သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ကျောင်းသူတွေ ပါကစ္စတန်မှာ အဆင့်မြင့်ပညာသင်ကြားခွင့်


အာဖဂန်နစ္စတန်နိုင်ငံ၊ ကာဘူးလ်မြို့က မူလတန်းကျောင်း တကျောင်း မြင်ကွင်း။ တာလီဘန်တို့က ၂၀၂၁ ခုနှစ် ဩဂုတ်လမှာ အာဏာရလာပြီးနောက် အမျိုးသမီးတွေကို ဆဋ္ဌမတန်းအထိပဲ ပညာသင်ကြားခွင့်ပြုခဲ့ပါတယ်။ ဓာတ်ပုံ - File AP / Rahmat Gul
အာဖဂန်နစ္စတန်နိုင်ငံ၊ ကာဘူးလ်မြို့က မူလတန်းကျောင်း တကျောင်း မြင်ကွင်း။ တာလီဘန်တို့က ၂၀၂၁ ခုနှစ် ဩဂုတ်လမှာ အာဏာရလာပြီးနောက် အမျိုးသမီးတွေကို ဆဋ္ဌမတန်းအထိပဲ ပညာသင်ကြားခွင့်ပြုခဲ့ပါတယ်။ ဓာတ်ပုံ - File AP / Rahmat Gul

အာဖဂန်နစ္စတန်က တာလီဘန်အာဏာပိုင်တွေဟာ အမျိုးသမီးကျောင်းသူတွေကို အိမ်နီးချင်း ပါကစ္စတန်နိုင်ငံမှာ အဆင့်မြင့်ပညာဆက်လက်သင်ကြားနိုင်ဖို့ ခွင့်ပြုပြီး သူတို့နဲ့ အတူ အမျိုးသားအုပ်ထိန်းသူတွေ လိုက်နိုင်ဖို့လည်း ခွင့်ပြုခဲ့ကြောင်း ဒီအကြောင်းအရာကို သိရှိထားတဲ့ တာဝန်ရှိသူတွေက ဗွီအိုအေကို ပြောပါတယ်။ 

“ဝင်ခွင့်အောင်မြင်တဲ့ အမျိုးသမီး ကျောင်းသူတွေကို ပညာသင်ကြားခွင့်ပေးတာနဲ့ သူတို့နဲ့ အတူ အုပ်ထိန်းသူတွေကို လိုက်ပါဖို့ ခွင့်ပြုတာအတွက် အာဖဂန်အစိုးရကို ပါကစ္စတန်က ကျေးဇူးတင်တယ်“ လို့ ဒီကိစ္စကို မီဒီယာ ဖြေကြားဖို့ အခွင့်မရှိတဲ့ အမည်မဖော်လိုသူ အစ္စလာမာဘတ်က ပါကစ္စတန် အစိုးရအရာရှိတဦးက ပြောပါတယ်။

အာဖဂန်နစ္စတန်ဥပဒေက ပြဌာန်းခွင့်ပြုထားတဲ့ အမျိုးသမီး ကျောင်းသူတွေနဲ့အတူ လိုက်ပါမယ့် အုပ်ထိန်းသူတွေကို ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးမယ်လို့ အဲဒီ တာဝန်ရှိသူက ပြောပါတယ်။ အာဖဂန်မိန်းကလေးငယ်တွေ အခုလို အဆင့်မြင့်ပညာဆက်လက်သင်ကြားခွင့်ရမယ် ဆိုတဲ့ ပါကစ္စတန်ရဲ့ ပြောဆိုချက်ကိုတော့ တာလီဘန်ဘက်က လတ်တလောမှာ တစုံတရာ မှတ်ချက် မပေးသေးပါဘူး။

