သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆားဘီးယား အစ္စရေးသံရုံး အတိုက်ခိုက်ခံရ


ဘယ်လ်ဂရိတ်မြို့တော်က အစ္စရေးသံရုံး တိုက်ခိုက်ခံရမှုကို ဆားဘီးယား ဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီး နှစ်ဦးစလုံးက အကြမ်းဖက်လုပ်ရပ်အဖြစ် သတ်မှတ်ထား
ဇွန်လ ၂၉ ရက်နေ့က ဘယ်လ်ဂရိတ်မြို့တော်က အစ္စရေးသံရုံး တိုက်ခိုက်ခံရမှုကို ဆားဘီးယား ဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီး နှစ်ဦးစလုံးက အကြမ်းဖက်လုပ်ရပ်အဖြစ် သတ်မှတ်ထား

ဆားဘီးယားနိုင်ငံ၊ ဘယ်လ်ဂရိတ်မြို့တော်က အစ္စရေးသံရုံးမှာ စနေနေ့က ဒူးလေး အသုံးပြုတဲ့ တိုက်ခိုက်မှု တခု ဖြစ်ခဲ့ပြီး အစောင့် ဆားဘီးယားရဲအရာရှိတဦး ဒဏ်ရာရခဲ့ကြောင်း ဆားဘီးယား ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ တိုက်ခိုက်ခဲ့သူဟာ ဆားဘီးယားလူမျိုး တယောက်ဖြစ်ကာ ရဲအရာရှိရဲ့ သေနတ်နဲ့ တုံ့ပြန်ပစ်ခတ်မှုကြောင့် သေဆုံးသွားတယ်လို့ ပြည်ထဲရေးဝန်ကြီး Ivica Dacic က သတင်းထောက်တွေကို ပြောပါတယ်။ ရဲအရာရှိဟာ “မိမိကိုယ်ကို ခုခံကာကွယ်တဲ့အနေနဲ့ သေနတ်ကို အသုံးပြုခဲ့ရတယ်” လို့ ဆိုပါတယ်။

ရဲအရာရှိဟာ လည်ပင်းမြားထိမှန်ဒဏ်ရာကြောင့် ဆေးရုံကို ခေါ်သွားချိန်မှာ သတိလစ်တဲ့ အထိ ဒဏ်ရာ ပြင်းထန်ခဲ့ပေမယ့် ခွဲစိတ်ကုသမှု ခံယူပြီး မြားတံကို ဖယ်ရှားပြီးချိန်မှာတော့ စိုးရိမ်ရတဲ့ အခြေအနေမှာ မရှိတော့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ တိုက်ခိုက်သူ မည်သူမည်ဝါဖြစ်ကြောင်းကိုတော့ စိစစ်နေဆဲဖြစ်ပြီး "တိုက်ခိုက်မှု အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်" ဆားဘီးယား ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

ဒါပေမယ့် ဆားဘီးယားအာဏာပိုင်တွေရဲ့ AFP သတင်းဌာနကို ပြောဆိုချက်မှာတော့ တိုက်ခိုက်သူဟာ ဘယ်လ်ဂရိတ်မြို့တော်နဲ့ မိုင် ၃၀ အကွာမှာ ရှိတဲ့ Mladenovac မြို့မှာ ၁၉၉၉ ခုနှစ်မှာ မွေးဖွားခဲ့သူဖြစ်ပြီး နောက်ပိုင်းမှာ ဘော့စနီးယားမွတ်စလင်လူနည်းစုတွေ အဓိက နေထိုင်ရာ Novi Pazar ဒေသကို ပြောင်းရွှေ့ခဲ့ပြီး အစ္စလာမ်ဘာသာကို ကူးပြောင်းခဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။ ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ ထိုးစစ်တွေကြောင့် နိုင်ငံတကာက ဖိအားတွေ ရှိနေပေမယ့် ဆားဘီးယားကတော့ အစ္စရေးနဲ့ အနီးကပ် ဆက်လက် ဆက်ဆံနေချိန်မှာ အခုတိုက်ခိုက်မှု ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီအမှုကို အထူးရှေ့နေတွေက လွှဲပြောင်းယူခဲ့ပြီး လူအများကိုလည်း ကြိုတင်ကာကွယ်မှုအနေနဲ့ ဖမ်းဆီးထားတယ်လို့ ပြည်ထဲရေးဝန်ကြီး Dacic ကတော့ ပြောပါတယ်။ ပြည်ထဲရေးဝန်ကြီးက တိုက်ခိုက်မှုက ပိုမိုကြီးမားတဲ့ ခြိမ်းခြောက်မှုရဲ့ အစိတ်အပိုင်းဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ မှတ်ချက်ပြုပေမယ့် ဆားဘီးယားဝန်ကြီးချုပ် Milos Vucevic က ဒါဟာ "လူတဦးတယောက်ကျူးလွန်းတဲ့ ရာဇ၀တ်မှု" လို့ ခေါ်ဆိုခဲ့ပါတယ်။

Beta သတင်းဌာနမှာ ဖော်ပြတဲ့ ဝန်ကြီးချုပ်ရဲ့ မှတ်ချက်စကားတွေထဲမှာ ဒီအဖြစ်အပျက်ဟာ "ဘယ်ဘာသာ၊ ဘယ်လူမျိုးနဲ့ မသက်ဆိုင်တဲ့ ရူးသွပ်မှုတခု" လို ဖော်ပြထားပါတယ်။ ဒါပေမယ့် ဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီး နှစ်ဦးစလုံးက ဒီဖြစ်ရပ်ကို အကြမ်းဖက်လုပ်ရပ်အဖြစ် သတ်မှတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG