စစ်ကောင်စီအနေနဲ့ နိမ့်ကျနေတဲ့ မြန်မာ့စီးပွားရေးကို မြင့်တက်လာအောင် လုပ်ဆောင်နိုင်ခဲ့သလို ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေကိုလည်း တိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က NCA စာချုပ် ချုပ်ဆိုခြင်း (၉) နှစ်ပြည့်အခမ်းအနားကို ပေးပို့တဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။
ဒါက မှားယွင်းနေပါတယ်။
စစ်ကောင်စီခေါင်းဆောင်က မြန်မာ့စီးပွားရေးကို မြင့်တက်လာအောင် ဆောင်ရွက်နိုင်ခဲ့တယ်ဆိုတဲ့ ပြောဆိုချက်မှာ မြန်မာ့စီးပွားရေးနဲ့ပတ်သက်တဲ့ ညွှန်းကိန်းများ၊ အချက်အလက်များပါဝင်တာ မရှိဘဲ လက်ရှိမြန်မာ့စီးပွားရေးအခြေအနေတွေနဲ့လည်း အချက်အလက်အားဖြင့် ကင်းကွာနေတာကို တွေ့ရပါတယ်။ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာ့စီးပွားရေး မြင့်တက်လာတယ်လို့ ပြောဆိုထားပေမယ့် ၂၀၂၄ ခုနှစ် ဇွန်လ(၁၂) ရက်နေ့မှာ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့တဲ့ မြန်မာ့စီးပွားရေးစောင့်ကြည့်မှု အစီရင်ခံစာမှာတော့ စစ်အာဏာသိမ်းမှု (၃) ကျော်အတွင်း မြန်မာနိုင်ငံမှာ နိုင်ငံ့လူဦးရေရဲ့ (၃၂) ရာခိုင်နူန်းကျော်ဟာ ဆင်းရင်မွဲတေမှု ကိုခံစားနေရပြီလို့ ဖေါ်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့မှုနူန်းနဲ့ ငွေကြေးဖေါင်းပွမှုနူန်းကလည်း မြင့်တက်နေဆဲဖြစ်တယ်လို့ အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။
စစ်ကောင်စီခေါင်းဆောင်က ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေကိုလည်း တိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ပြောထားပေမယ့် ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်းမှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံမှာတော့ မြန်မာနိုင်ငံတဝန်းမှာ ကျောင်းတက်နိုင်သူအားလုံးရဲ့ (၂၂) ရာခိုင်နူန်းသာ ကျောင်းတက်နိုင်တော့တယ်လို့ ဖေါ်ပြထားပါတယ်။ တဖက်မှာ အာဏာသိမ်းမှု (၃) နှစ်ကျော်အတွင်း လက်နက်ကိုင်ပဋိပက္ခတွေအတွင်း စာသင်ကျောင်းတိုက်ခိုက်ခံရမှုက (၁၇၆) ကြိမ်အထိ ရှိတယ်လို့ Myanmar Witness က မှတ်တမ်း ပြုစုပြီးဖေါ်ပြပါတယ်။ စာသင်ကျောင်းတွေ တိုက်ခိုက်ခံရမှု ဖြစ်စဉ် အများစုဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီခေါင်းဆောင်က မိန့်ခွန်းအတွင်းမှာ တိုင်းပြည်ကာကွယ်ရေးတောင့်တင်းစေဖို့အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်စေခဲ့တယ်လို့ ပြောဆိုထားပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာအတွင်းမှာ ထောက်ပြထားချက်အရ ၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလအတွင်းမှာ ကြေညာခဲ့တဲ့ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် နိုင်ငံအတွင်းက လူဦးရေသန်းနဲ့ချီဟာ အစွန်းအဖျားဒေသတွေနဲ့ ပြည်ပကို ထွက်ပြေးတိမ်းရှောင်ကြတာကြောင့် လုပ်သားလိုအပ်ချက်တွေတိုးလာခဲ့တယ်လို့ အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။ ငွေကြေးဖေါင်းပွမှု ၊ လျှပ်စစ်မီးပြတ်တောက်မှုတွေကြောင့် စိုက်ပျိုးရေး ၊ ထုတ်လုပ်ရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ကြီးကြီးမားမားကျဆင်းသွားတယ်လို့လည်း ကမ္ဘာ့ဘဏ်အစီရင်ခံစာက ထောက်ပြထားပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနူန်းက ကိုဗစ် ကပ်ဘေးမတိုင်ခင်က အခြေအနေမျိုး ပြန်ရောက်နိုင်ဖို့ မလွယ်ကူသေးဘဲ အဲ့ဒီလို ပြန်မရောက်နိုင်တဲ့ တခုတည်းသော နိုင်ငံက မြန်မာနိုင်ငံ ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်အစီရင်ခံစာကပြောထားပါတယ်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ လန်ဒန်အခြေစိုက် Economist အပတ်စဉ်မဂ္ဂဇင်းရဲ့ သုတေသနဌာနဖြစ်တဲ့ Economist Intelligence Unit (EIU) က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာတော့ အာဏာသိမ်းမှု (၃) နှစ်အတွင်းမှာ မြန်မာကျပ်ငွေတန်ဖိုး (၆၀) ရာခိုင်နူန်းကျော် ကျဆင်းခဲ့တယ်လို့ ထောက်ပြထားပါတယ်။
