမိုကရေစီ လိုလားချက်တွေကို ဆက်လက် ဟန့်တားနေတယ်လို့ SAC-M ထောက်ပြထားပါတယ်။

လက်နက်ကိုင်ပဋိပက္ခတည်နေရာနဲ့ ဖြစ်ရပ်ဒေတာပရောဂျက် အဖွဲ့ (ACLED) ရဲ့ မှတ်တမ်းတွေအရ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သား ၈,၀၀၀ ထက်မနည်းအပါအဝင် အနည်းဆုံး လူ ၅၀,၀၀၀ သေဆုံးခဲရပြီး ဖြစ်ပါတယ်။ မြေပြင် အတည်ပြုချက်တွေ ရဖို့ ခက်ခဲလို့ ဒီအရေအတွက်ဟာ အမှတ်တကယ် ဖြစ်ပျက်ခဲ့တာထက် ပိုပြီးတော့ လျှော့ချခန့်မှန်းထားတာလို့ ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ အဆိုအရ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးမှာ စစ်တပ်ရဲ့ ပိတ်ဆို့ကန့်သတ်ချက်တွေ ရင်ဆိုင်နေရပြီး အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံတဝန်းမှာ အနည်းဆုံး လူ ၂.၇ သန်း အိုးမဲ့အိမ်မဲ့ ဖြစ်နေကာ အကူအညီ လိုအပ်နေသူ လူပေါင်း ၁၈.၆ သန်းရှိနေပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

ဆက်စပ်သတင်းများ ...

XS
SM
MD
LG