ဇန်န၀ါရီလ ၈ ရက်နေ့က ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် အရပ်သား ၄၀ ကျော် သေဆုံးကာ ၂၀ ကျော် ဒဏ်ရာရရှိတဲ့ သတင်းကြောင့် ထိတ်လန့် တုန်လှုပ်မိကြောင်း အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။အိမ်ခြေ ၅၀၀ ခန့် ပျက်စီးသွားတဲ့ သတင်းတွေကိုလည်း ရရှိတယ် ဆိုပါတယ်။
ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ မကြာသေးမီက အရှိန်မြင့်လာခဲ့ပြီး ပဋိပက္ခရဲ့ ဒဏ်ကို အရပ်သားတွေကပဲ အများစု ခံစားနေရတယ်လို့လည်း ကုလသမဂ္ဂ ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။ အရပ်သားတွေဟာ အန္တရာယ် ကြီးကြီးမားမား ကျရောက်နေသလို စားနပ်ရိက္ခာ မလုံခြုံမှုကို ပြင်းပြင်းထန်ထန် ခံစားနေရကာ အရေးကြီးတဲ့ အခြေခံ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေလည်း လုံးလုံးလျားလျား ပြိုလဲလုနီးပါး ကြုံတွေ့နေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပဋိပက္ခထဲမှာ ပါဝင် ပတ်သက်နေသူ အားလုံးအနေနဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေအောက်မှာ လိုက်နာရမယ့် တာဝန်ဝတ္တရားများကို လိုက်နာဖို့ အပြင် အရပ်သားတွေနဲ့ ဆေးရုံ၊ ကျောင်း၊ လူနေအိမ် အစရှိတဲ့ အရပ်ဘက် အဆောက်အအုံတွေ၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာဝန်ထမ်းတွေနဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို အကာအကွယ်ပေးရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့တွေကို လိုအပ်နေသူဆီ အတားအဆီးမဲ့ လွယ်ကူချောမွေ့စွာ ပေးအပ်နိုင်ရေးအတွက် အာမခံဖို့ ထပ်မံ တောင်းဆိုကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကျောက်နီမော် တိုက်နယ် ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး အာရက္ခတပ်တော် (AA) ရဲ့ ဇန်နဝါရီ ၁၀ ရက်က ထုတ်ပြန်ချက်ထဲမှာ ဇန်နဝါရီလ (၈) ရက်နေ့၊ နေ့လယ် (၁) နာရီ (၂၀) မိနစ်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ရွာတောင်ပိုင်းရပ်ကွက်၊ ရွာအလယ်ပိုင်းရပ်ကွက်နဲ့ မြောက်ပိုင်းရပ်ကွက်တွေ မီးအပြင်းအထန်လောင်ကျွမ်းခဲ့ပြီး နေအိမ်ပေါင်း (၃၉၈) လုံး မီးလောင်ကျွမ်းသွားခဲ့ကာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်အများအပြား မီးထဲပါသွားခဲ့တယ်လို့ ဖော်ပြထားပြီး သေဆုံးသူတွေရဲ့ စာရင်းကို အချက်အလက်တွေနဲ့ တကွ ထုတ်ပြန်နေပါတယ်။ အတည်ပြုထားပြီး စာရင်းအရ သေဆုံးသူ (၂၆) ဦး နဲ့ အလတ်စား၊ ပြင်းထန်ဒဏ်ရာရသူ (၁၂) ဦး၊ အသေးစား(အပေါ့စား)ဒဏ်ရာရရှိသူ (၁၅) ဦးအထက်ရှိကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် အလောင်းရှာမတွေ့ဘဲ ပျောက်ဆုံးနေသူတွေ ရှိနေသေးတာကြောင့် သေဆုံး ဒဏ်ရာရသူ အရေအတွက် ထပ်မံတိုးလာနိုင်ကြောင်း ဖော်ပြထားပါတယ်။
ဒေသတဦးရဲ့ ဇန်နဝါရီ ၁၀ ရက်က ဗွီအိုအေ မြန်မာပိုင်းကို ဖြေကြားချက်ထဲမှာတော့ “ကျောက်နီမော်ဖြစ်စဉ်မှာ သေဆုံးသူက ၄၁ ဦးရှိနေပြီး ဒဏ်ရာရသူ ၅၀ ကျော် ရှိနေပြီး အဲဒီ ဒဏ်ရာရတဲ့ သူတွေထဲမှာလည်း အရေးပေါ်အခြေအနေ ဖြစ်နေသူတွေလည်းရှိတယ်” လို့ ဖြေကြားထားပါတယ်။
အာရက္ခတပ်တော် (AA) ပြောခွင့်ရ ခိုင်သုခရဲ့ ဗွီအိုအေကို ဖြေကြားချက်မှာတော့ “တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ အရပ်သား ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ” လို့ ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ကျောက်နီမော်ဖြစ်စဉ်နဲ့ ပတ်သက်ပြီး လတ်တလော သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
Forum