မြန်မာ့စီးပွားရေး ဦးမော့လာတယ်လို့ စစ်ကောင်စီခေါင်းဆောင်က ၂၀၂၄ ခုနှစ် မတ်လအတွင်းမှာ ရုရှားနိုင်ငံ TAR-TASS Media နဲ့ အင်တာဗျူးမှာ ပြောဆိုဖူးပါတယ်။ ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်းမှာလည်း အရပ်သားအစိုးရလက်ထက်ဖြစ်တဲ့ ၂၀၁၉ - ၂၀၂၀ ခုနှစ်ကထက် GDP တိုးတက်လာခဲ့တယ်လို့ ပြောဆိုဖူးပါတယ်။
စစ်ကောင်စီခေါင်းဆောင်ပြောဆိုချက်ကို VOA မြန်မာပိုင်း အချက်အလက်အခြေပြု ဆန်းစစ်ပြီး ဖေါ်ပြထားပါတယ်။
စစ်ကောင်စီခေါင်းဆောင်က မြန်မာ့စီးပွားရေး ဦးမော့လာတယ်လို့ ပြောဆိုမှုအပြီး (၂) လကျော်အကြာမှာတင် မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ဆိုသလို ကျဆင်းခဲ့ပြီး စီးပွားရေးလုပ်ငန်းတွေလည်း ထိခိုက်လာခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်းမှာ မြန်မာကျပ်ငွေတန်ဖိုး စံချိန်တင်ကျဆင်းခဲ့ပြီး အမေရိကန် (၁) ဒေါ်လာကို ကျပ်ငွေ (၇၀၀၀) ကျော်အထိ ရောက်ရှိခဲ့ပါတယ်။ ဒေါ်လာစျေးမြင့်တက်မှုနဲ့ ကုန်စျေးနူန်းကြီးမြင့်မှုတွေကိုလည်း နိုင်ငံတဝန်း ကြုံတွေ့ကြရပါတယ်။
စစ်ကောင်စီခေါင်းဆောင်ရဲ့ မိန့်ခွန်းအတွင်းမှာ လက်နက်ကိုင်ပဋိပက္ခတွေဟာ နိုင်ငံရေးကိုအကြောင်းပြပြီး လက်နက်ကိုင်အကြမ်းဖက်မှုလုပ်ရပ်တွေ လုပ်ဆောင်နေကြတာဖြစ်ပြီး ပြည်သူ့အသက်အိုးစည်းစိမ်တွေကို ဖျက်ဆီးနေကြတာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ဟာ ပထဝီနိုင်ငံရေးအရ အင်အားကြီးနိုင်ငံတွေက ဩဇာလွှမ်းမိုးချုပ်ကိုင်လိုတာကြောင့် နိုင်ငံရဲ့ ကာကွယ်ရေးစွမ်းအားလျော့နည်းအောင်နဲ့ စီးပွားရေး၊နိုင်ငံရေး မတည်မငြိမ်ဖြစ်အောင် ဖန်တီးနေတာကြောင့် ဖြစ်တယ်လို့ အပြစ်တင်ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့မှာလည်း အလားတူ ပြစ်တင်ပြောဆိုမှုမျိုးကို စစ်ကောင်စီက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ထုတ်ပြန်မှုကို VOA မြန်မာပိုင်းက အချက်အလက်စစ်ဆေးပြီး ဖေါ်ပြထားပါတယ်။
ညီနောင် မဟာမိတ် (၃) ဖွဲ့က စတင်လာခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တော်လှန်ရေးအင်အားစုတွေရဲ့ မြို့သိမ်း၊စခန်းသိမ်းတိုက်ပွဲတွေကြောင့် စစ်ကောင်စီအနေနဲ့ စီးပွားရေးအရ အရေးပါတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို လက်လွှတ်ခဲ့ရပါတယ်။ မြန်မာတရုတ်နယ်စပ်မှာ တရားဝင်ကုန်သွယ်ရေးဂိတ် (၈) ခု ရှိတဲ့အထဲက (၆) ကို တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်လို့ ISP Myanmar ရဲ့ မြင်ကွင်းကျယ်အစီစဉ်က ဖေါ်ပြပါတယ်။ အာဏာသိမ်းမှုနောက်ပိုင်း အဲ့ဒီ (၆) ခုရဲ့ ကုန်သွယ်မှုတန်ဖိုးက အမေရိကန်ဒေါ်လာ (၉) ဘီလီယံထက်မနည်းရှိတယ်လို့လည်း ထောက်ပြပါတယ်။
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာသိမ်းမှု (၃) နှစ်ကျော်မှာ မြန်မာ့စီးပွားရေး မြင့်တက်လာအောင် ဆောင်ရွက်နိုင်ခဲ့တယ်ဆိုတဲ့အချက်ကို (၃) ကြိမ်ထက်မနည်းပြောဆိုထားပေမယ့် မြန်မာ့စီးပွားရေးကို လေ့လာစောင့်ကြည့်နေတဲ့ ကမ္ဘာ့ဘဏ်အပါအဝင် သုတေသန အဖွဲ့အစည်းတွေရဲ့ တွေ့ရှိချက်မှာတော့ မြန်မာ့စီးပွားရေးဟာ နာလန်ထူနိုင်ဖို့ ခက်ခဲဦးမယ်လို့ ထောက်ပြထားပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာလည်း မြန်မာ့စီးပွားရေးတိုးနူန်းက ၂၀၂၄ ခုနှစ် မတ်လအထိ တွက်မယ်ဆိုရင် (၁) ရာခိုင်နူန်းပဲ ရှိတယ်လို့ ဖေါ်ပြထားပြီး ဒီအခြေအနေကို ၂၀၂၅ ခုနှစ်မှာပါ ရင်ဆိုင်ရမယ်လို့ သတိပေးထားပါတယ်။