သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယာယီခိုလှုံခွင့် TPS သက်တမ်းတိုးမှု ကန်ရောက်မြန်မာတွေကြိုဆို


အမေရိကန်မှာ ယာယီခိုလှုံခွင့်ပေးတဲ့ TPS ဗီဇာ သက်တမ်းတိုးပေးဖို့ အိမ်ဖြူတော်နားတဝိုက် ဆန္ဒပြနေသူများ။ (AFP)
အမေရိကန်မှာ ယာယီခိုလှုံခွင့်ပေးတဲ့ TPS ဗီဇာ သက်တမ်းတိုးပေးဖို့ အိမ်ဖြူတော်နားတဝိုက် ဆန္ဒပြနေသူများ။ (AFP)


အမေရိကန်ပြည်ထောင်စုကို ဗီဇာအမျိုးအစား တခုခုနဲ့ရောက်လာကြပြီး မြန်မာနိုင်ငံရဲ့အခြေအနေကြောင့် မပြန်လိုသေးတဲ့ မြန်မာနိုင်ငံသားတွေကို အမေရိကန်မှာ ယာယီ ခိုလှုံခွင့်ပေးတဲ့ TPS ဗီဇာသက်တမ်းကို ၂၀၂၅ နိုဝင်ဘာလအထိ သမ္မတ ဂျိုးဘိုင်ဒန်အစိုးရက တိုးပေးလိုက်တဲ့အပေါ် မြန်မာတွေက ကြိုဆိုလိုက်ကြပါတယ်။ ခုလို TPS သက်တမ်း တိုးပေးလိုက်တာနဲ့ ပတ်သက်လို့ သက်ဆိုင်သူတွေရဲ့ အမြင်တွေကို ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။

၂၀၂၀ အမေရိကန်ရွေးကောက်ပွဲမှာ အနိုင်ရပြီး သမ္မတဖြစ်လာခဲ့တဲ့ ဂျိုးဘိုင်ဒန်အစိုးရက အိမ်ဖြူတော်မှာ တာဝန်စယူတဲ့ ၂၀၂၁ ဇန်နဝါရီလထဲမှာပဲ ကမ္ဘာ့နိုင်ငံတချို့က နိုင်ငံသားတွေကို TPS ယာယီ အကာကွယ်ပေးတဲ့ နေထိုင်ခွင့်အဆင့်ရှိ ဗီဇာ ပြန်ထုတ်ပေးဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ ဂျိုးဘိုင်ဒန် မတိုင်ခင် သမ္မတဖြစ်ခဲ့တဲ့ ဒေါ်နယ်ထရမ့် လက်ထက်တုန်းက TPS ဗီဇာတွေကို ပိတ်ပင်ထားခဲ့တာပါ။

၂၀၂၁ ခုနှစ် မတိုင်ခင်တုန်းက TPS ဗီဇာ ထုတ်ပေးသင့်တဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ မပါဝင်ခဲ့ပေမဲ့ ၂၀၂၁ ဖေဖေါ်ဝါရီလ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်မှာတော့ အမေရိကန်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကိုပါ TPS ယာယီခိုလှုံခွင့်ဗီဇာ ထုတ်ပေးဖို့ သမ္မတ ဂျိုးဘိုင်ဒန်အစိုးရက ဆုံးဖြတ်ခဲ့တယ်လို့ ရွှေ့ပြောင်းအခြေချလာတဲ့ မြန်မာနိုင်ငံသားတွေကို အကူအညီပေးနေသူ ဒေါက်တာ ရိုဒင်းငါက ပြောပါတယ်။

" နိုင်ငံတနိုင်ငံက လူတယောက်က ဒီ အမေရိကားကို ပတ်စ်ပို့နဲ့ ဗီဇာနဲ့လာတယ်၊ အမေရိကားမှာ နေစဥ်အတွင်းမှာ သူ့နိုင်ငံထဲ အာဏာသိမ်းမှုဖြစ်တာတို့၊ စစ်ဖြစ်နေတာတို့၊ သဘာဝကပ်ဘေးကြီး ဆိုက်တာတို့၊ အခြား ပဋိပက္ခတွေ ဖြစ်နေလို့ အဲဒီနိုင်ငံသားက သူ့နိုင်ငံကို မပြန်နိုင်ပဲ ဖြစ်နေတယ်ဆိုတဲ့ အခြေအနေမှာ အမေရိကန်အစိုးရကနေ ဒီ TPS ပေါ့ (Temporary Protected Status)ကို ပေးမယ်ဆိုပြီးတော့ အဲဒီအခြေအနေနဲ့ ဆုံးဖြတ်ပြီး ပေးတဲ့သဘော ဖြစ်တယ်။ တခါပေးရင် တနှစ်ခွဲပေါ့နော် ၁၈ လ သူတို့ပေးတာဖြစ်တယ်။ "

