သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘုတလင်မြို့နယ်တွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်


FILE - Myanmar Air Force Jet fighters drop bombs during military exercises Friday, Feb. 2, 2018, in Ayeyarwaddy delta region, Myanmar. (Lynn Bo Bo/Pool via AP, File)
စစ်ရေးလေကျင့်မှု တခု အတွင်း မြန်မာ့လေတပ်က ဂျက်တိုက်လေယာဉ်တွေကို တွေ့မြင်ရတဲ့ မြင်ကွင်း မှတ်တမ်း ဓာတ်ပုံ။ (လင်းဘိုဘို/AP File Photo)

တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ဘုတလင်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတဲ့ အတွက် အရပ်သား ထိခိုက်မှုတွေ ရှိနေသလို ဒေသခံ ၇ ထောင်လောက် နေအိမ်မပြန်ရဲ ကြပဲ ဘေးလွတ်ရာ ရှောင်တိမ်းနေကြရပါတယ်။ စက်တင်ဘာလကုန်က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄၀ လောက် သေဆုံးပြီး ၅၀ နီးပါးကို ဖမ်းဆီးထားတယ်လို့ လည်း ကာကွယ်ရေးတပ်တွေက ပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ဘုတလင်မြို့နယ်ထဲက စစ်ရေး အခြေအနကို ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

စက်တင်ဘာ လကုန်က ကူတော်ရဲစခန်းကနေ ဘုတလင်ကို ပြန်လာတဲ့ စစ်ကြောင်းကို ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်က ကျဆုံးမှု များခဲ့တဲ့ နောက် အောက်တိုဘာ ၃ ရက် နဲ့ အောက်တိုဘာ ၄ ရက် နေ့တွေမှာ ဘုတလင်မြို့နဲ့ ကူတော်မြို့ကြားမှာရှိတဲ့ မောင်းထောင်ကျေးရွာက စာသင်ကျောင်းနဲ့ဆေးရုံကို စစ်တပ်က လေကြောင်းက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီလေကြောင်း တိုက်ခိုက်မှုနေ အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တပ်ပေါင်းစု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တာဝန်ရှိသူ တဦးကတော့ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကနေ ပြည်သူတွေကိုပဲ ထိခိုက်နေတယ်လို့ ပြောပါတယ်။

"ဒီကနေ့လည်းလုပ်တယ်။ မောင်းထောင်စံပြကျေးရွာမှာ အဓိက သူတို့ စာသင်ကျောင်းတို့ ဆေးရုံတို့ တကယ့် ဘာမှမဟုတ်တဲ့ အများပြည်သူနေရာတွေကို လေကြောင်းတိုက်ခိုက်သွားတယ်။ ဒီနေ့လုပ်တဲ့အချိန်မှာ မောင်းထောင်စံပြကျေးရွာက ပြည်သူ ၃ ယောက်ထိတယ်။ ရန်သူကိုတိုက်ရိုက်ပစ်တာမဟုတ်ဘူး။ ပြည်သူတွေရှိတဲ့နေရာကိုပစ်တာ ပြည်သူတွေပဲထိနေတာ ဘာမှ မဆိုင်တဲ့နေရာတွေကို ပစ်နေတာ။"

စစ်တပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ကြား ဖြစ်ပွားခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၃၀ ကျော်သေဆုံးပြီး ၄၀ ကျော်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ ကြောင်းနဲ့ ဖမ်းဆီးရမိသူတွေကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်း စောင့်ရှောက်ထားတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ မုံရွာခရိုင် တပ်ရင်း ၂၀ (BOB) ရဲ့ ပြောရေးဆိုခွင့်ရှိသူက အခုလို ပြောပါတယ်။

"၃၉ ယောက်ပေါ့သေဆုံးတာက၊ ကျွန်တော်တို့လောလောဆယ် မြှုပ်နှံပေးလိုက်တာ ၃၉ ယောက်။ စစ်ကြောင်းမှူးကတော့ သေတဲ့ထဲပါသွားတယ်။ တပ်ခွဲမှူးနဲ့ တပ်စုမှူး ၃ ပွင့်နဲ့ ၂ ယောက်ကတော့ အရှင်ဖမ်းမိတဲ့ထဲမှာပါတယ်။ စစ်သုံ့ပန်က လောလောဆယ် ၄၇ ယောက်ရှိတယ်။ သူတို့ကို ကောင်းကောင်းမွန်မွန်ကျွေးထားတယ်။ ဆေးကုသမှု အပြည့်အ၀ ပေးထားတယ်။ နောက်ပြီး သူတို့ကို မိသားစုတွေနဲ့ ဆက်သွယ်ခွင့်ပြုထားတယ်။"