ပါကစ္စတန်က တက္ကသိုလ်တွေမှာ ဘွဲ့ကြို၊ ဘွဲ့လွန်နဲ့ ပါရဂူတန်း ဝင်ခွင့်အတွက် စနေနေ့မှာ ရာနဲ့ချီတဲ့ အာဖဂန်ကျောင်းသားတွေ ဝင်ခွင့်စာမေးပွဲ ဖြေဆိုချိန်မှာ ပါကစ္စတန် တာဝန်ရှိသူရဲ့ ထုတ်ဖော် ပြောဆိုချက် ထွက်ပေါ်လာတာပါ။ ပါကစ္စတန်ရောက် အာဖဂန်ဒုက္ခသည်တွေက Peshawar နဲ့ Quetta မြို့တွေက သတ်မှတ်ထားတဲ့ စာစစ်ဌာနတွေမှာ ဝင်ခွင့် စာမေးပွဲကို စနေနေ့က ဖြေဆိုခဲ့ကြပြီး အာဖဂန်နစ္စတန်က ကျောင်းသားတွေကတော့ လာမယ့်ရက်အနည်းငယ်အတွင်းမှာ အွန်လိုင်းက တဆင့် ဖြေဆိုနိုင်ဖို့ စီစဉ်ထားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အာဖဂန်နစ္စတန်ဆိုင်ရာ ပါကစ္စတန် အထူးသံတမန် Mohammad Sadiq ရဲ့ ပြောဆိုချက်အရ လာမယ့် နွေရာသီ ပညာသင်နှစ်အတွက် ဝင်ခွင့်စာမေးပွဲ ဖြေဆိုဖို့ လျှောက်လွှာတင်ထားသူ အာဖဂန် ၂၁,၀၀၀ နီးပါး ရှိပြီး အဲဒီထဲမှာ အမျိုးသမီး ၅,၀၀၀ ပါတယ်လို့ ဆိုပါတယ်။ စနေနေ့က ဝင်ခွင့် စာမေးပွဲမှာ အာဖဂန်က ဖြေဆိုသူ “အများအပြား” ရှိခဲ့တယ်လို့ သူ့ရဲ့ ရုံးခန်းက ထုတ်ပြန်ခဲ့ပေမယ့် အရေအတွက် အတိအကျကိုတော့ မထုတ်ပြန်ပါဘူး။

ပါကစ္စတန် အဆင့်မြင့် ပညာရေးကော်မရှင် (HEC) က အာဖဂန် ၂,၀၀၀ကို ဝင်ခွင့်စာမေးပွဲ စစ်ဆေးခဲ့ပြီး အဲ့ထဲက ရွေးချယ်ခံရသူ သုံးပုံတပုံမှာ အမျိုးသမီး ဖြစ်ပါတယ်။ HEC ရဲ့ တရားဝင် ဝဘ်ဆိုက်မှာ ဖော်ပြချက်အရ ဆေးပညာ၊ အင်ဂျင်နီယာ၊ စိုက်ပျိုးရေး၊ စီမံခန့်ခွဲမှုနှင့် ကွန်ပျူတာသိပ္ပံအပါအဝင် နယ်ပယ်အသီးသီးမှာ အာဖဂန်ကျောင်းသားတွေကို အရည်အသွေးမြင့်ပညာရေး ပံ့ပိုးပေးကာ အိမ်နီးချင်း အာဖဂန်နစ္စတန်နိုင်ငံနဲ့ ပိုမိုခိုင်မာတဲ့ ဆက်ဆံရေးကို မြှင့်တင်နေကြောင်း ဆိုပါတယ်။

ပါကစ္စတန်ဟာ စစ်ဘေးနဲ့ ဆင်းရဲနွမ်းပါးမှု ဒဏ်ကို ခံနေရတဲ့ အိမ်နီးချင်း အာဖဂန်နစ္စတန်က ထောင်နဲ့ချီတဲ့ ကျောင်းသားတွေကို အပြည့်အဝ ထောက်ပံ့ပေးတဲ့ ပညာသင်ဆုတွေ အရင်ကတည်းက ပေးနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၂၁ ခုနှစ်မှာ သဘောထားတင်းမာတဲ့ တာလီဘန် အာဏာပြန်ရလာချိန်မှာ အမျိုးသမီး ကျောင်းသူ တွေ အတွက် ပညာသင်ဆုကို ရပ်နားခဲ့ရပါတယ်။

တာလီဘန်က မိန်းကလေးငယ်တွေကို ဆဋ္ဌမတန်းအထိပဲ ပညာသင်ကြားခွင့်ပြုသလို အုပ်ထိန်းသူ အမျိုးသား တဦးဦး မပါဘဲ ခရီးသွားခြင်းနဲ့ လေယာဥ်စီးခြင်းတို့ကိုလည်း တားမြစ်ထားပါတယ်။

Forum

XS
SM
MD
LG