ကယ်လီဖိုးနီးယားပြည်နယ်မှာ ကျောင်းလာတက်တဲ့ တက္ကသိုလ်ကျောင်းသူ မမေကမ္ဘာလင်းကတော့ မြန်မာနိုင်ငံမှာ တနေ့တခြား ဆိုးရွားလာတဲ့ အခြေအနေတွေကြောင့် သူ့ရဲ့ နိုင်ငံတကာကျောင်းသားဗီဇာကနေ TPS ဗီဇာကို ပြောင်းလျှောက်လိုက်တာလို့ ပြောပါတယ်။

" မြန်မာနိုင်ငံမှာဆိုရင် စစ်တွေဖြစ်နေတယ်၊ ပြီးတော့ ခုဆိုရင် သမီးတို့အရွယ် အသက်(၁၈)နှစ်ကနေ (၃၀)လောက်ထိအရွယ်တွေကို စစ်မှုထမ်းဖို့ ခေါ်နေတာတွေ ရှိနေတဲ့အခါကျတော့ ဗမာနိုင်ငံကို မပြန်ရဲတော့ပဲ TPS ကို လျှောက်ဖြစ်သွားတယ်။ ပြီးတော့ ဒီမှာလည်း International student visa status (ကျောင်းသားဗီဇာ)ကို ဖျက်ပြီးတော့ TPS status နဲ့ နေလို့ရတယ် အဲဒါကြောင့်မို့လို့ပေါ့ ။ ပြီးရင် TPS နဲ့လည်း ခရီသွားလာခွင့် အထောက်အထား Travel Document တွေဘာတွေ လျှောက်ပြီးတော့ ဗမာနိုင်ငံကလွဲရင် ကျန်တဲ့နိုင်ငံတွေကို ခရီးသွားလို့ ရတယ်လေ။ ဒါက စိတ်လုံခြုံမှုလည်းရတယ် အကာအကွယ်လည်းရတယ်၊ အလုပ်လုပ်ခွင့်ပါ ရသွားတော့ ကျေးဇူးတင်တယ်ပေါ့ရှင့်။ "

အမေရိကန်နိုင်ငံကို အလည်အပတ် Visit ဗီဇာနဲ့ရောက်လာပြီး အမေရိကားမှာ ဘာကြောင့် TPS ဗီဇာ လျှောက်ဖြစ်သွားသလဲဆိုတာ ပြောလာသူက နယူးယောက်မြို့က ကိုသူရသိုက်ထွန်းပါ။

" ဒီ TPS လျှောက်ဖြစ်တာကတော့ ကိုယ့်နိုင်ငံမှာ အာဏာသိမ်းထားပြီးတော့ နိုင်ငံရေးြပဿနာတွေလည်း ရှိနေတယ်။ ကိုယ့်နိုင်ငံကို ပြန်ဖို့က အန္တရာယ်များနေချိန်မှာ အမေရိကားကနေပြီးတော့ အထောက်အကူ ပေးတာပေါ့နော်။ အဲဒါကြောင့် ကျနော်တို့က သူတို့သတ်မှတ်တဲ့ အခြေအနေထဲမှာ အကျုံးဝင်တဲ့အတွက် လျှောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ကျနော်သိတဲ့သူတွေထဲမှာဆိုရင် Visit ဗီဇာနဲ့ ကျောင်းသားဗီဇာနဲ့ ဝင်လာပြီးတော့မှ မြန်မာပြည် ပြန်ဖို့အခက်အခဲဖြစ်ပြီးတော့မှ TPS ကို ပြောင်းလိုက်သူတွေရှိတယ်။ အဲဒါအပြင်ကို ဘာသာရေးဗီဇာနဲ့ ဝင်လာတဲ့ သံဃာတွေဆိုရင်လည်း TPS ကို ပြောင်းလိုက်တဲ့ ဘုန်းကြီးတွေ ရှိပါတယ်။ ကျနော်တို့ခုလို မြန်မာပြည်မှာ အခက်အခဲ ဖြစ်နေတဲ့အချိန်မှာ အမေရိကားမှာ လုံလုံခြုံခြုံနဲ့ နေခွင့်ရတယ်ပေါ့နော်။ အဲဒါကြောင့် ဂျိုးဘိုင်ဒန်အစိုးရကပေးတဲ့ TPS status အတွက်ကို အများကြီး ကျေးဇူးတင်စရာရှိပါတယ်။ "

၂၀၂၁ ဖေဖေါ်ဝါရီလ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ချိန်မှာ အမေရိကန်နိုင်ငံကို ခေတ္တရောက်ရှိနေသူ မြန်မာနိုင်ငံသား ၉၀၀ ဝန်းကျင်လောက်ရှိတယ်လို့ ရွှေ့ပြောင်းအခြေချသူတွေကို ကူညီနေတဲ့အဖွဲ့တွေက ပြောပါတယ်။ PEW သုတေသနအဖွဲ့ စစ်တမ်းတွေအရ ၂၀၂၂ ခုနှစ်တုန်းက TPS ဗီဇာ ခံစားခွင့်ရှိသူ မြန်မာနိုင်ငံသား ၂,၁၂၀ ကျော်ရှိခဲ့ရာက ၂၀၂၄ ခုနှစ်စာရင်းအရ အမေရိကန်ကို နောက်ထပ်ဝင်လာတဲ့ မြန်မာတွေထဲက ၇,၃၀၀ ဟာ TPS ဗီဇာ လျှောက်ထားနိုင်ပြီး အကျိုးခံစားခွင့် ရှိမယ်လို့ ဆိုပါတယ်။

လောလောဆယ် အမေရိကန်နိုင်ငံထဲကို အမြဲတမ်းနေထိုင်ခွင့်ဗီဇာ မဟုတ်တဲ့ အခြားဗီဇာ အမျိုးအစားနဲ့ ရောက်နေသူ နိုင်ငံစုံက လူဦးရေစုစုပေါင်း အကြမ်းဖျင်းအားဖြင့် (၂၂)သန်းလောက်ရှိပြီး အဲဒီထဲကမှ မြန်မာနဲ့ တချို့နိုင်ငံသား စုစုပေါင်း (၁.၂)သန်းလောက်ဟာ TPS ဗီဇာကို ရရှိတာ ဒါမှမဟုတ် လျှောက်ထားဖို့ အကျုံးဝင်သူတွေ ဖြစ်တယ်လို့ PEW သုတေသနအဖွဲ့ စာရင်းမှာ ဖေါ်ပြထားပါတယ်။ ၂၀၂၅ နိုဝင်ဘာထိ TPS သက်တမ်းတိုးပေးခံရတဲ့ နိုင်ငံပေါင်း (၁၆)နိုင်ငံရှိပြီး အာဖဂန်နစ္စတန်၊ ကင်မရွန်း၊ အယ်လ်ဆာဗေးဒေါ၊ အီသီယိုပီးယား၊ ဟေတီ၊ ဟွန်ဒူးရပ်စ်၊ နီပေါ၊ နိုက်ကာရာဂွါ၊ ဆိုမာလီယာ၊ ဆူဒန်၊ တောင်ဆူဒန်၊ ဆီးရီးယား၊ ယူကရိန်း၊ ဗန်နီဇွဲလား၊ ယီမင်နဲ့ မြန်မာ နိုင်ငံတွေပဲ ဖြစ်ပါတယ်။

TPS ဗီဇာ ရရှိထားသူတွေဟာ အမေရိကန်မှာ ခိုလှုံခွင့် ဆက်လျှောက်ထားနိုင်ပြီး ၊ အဲဒီကတဆင့် အမြဲတမ်းနေထိုင်ခွင့် (Green Card)နဲ့ နောက်ပိုင်းမှာ နိုင်ငံသား ခံယူနိုင်တဲ့အဆင့်တွေထိ လုပ်သွားနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီ ၂၀၂၄ ခုနှစ် နိုဝင်ဘာလကျရင် အမေရိကန်သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ရှိတာမို့ သမ္မတ အပြောင်းအလဲတွေ ဖြစ်လာခဲ့ရင် ဒီ လူဝင်မှုကြီးကြပ်ရေး မူဝါဒဟာလည်း အပြောင်းအလဲတွေ ဖြစ်သွားနိုင်တယ်လို့ ဒေါက်တာ ရိုဒင်းငါက သုံးသပ်ပါတယ်။

" အမေရိကန်နိုင်ငံရဲ့ ပေါ်လစီက သမ္မတအပေါ်မှာလည်း အရမ်း မူတည်တယ်ပေါ့လေ။ အယ် သမ္မတ ထရမ့်သာ အနိုင်ပြန်ရခဲ့မယ်ဆိုရင် သူကတော့ နိုင်ငံခြားသား ဒီ Immigrants (ရွှေ့ပြောင်းအခြေချလိုသူ)တွေပေါ်မှာ တင်းမာတဲ့မူဝါဒ သူ့မှာရှိတာဆိုတော့ TPS သက်တမ်းကို ထပ်မတိုးပေးတော့တာမျိုးလည်း ဖြစ်လာနိုင်တယ်။ နောက် ဂျိုးဘိုင်ဒန်သာ ဆက်ပြီးနိုင်မယ်ဆိုရင်တော့ ဘိုင်ဒန်အစိုးရဘက်ကတော့ Immigrant တွေကို စာနာ နားလည်မှုရှိတဲ့ သဘောထား ရှိတဲ့အတွက် TPS ကိုထပ်ပြီး သက်တမ်းတိုးနိုင်မယ့် အခြေအနေတွေ ရှိမယ်လို့ ကျနော်သုံးသပ်ပါတယ်။ "

TPS ဗီဇာ အမျိုးအစားအတွက် လဝကရဲ့ I- 821 ပုံစံကို ဖြည့်စွက် လျှောက်ထားနိုင်ပြီး အလုပ်လုပ်ခွင့် ပါမစ်ကိုပါ တပြိုင်နက်ထဲ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။ TPS အတွက် (၇၅)ဒေါ်လာ ပေးသွင်းရပြီး ၊ အလုပ်လုပ်ခွင့် ပါမစ်အတွက် ဒေါ်လာ(၄၅၀) ပေးသွင်းရတယ်လို့ သိရပါတယ်။

Forum

XS
SM
MD
LG