သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀င်းနိမ္မိတာရုံဆရာတော် ရုပ်ကလာပ် ဒီကနေ့ မီးပူဇော်မည်


ပျံလွန်တော်မူသွားတဲ့ ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသရဲ့ ဓါတ်ပုံ (Facebook/Acara Buddhi)
ပျံလွန်တော်မူသွားတဲ့ ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသရဲ့ ဓါတ်ပုံ (Facebook/Acara Buddhi)

စစ်တပ်က ပစ်ခတ်လို့ ပျံလွန်တော်မူသွားတဲ့ ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ ရဲ့ ဈာပန အခမ်းအနားကို ဆရာတော်ကျောင်းဖြစ်တဲ့ ပဲခူးမြို့ ၀င်းနိမ္မိတာရုံကျောင်းမှာ ဒီကနေ့ ကျင်းပနေပါတယ်။ အနယ်နယ်အရပ်ရပ်က ဆရာတော် သံဃာတော်တွေ ရာနဲ့ချီ ကြွရောက်ပြီး ဆရာတော် ရုပ်ကလာပ်တော်ကို နောက်ဆုံး ပူဇော်တဲ့အနေနဲ့ တရားဓမ္မတွေ ဟောကြားနေပါတယ်။ ဒကာ၊ ဒကာမတွေ အပါအဝင် လူပေါင်း ရာချီပြီး ဆရာတော် ရုပ်ကလာပ်ကို လာရောက် ဖူးမျှော်နေကြပါတယ်။ ဆရာတော်ပျံလွန်တော်မူချိန်မှာ သက်တော် (၇၈)နှစ်၊ သိက္ခာတော် (၅၈)ဝါရှိပြီးဖြစ်ပါတယ်။

ဇွန်လ (၁၉)ရက်နေ့က မန္တလေးကိုကြွဖို့ လေယာဥ်နဲ့ဆိုက်ရောက်လာတဲ့ ၀င်းနိမ္မိတာရုံ ဆရာတော်နဲ့ ကံသုံးဆင့် ဆရာတော်နှစ်ပါး စီးနင်းလိုက်ပါလာတဲ့ ကားကို တံတားဦးလေဆိပ်နားမှာ စစ်တပ်က သေနတ်နဲ့ အချက်ပေါင်းများစွာပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ ဝင်းနိမ္မိတာရုံဆရာတော်ကတော့ အဲဒီနေရာမှာတာ ပျံလွန်တော် မူသွားခဲ့တာဖြစ်ပြီး ကံသုံးဆင့်ဆရာတော်နဲ့ ကားပိုင်ရှင် ယာဥ်မောင်းကတော့ ဒဏ်ရာအနည်းငယ်စီ ရရှိခဲ့ပါတယ်။

ဝင်းနိမ္မိတာရုံဆရာတော်ရဲ့ ရုပ်ကလာပ်ကို ဒီကနေ့ ညနေမှာ လောင်တော်တိုက်ကို တပည့်သံဃာတော်တွေ ပင့်ဆောင်ပြီး သင်္ဂြိုဟ်မှာဖြစ်ပါတယ်။ ဆရာတော်ရဲ့ အရိုးပြာကိုတော့ မနက်ဖြန် မှာ သိမ်ဇရပ် စစ်တောင်းမြစ်မှာ မျှောဖို့ စီစဥ်ထားကြောင်း ဆရာတော်ရဲ့ ဈာပန အခမ်းအနားအစီအစဥ်မှာ ဖေါ်ပြထားပါတယ်။

စစ်တပ်ရဲ့ ပရမ်းပတာပစ်ခတ်သတ်ဖြတ်မှုကြောင့် ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူသွားရတဲ့ အပေါ်မှာ စစ်ကိုင်းတိုင်းအပါအ၀င် ဒေသတချို့မှာ သံဃာတော်တွေဟာ စစ်တပ်နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဗုဒ္ဓဝိနည်းတော်နဲ့အညီ စတင် ကံဆောင်သပိတ်မှောက်နေကြပါတယ်။

သေနတ်ပစ်ခတ်ခံရလို့ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူသွားတာနဲ့ ပတ်သက်လို့ ဇွန်လ (၂၄) ရက်နေ့က ပေးပို့ခဲ့တဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တောင်းပန်စာမှာတော့- သူ့အနေနဲ့ ၀မ်းနည်းကြေကွဲမိကြောင်း ဖေါ်ပြထားပေမဲ့ ဆရာတော်နှစ်ပါး စီးလာတဲ့ကားမှာ သာသနာရေး အမှတ်အသား မပါသလို အိမ်စီးကားလည်းဖြစ်ပြီး အရှိန်ပြင်းစွာ မောင်းနှင်လာတာကြောင့် မှန်ချစစ်ဆေးခံဖို့ တားမြစ်ခဲ့ပေမယ့် ဆက်မောင်းသွားတဲ့အတွက် ပစ်ခတ်ခဲ့ရတာလို့ ရေးသားထားပါတယ်။

Forum

XS
SM
MD
LG