သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး-ဟားမတ်စ် အပစ်ရပ်ရေး နောက်အပတ် ပြန်ညှိနှိုင်းမည် (အစ္စရေး ဝန်ကြီးချုပ်)


အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu
အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu

အစ္စရေး- ဟားမတ်စ် စစ်ပွဲ အပစ်ရပ်ရေး ညှိနှိုင်းမှုတွေကို လာမယ့် သီတင်းပတ်ထဲ ပြန်လုပ်မှာ ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ရုံးက သောကြာနေ့မှာ ပြောပါတယ်။ Doha မှာ ကာတာနိုင်ငံက ညှိနှိုင်းရေးကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တဲ့ အစ္စရေးထောက်လှမ်းရေး Mossad အဖွဲ့ အကြီးအကဲ ဒေးဗစ်ဘာနီယာ ပြန်ရောက်လာပြီးနောက်မှာ အစ္စရေးက အခုလို သတင်းထုတ်ပြန်တာပါ။

ဒါပေမယ့် အပစ်ရပ်ရေးနဲ့ ဓါးစားခံ ပြန်လွှတ်ပေးရေး သဘောတူညီချက်နဲ့ ပတ်သက်ပြီး ၂ ဘက်ကြား ကွာဟချက် ရှိနေဆဲပဲလို့လည်း ပြောပါတယ်။ ဟားမတ်စ်ပြောခွင့်ရကတော့ ဂါဇာအပစ်ရပ်ရေး အမေရိကန်တင်သွင်းတဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး ပြင်ဆင်ဖို့ သူတို့ရဲ့ပြောဆိုချက်တွေအပေါ် ကြားဝင်ညှိနှိုင်းသူတွေက အပြုသဘောဆောင် တုံ့ပြန်တယ်လို့ သောကြာနေ့မှာ ပြောပါတယ်။ ဒါပေမယ့် အစ္စရေးဘက်က အနေထားတော့ ရှင်းရှင်းမသိရသေးဘူးလို့ ပြောပါတယ်။

အမေရိကန် သမ္မတအိမ်ဖြူကတော့ သမ္မတဂျိုးဘိုင်ဒန်ဟာ ဒီလထဲ ဝါရှင်တန်ဒီစီကို လာဖို့ရှိတဲ့ အစ္စရေးဝန်ကြီးချုပ် Netanyahu နဲ့ တွေ့ဆုံနိုင်ဖွယ်ရှိတယ်လို့ သောကြာနေ့မှာ ပြောပါတယ်။

အနောက်ဖက်ကမ်း ဒေသက Jenin မြို့မှာ အစ္စရေးစစ်တပ်ရဲ့ အကြမ်းဖက်နှိမ်နင်းတဲ့ စစ်ဆင်ရေးကြောင့် ပါလက်စတိုင်း ၇ ဦး သေဆုံးခဲ့ရချိန်မှာပဲ အခုလို ဂါဇာအပစ်ရပ်ရေးဆိုင်ရာ ဆွေးနွေးပွဲအကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အဲဒီဒေသမှာ အကြမ်းဖက်သမားတွေ အကာအကွယ်ယူပီး ခိုလှုံနေတဲ့ အဆောက်အဦးတခုကို အစ္စရေးတပ်သားတွေက ဝိုင်းထားပြီး ၂ ဘက် အပြန်အလှန် ပစ်ခတ်နေချိန်မှာပဲ လေကြောင်းကနေပါ တိုက်ခိုက်ခဲ့တာကြောင့် လက်နက်ကိုင်အကြမ်းဖက်သမား အများအပြား ထိမှန်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။

အစ္စရေးအစိုးရက သူတို့သိမ်းထားတဲ့ အနောက်ဖက်ကမ်းဒေသမှာ အခြေချသူတွေနေဖို့ နေအိမ် ၅၃၀၀ လောက် ဆောက်ဖို့ စီစဉ်နေကြောင်း ထုတ်ပြောပြီး နောက်တနေ့မှာပဲ စစ်သွေးကြွတွေ အခိုင်အမာ ခြေကုပ်ယူထားတဲ့ Jenin မှာ အခုလို ပစ်ခတ်မှု ဖြစ်ပွါးတာပါ။

အခုလို နေအိမ်တွေတည်ဆောက်ပြီး အခြေချသူတွေများလာအောင် လုပ်တာဟာ သဘောထားတင်းမာတဲ့ အစ္စရေး အစိုးရရဲ့ အနောက်ဖက်ကမ်းဒေသမှာ ပါလက်စတိုင်းနိုင်ငံ မထူထောင်နိုင်အောင် ကြိုးစားတဲ့နည်းဗျူဟာ အစိတ်ပိုင်း တခု ဖြစ်ပါတယ်။

ပါလက်စတိုင်းတွေကတော့ ၁၉၆၇ ကတည်းက အစ္စရေးသိမ်းထားတဲ့ အနောက်ဖက်ကမ်းဒေသ၊ အရှေ့ဂျေရူစလင်နဲ့ ဂါဇာဒေသတွေကို ပြန်ယူပြီး လွတ်လပ်တဲ့နိုင်ငံ ထူထောင်ချင်နေတာ ဖြစ်ပါတယ်။

ဟားမတ်စ်တွေက အောက်တိုဘာ ၇ ရက်မှာ အစ္စရေးတောင်ပိုင်းကို ဝင်တိုက်ခဲ့တဲ့ အတွက် လူပေါင်း ၁,၂၀၀ လောက်သေဆုံးခဲ့ရသလို ဓါးစာခံ ၂၀၀ ကျော် အဖမ်းခံရချိန်ကစပြီး အစ္စရေးရဲ့ လက်တုံ့ပြန် တိုက်ခိုက်မှုကြောင့် အနောက်ဖက်ကမ်းဒေသမှာ အကြမ်းဖက်မှုတွေ တိုးလာနေတာ ဖြစ်ပါတယ်။ အခုချိန်အထိဆို ဂါဇာစစ်ပွဲကြောင့် သေဆုံးရတဲ့ ပါလက်စတိုင်းသား ၃၈,၀၀၀ ကျော်ရှိနေပြီလို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG