သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီခေါင်းဆောင် မိန့်ခွန်းအပေါ် ရခိုင်ဒေသခံတချို့အမြင်


မြန်မာနိုင်ငံရဲ့ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြောကြားနေစဉ် (ဩဂုတ် ၅၊ ၂၀၂၄)
မြန်မာနိုင်ငံရဲ့ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြောကြားနေစဉ် (ဩဂုတ် ၅၊ ၂၀၂၄)

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒေသခံတွေ ဒုက္ခရောက်နေတဲ့အပေါ် အာရက္ခတပ်တော် AA ခေါင်းဆောင်တွေကြောင့်လို့ စစ်ကောင်စီ အကြီးအကဲက ပြစ်တင်ပြောဆိုလိုက်တဲ့အပေါ် တုံ့ပြန်ချက်တွေ ထွက်ပေါ်လာပါတယ်။ စစ်ကောင်စီ အကြီးအကဲရဲ့ မနေ့တုန်းက မိန့်ခွန်းဟာ လက်တွေ့နဲ့ ကင်းကွာနေတယ်လို့လည်း ဒေသခံတချို့က ပြောကြပါတယ်။ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းအပေါ် ရခိုင်ပြည်နယ်က ဒေသခံတချို့ အမြင်တွေနဲ့ ပတ်သက်လို့ ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် ပြီးခဲတဲ့ ၂၀၂၃ခုနှစ် နို်ဝင်ဘာလကတည်းက စပြီး စစ်ကောင်စီနဲ့ အာရက္ခတပ် တော်AAကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့တာ ဒီကနေ့ အထိဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် မြို့ရွာတွေ မီးလောင်ပျက်စီးခဲ့တာတွေ တော်တော်များများရှိသလို အရပ်သားထိခိုက် သေဆုံးတာတွေလည်း ရာနဲ့ချီရှိနေတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေလည်း သိန်းနဲ့ချီရှိနေသလို ဒေသတွင်း စားနပ်ရိက္ခာနဲ့ ဆေးဝါးရှားပါးတာတွေကိုလည်း ရင်ဆိုင်နေကြရတာပါ။

အခုလို ရခိုင်ဒေသအတွင်း မငြိမ်မသက်မှုတွေနဲ့ ဒေသခံတွေပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားနဲ့ စားဝတ်နေရေးတွေကို ထိခိုက်ပျက်စီးနေတာဟာ AAခေါင်းဆောင် တွေကြောင့် ဖြစ်တယ်လို့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောတဲ့ မနေ့ကပြောတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

“ အခုအချိန်မှာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရှိတဲ့ မြို့ရွာတွေသာမက တည်ငြိမ်အေးချမ်း စွာနေထိုင်လိုတဲ့ ရခိုင်တောင်ပိုင်းရှိ မြို့တွေကိုလည်း အပြင်းအထန် တိုက်ခိုက်နေတာ တွေ့ရပါ တယ်၊ ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုး ၉ဝရာခိုင်နှုန်းနေထိုင်ကြကြောင်း AAအဖွဲ့ ခေါင်းဆောင် တွေရဲ့လုပ်ရပ်တွေဟာ ကိုယ့်လူမျိုးကို ကိုယ်ပြန်ဖျက်ဆီးနေသလို ဖြစ်နေတာတွေ့ရပါတယ်။ တပ်မတော်အနေနဲ့ နယ်မြေဒေသတွေ ပြန်လည်အေးချမ်းစေဖို့ ဒေသခံပြည်သူတွေနဲ့ပူးပေါင်း ပြီးဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

စစ်ကောင်စီအနေနဲ့ တကြော့ပြန်တိုက်ပွဲကာလတလျောက်မှာ ရခိုင်ပြည်နယ်က မြို့နယ် ၉ ခုလောက်ကို လက်လွတ်ဆုံးရှုံးထားရပြီးဖြစ်သလို လက်ရှိမှာလည်း အာရက္ခတပ်တော် AA ရဲ့ ထိုးစစ်တွေကို အပြင်းအထန်ခုခံနေရတာလည်းဖြစ်ပါတယ်။ အခုလို အချိန်မျိုးမှာ စစ်ကောင်စီ အနေနဲ့ ဒီလိုစကားတွေကိုပြောလာတာဟာ ရခိုင်ပြည်သူတွေနဲ့ AA ကြားစိတ်ဝမ်း ကွဲစေလိုတဲ့ ရည်ရွယ်ချက်နဲ့ပြောဆိုတာဖြစ်နိုင်တယ်လို့လည်း ရခိုင်ဒေသခံတွေက ရှုမြင်ကြပါတယ်။ ဒါပေမယ့်လည်း အာရက္ခတပ်တော်AAဟာ ရခိုင်ပြည်သူတရပ်လုံးရဲ့ လွတ်မြောက်မှုအတွက် တိုက်ခိုက်နေတာဖြစ်တယ်လို့ ရခိုင်ပြည်သူတရပ်လုံးကယုံကြည်ထားကြတာကြောင့် AA အပေါ်လူထုယုံကြည်မှု ကျဆင်းသွားမှာမဟုတ်လို့ ရခိုင်အရေးလေ့လာသုံးသူ ကိုထွန်းကြည်က ပြောပါတယ်။

" ရခိုင်ပြည်သူတွေက ရခိုင်ပြည်နယ်လွတ်မြောက်ရေးအတွက် ဒီဒုက္ခတွေ ကြုံလာမယ်ဆို တာကို ရခိုင်ပြည်သူ တရပ်လုံးက သိထားပြီးသားဖြစ်တယ်၊ ဒီအတွက်လည်း အဆင်သင့်ပြင်ထားကြတယ်လို့ ကျနော်နားလည်တယ်။ နောက်တခုက ဒီတိုက်ပွဲတွေကြောင့် ကုန်စျေနှုန်းတွေ တက်လာတယ်၊ စားနပ်ရိက္ခာတွေ ရှားပါးလာတယ်ဆိုတာထက် တိုက်ပွဲနဲ့ မဆိုင်နဲ့ အရပ်သား ပြည်သူတွေ သုံးနေတဲ့ စားကုန်သောက်ကုန် လမ်းကြောင်းတွေကို စစ်ကောင်စီ ဘက်က ပိတ်ဆို့ထားတယ်၊ နောက်တခုက ဘဏ်တွေကို ပိတ်ထားတယ်၊ ပြီးတော့ စစ်ကောင်စီ ထိန်းချုပ်နယ်မြေအောက်က လွတ်သွားတဲ့ နေရာတွေက ဝန်ထန်းတွေကိုတောင် စစ်ကောင်စီက လစာမပေးတော့ဘူး၊ ဆိုတော့ ဒါက ရခိုင်ပြည်သူလူထုနဲ့ အာရက္ခ တပ်တော်ကြားမှာ စိတ်ဝမ်းကွဲစရာ ဘာအကြောင်းမှမရှိဘူး၊ စစ်ကောင်စီနဲ့ပဲ တိုက်ရိုက် သက်ဆိုင်တာပေါ့နော်။”

ရခိုင်ပြည်နယ် သံတွဲမြို့နယ် သံတွဲလေဆိပ်ကိုသိမ်းပိုက်အပြီး ထုတ်ပြန်ထားသည့် အာရက္ခတပ်တော် AA ရဲ့ ဓါတ်ပုံ (ဇူလိုင် ၅၊ ၂၀၂၄)
ရခိုင်ပြည်နယ် သံတွဲမြို့နယ် သံတွဲလေဆိပ်ကိုသိမ်းပိုက်အပြီး ထုတ်ပြန်ထားသည့် အာရက္ခတပ်တော် AA ရဲ့ ဓါတ်ပုံ (ဇူလိုင် ၅၊ ၂၀၂၄)

ပေါက်တောဒေသခံ အမျိုးသမီးတဦးကလည်း ရခိုင်ပြည်သူတွေ ဒုက္ခရောက်အောင် လုပ်နေတာဟာ စစ်ကောင်စီသာဖြစ်တယ်လို့ ပြောပါတယ်။

“ ညီမတို့ လက်ရှိကြုံနေရတဲ့ အနေအထားကကျတော့ ရခိုင်ပြည်သူတွေကို ဒုက္ခရောက်အောင် လုပ်နေတာက မင်းအောင်လှိုင်ပဲပေါ့နော်၊ အကုန်လုံးကလည်း သိတယ် တနိုင်ငံလုံး အနေအထားနဲ့ သိကြတယ် ဘယ်သူက ဘာလုပ်နေလဲဆိုတာကို ရခိုင်ပဲ ဖြစ်ဖြစ် တခြားဘယ် နေရာပဲ ဖြစ်ဖြစ် AAဆိုလည်း AAပေါ့နော် ရခိုင်တွေ လွတ်လပ်မှုရအောင် AAက လုပ်နေတာ ရခိုင်မှာ အမှန်တကယ် ပြည်သူတွေကို ဒုက္ခပေးနေတာက နေ့စဉ်ဆိုသလို တိုက်ပွဲ မရှိတဲ့နေရာတွေ ကို လေယာဉ်တွေနဲ့ လာပစ်နေတာက မင်းအောင်လှိုင်တို့တပ်ပေါ့နော် အဲလောက်ပဲ ပြောချင် ပါတယ်။”

လက်ရှိမှာတော့ ရခိုင်ပြည်နယ်က AAထိန်းချုပ်နယ်မြေတွေကို စစ်ကောင်စီက မကြာခဏဆို သလို လေကြောင်းကနေ လာရောက်ပစ်ခတ်တွေရှိသလို ဒေသခတွင်း ကုန်စည်စီးဆင်းမှုတွေကို ပိတ်ထားတာတွေ လျှပ်စစ်မီးတွေ ပြတ်တောက်ထားတာတွေကြောင့် ဒေသခံတွေ ရဲ့ နေ့စဉ်ဘဝတွေမှာ အတော်ခက်ကြုံနေကြရတာပါ။ အခုလိုဒေသခံပြည်သူတွေရဲ့ အခြေခံလို အပ်ချက်တွေနဲ့ လွတ်လပ်မှုကို ပိတ်ပင်ထားတာဟာ အချုပ်အချာအာဏာကို ချုပ်ကိုင်ထား ဆဲဖြစ်တဲ့ စစ်ကောင်စီနဲ့သာ သက်ဆိုင်တယ်လို့လည်း ကိုထွန်းကြည်က သုံးသပ်ပါတယ်။

"ကုန်စည်စီးဆင်းမှုနဲ့ လူထုစားဝတ်နေရေးအတွက် သူတို့သာ နိင်ငံတခုဆိုတဲ့ အယူအဆရှိ တယ်ဆိုလို့ရှိရင် ဒါကို ဖွင့်ပေးသင့်တယ်။ ဥပမာ လျှပ်စစ်မီးတွေ ပြတ်နေတာဆို လို့ရှိရင်လည်း ၂၀၂၃ နိုဝင်ဘာလကတည်းက စစ်ကောင်စီဘက်က ဆုံးရှုံးလိုက်ရတဲ့ နေရာတွေ အကုန်လုံး တိုက်ပွဲဖြစ်နေတဲ့ နေရာတွေ အကုန်လုံးကို လျှပ်စစ်မီးတွေ ဖြတ်ထားတယ်၊ ဒါကလည်း နိုင်ငံရဲ့ အချုပ်အချာ အာဏာကို ယူထားတဲ့ လူနဲ့ပဲ တိုက်ရိုက်သက်ဆိုင်နေတာ။ ဒါက တော်လှန်ရေးတပ်ဖွဲ့တဖွဲ့နဲ့ မဆိုင်ဘူး၊ နောက်တခုကတော့ ရခိုင်ပြည်သူထူလုကြုံနေရတဲ့ အခက် အခဲတွေဟာ စစ်ကောင်စီဘက်က ဖန်တီးနေတယ်ဆိုတာ ပြည်သူတရပ်လုံးက သိထားပြီး သားဖြစ်တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်သူတွေအနေနဲ့ အာရက္ခတပ်တော်အပေါ်မှာ စိတ်ငြိုငြင်စရာဒီနေ့အထိ မတွေ့သေးပါဘူး။”

လက်ရှိမှာတော့ ရခိုင်မြောက်ပိုင်းက မောင်တောမြို့နယ်ကို AAဘက်က အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပါတယ်။ ဒါ့အပြင် ရခိုင်တောင်ပိုင်းမြို့နယ်တွေအတွက် စစ်ရေးအရ အရေးပါတဲ့ သံတွဲ ငပလီကိုလည်း AAဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး သံတွဲမြို့ပေါ်နဲ့ ငပလီက စစ်ကောင်စီတပ်စခန်း တချို့ကို သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကတော့ သံတွဲကိုAAလက်ထဲအပါမခံနိုင်တာကြောင့် အပြင်းအထန် ခုခံနေသလို သံတွဲမြို့နယ်နဲ့ ဆက်စပ်နေတဲ့ ဂွနဲ့ ကျိန္တလီမြို့နယ်တွေမှာ စစ်အင်အားတိုးချဲ့တာတွေနဲ့ ကာကင်းတွေအမြောက်အများတိုးချဲ့နေတာရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG