သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားမပါတဲ့ ယူကရိန်းငြိမ်းချမ်းရေး ညီလာခံ


ဆွစ်ဇာလန်နိုင်င့ Buergenstock အပန်းဖြေဟိုတယ်မှာ ကျင်းပတဲ့ ယူကရိန်းငြိမ်းချမ်းရေး ထိပ်သီးညီလာခံမြင်ကွင်း။
ဆွစ်ဇာလန်နိုင်င့ Buergenstock အပန်းဖြေဟိုတယ်မှာ ကျင်းပတဲ့ ယူကရိန်းငြိမ်းချမ်းရေး ထိပ်သီးညီလာခံမြင်ကွင်း။

ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ် အဆုံးသတ်နိုင်ဖို့ ရည်ရွယ်တဲ့ ငြိမ်းချမ်းရေး ထိပ်သီးညီလာခံကို စနေနေ့က ဆွစ်ဇာလန်မှာ စတင်ခဲ့ပြီး နိုင်ငံပေါင်း ၉၀ ကျော်က ခေါင်းဆောင် စုဝေးခဲ့ကြပေမယ့် ရုရှားကိုယ်စားလှယ်အဖွဲ့ပါဝင်ခြင်း မရှိသလို တရုတ်နိုင်ငံကလည်း တက်ရောက်ခြင်း မရှိပါဘူး။

နာမည်ကျော် Lucerne ရေအိုင်ကြီးအနီးက Bürgenstock အပန်းဖြေဟိုတယ်မှာ ကျင်းပတဲ့ ဒီညီလာခံမှာ ကမ္ဘာ့ခေါင်းဆောင်တွေဟာ ယူကရိန်းသမ္မတ ဗလိုဒီမီယာ ဇယ်လန်းစကီး အဆိုပြုထားတဲ့ အချက် ၁၀ ချက်ပါ ငြိမ်းချမ်းရေး အစီအစဥ်ကို ထောက်ခံပေးပြီး ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ရုရှားကို ဖိအားပေးဖို့ ရှိပါတယ်။

ဆွေးနွေးပွဲတွေအတွင်းမှာ စားနပ်ရိက္ခာ ပြဿနာနဲ့ နျူကလီးယားလုံခြုံရေးလို့ စစ်ပွဲကြောင့် ဖြစ်ပေါ်နေတဲ့ ကျယ်ပြန့်တဲ့ စိုးရိမ်ချက်တွေကို ဆွေးနွေးဖို့ရှိပြီး ယူကရိန်းစစ်ပွဲမှာ ရုရှားကို “ရန်လိုသူ” အဖြစ် သတ်မှတ်မယ့် ဆုံးဖြတ်ချက် မူကြမ်းကို ရနိုင်ဖို့ မျှော်လင့်ထားကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

ယူကရိန်းသမ္မတ ဇယ်လန်းစကီးရဲ့ စနေနေ့ ညီလာခံ မိန့်ခွန်းထဲမှာတော့ သူ့ရဲ့ အဆိုပြုချက်တွေကို တက်ရောက်လာတဲ့ တခြားနိုင်ငံတွေက သဘောတူညီပြီးတာနဲ့ ဒါကို ရုရှားနိုင်ငံကို ပေးပို့မှာဖြစ်ပြီး အဲဒီနောက်မှာတော့ ဒုတိယအကြိမ်မြောက် ငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေးကျင်းပပြီး “စစ်ပွဲ တကယ် အဆုံးသတ်နိုင်ရေး ဆွေးနွေးကြမယ်“လို့ ပြောပါတယ်။


နှစ်ရက်တာ ကျင်းပမယ့် ဒီညီလာခံကနေ "တရားမျှတတဲ့ ငြိမ်းချမ်းရေး" ဖော်ဆောင်နိုင်ဖို့ မျှော်လင့်ကြောင်းလည်း ယူကရိန်းခေါင်းဆောင်က ပြောပါတယ်။ ဆွစ်ဇာလန်သမ္မတ Viola Amherd နဲ့အတူ သတင်းစာရှင်းလင်းပွဲ လုပ်တဲ့ အချိန်မှာလည်း ယူကရိန်းဟာ ဒီစစ်ပွဲကို ဘယ်တုန်းကမှ မလိုလားခဲ့ကြောင်းနဲ့ ဒါဟာ ရာဇ၀တ်မှုဖြစ်ပြီး ရုရှားဘက်က ပြောင်ပြောင်တင်းတင်း ရန်စကာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ခဲ့ကြောင်း ဇယ်လန်းစကီးက ပြောပါတယ်။ ဒီပဋိပက္ခတခုလုံးကနေ တွေးဆမရနိုင်တဲ့ ဆင်းရဲဒုက္ခတွေ ယူဆောင်လာတယ်လို့လည်း သူက ဆိုပါတယ်။

ထိပ်သီးဆွေးနွေးပွဲအပြီး ထွက်ပေါ်လာမယ့် ကြေညာချက်တွေကနေ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်ကို ပုံဖော်ပေးနိုင်ဖို့ မျှော်လင့်ကြောင်းလည်း ဇယ်လန်းစကီးက ပြောပါတယ်။ ဒါ့ပေမယ့် ဒီညီလာခံမှာ တရုတ် မပါခဲ့တာကြောင့် ရုရှားကို နိုင်ငံတကာ ဇာတ်ခုံမှာ အထီးကျန်ဖြစ်စေမယ့် မျှော်လင့်ချက်တွေလည်း လျော့ပါးစေခဲ့ပါတယ်။ တရုတ် ဘက်ကတော့ ဒီလို ငြိမ်းချမ်းရေးညီလာခံမျိုးမှာ ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံစလုံး တက်ရောက်ဖို့ လိုအပ်ကြောင်း ထုတ်ပြောထားပါတယ်။

ဇယ်လန်းစကီးရဲ့ အစီအစဉ်ထဲမှာ ရန်လိုမှုတွေ ရပ်စဲရေး၊ ယူကရိန်းပိုင်နက်နယ်မြေကို အသိအမှတ်ပြု ပြန်လည် ထူထောင်ရေး၊ ယူကရိန်းမြေပေါ်ကနေ ရုရှားတပ်တွေ ဆုတ်ခွာရေး၊ စစ်မဖြစ်မီကအတိုင်း ရုရှားနဲ့ ယူကရိန်း နယ်နိမိတ် သတ်မှတ်ရေးနဲ့ ရုရှားရဲ့ စစ်ရာဇ၀တ်မှုတွေကို တရားစွဲဆို စစ်ဆေးနိုင်ရေး အထူးခုံရုံး ထူထောင်ဖို့ စတဲ့ တောင်းဆိုချက်တွေပါဝင်ပါတယ်။

Forum

XS
SM
MD
LG