အခုအခါမြေပြင်မှာ တိုက်ပွဲမရှိတော့ပေမယ့် စစ်တပ်က စစ်ကြောင်း ပြန်ထိုးလာမှာကို စိုးရိမ်တာကြောင့် တိုက်ပွဲဖြစ်ခဲ့တဲ့အနီးက စီပါကျေးရွာအပါအဝင် ကျေးရွာ ၃ ရွာထက်မနည်းက ဒေသခံ ၇ ထောင်နီးပါး နေအိမ်တွေ မပြန်နိုင်သေးဘဲ ဘေးလွတ်ရာ တိမ်းရှောင်နေ ကြရတယ်လို့ စစ်ဘေးရှောင် တွေကို အကူညီပေးနေသူ တဦးက VOA ကို ပြောပါတယ်။

လေကြောင်းရန်ကာကွယ်ရေး လိုအပ်ချက် "မေးမြန်းခန်း"
please wait

No media source currently available

0:00 0:08:42 0:00

"တိုက်ပွဲဖြစ်ပွားတဲ့အရှေ့ဘက်ကရွာ စီပါရယ် အနောက်ဘက်က ဆည်ကုန်းနဲ့ ကျွဲသေချောင်းပေါ့နော်။ ၃ ရွာဆိုတော့ စစ်ဘေးရှောင် ၅ ထောင်နဲ့ ၇ ထောင်ကြားရှိမယ်။ ၃ ရွာစာလောက်ပေါ့နော်။ ရွာတွေပြန်ဖို့အစီစဉ်ကတော့ ၁ ပတ် ၁၀ ရက်အတောအတွင်း အဆင်ကောင်းကောင်းမပြေနိုင်သေးဘူး။ ရွာတွေကိုပြန်စစ်ကြောင်းထိုးလာမယ်။ အလစ်အငိုက်နဲ့ ဖမ်းခံရမှာကြောက်လို့ပါ။ တချို့ကတောတွေထဲ ကိုယ့်ယာခင်းကိုယ် လွတ်နိုင်မယ့်နေရာမှာ တဲတွေ လှည်းပေါင်းမိုးတွေနဲ့ နေကြတဲ့သူတွေက ပိုခက်ခဲပါတယ်။ ဘုန်းကြီးကျောင်းတွေမှာနေထိုင်သူတွေက နေထိုင်ရေးက အဆင်ပြေပေမယ့် စာရေးသောက်ရေးက ရေရှည်ဆို အဆင်မပြေနိုင်ဘူး။"

စက်တင်ဘာ ၂၀ ရက်မှာ ကူတော်ရဲစခန်းကို ကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ ဘုတလင်မြို့ကနေ ကူတော်ရဲစခန်းကို အင်အားဖြည့်တင်းဖို့ သွားရောက်ခဲ့တဲ့ အင်အား ၁၀၀ နီးပါး ပါဝင်တဲ့ စစ်ကြောင်းဟာ စက်တင်ဘာ ၃၀ ရက်က ကူတော်ရဲစခန်းကနေ ဘုတလင်မြို့ဘက်ကို ပြန်ထွက်လာချိန်မှာ စီပါကျေးရွာအနီးမှာ တိုက်ခိုက်ခံခဲ့ရတာပါ။ စစ်တပ်ဘက်က သေဆုံးမှုတွေ အဖမ်းဆီးခံရမှုတွေ နဲ့ အတူ လက်နက်ခဲယမ်းတွေကိုပါ ကာကွယ်ရေးတပ်ဖွဲ့တွေဘက် သိမ်းဆည်းခဲ့တာ ဖြစ်ပါတယ်။

ဘုတလင်မှာ ဖြစ်ပွါးတဲ့ တိုက်ပွဲ သတင်းနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပေမယ့် လူမှုမီဒီယာတွေမှာတော့ အဖမ်းဆီးခံရတဲ့ စစ်သားတွေနဲ့ သေဆုံးသူတွေရဲ့ အလောင်တွေကို ပုံနဲ့တကွ ဖော်ပြထားတာ တွေ့ရပါတယ်။

Forum

XS
SM
MD
LG