Diversity, Inclusion, Equity and Accessibility (မတူကွဲပြားမှု၊ အားလုံးပါဝင်ခွင့်၊ သာတူညီမျှခွင့်၊ အလွယ်တကူ ရပိုင်ခွင့်) အစီအစဉ်တွေကို အမေရိကန် သမ္မတ အမိန့်နဲ့ ရပ်ဆိုင်းလိုက်သလို၊ ဒီ အစီအစဉ်ရဲ့ အောက်ကနေ မြန်မာနိုင်ငံကို ကူညီတာ အလွန့်ကို များတယ်လို့ သမ္မတ ထရမ့်က ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပါတယ်။
“မတူကွဲပြားမှု ပညာသင်ဆုအဖြစ် မြန်မာနိုင်ငံအတွက် ဒေါ်လာ ၄၅ သန်း ချထားခဲ့ပါသေးတယ်။ ၄၅ သန်း..။ ဒါ မြန်မာနိုင်ငံက မတူကွဲပြားသူတွေ ပညာသင်ဖို့အတွက်.. အတော့်ကို များတဲ့ ငွေပါ။ အဲဒီ ပိုက်ဆံတွေ ဘယ်ရောက်သွားမလဲ ခင်ဗျားတို့ စဉ်းစားကြည့်နိုင်ပါတယ်။” လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။
မြန်မာ ကျောင်းသား ကျောင်းသူ ပေါင်း ၈၀၀ လောက်အတွက် ပညာသင်ကာလ ၅ နှစ်တာ စုစုပေါင်း အမေရိကန် ဒေါ်လာ ၄၅ သန်း ပေးအပ်ဖို့ စီစဉ်ထားခဲ့တာပါ။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖေါ်ရာမှာ လိုအပ်တဲ့ ပညာရေးအတွက် ဘွဲ့ကြို၊ ဘွဲ့လွန် မဟာဘွဲ့ နဲ့ ပါရဂူဘွဲ့တွေအပြင် certificate အသိအမှတ်ပြု လက်မှတ်နဲ့ ဒီပလိုမာ အစီအစဉ် တော်တော်များများ အတွက်လည်း ပေးအပ်ဖို့ စီစဉ်ခဲ့တဲ့ ပညာတော်သင်ဆု ဖြစ်ပါတယ်။
အခုလို ပယ်ဖျက်လိုက်တဲ့အတွက် အခုလက်ရှိ ပညာတော်သင်ဆု ရနေတဲ့ မြန်မာ ကျောင်းသားကျောင်းသူ ၄၀၀ ကျော်လောက်ကို ဘယ်လို ဆက်လက်ထောက်ပံ့မလဲ ဆိုတာကိုလည်း သေချာမသိရသေးပါဘူး။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်တွင်းမှာ ပညာသင်ကြားရေး အခက်အခဲရှိတဲ့ ကျောင်းသူ ကျောင်းသားတွေအတွက် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်တဲ့ ပညာရပ်တွေ သင်ကြားဖို့ အမေရိကန်ပြည်ထောင်စုက ဒီဆုကို ၂၀၂၃-၂၀၂၄ ခုနှစ်က စတင်ခဲ့တာ ဖြစ်ပါတယ်။
ပညာတော်သင်ဆု ရရှိသူတွေဟာ ထိုင်းနိုင်ငံနဲ့ ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် နိုင်ငံတွေက တက္ကသိုလ် မှာ လူကိုယ်တိုင် တက်ရောက်တာအပြင် အမေရိကန်ပြည်ထောင်စု အရီဇိုးနား တက္ကသိုလ်ရဲ့ အွန်လိုင်း စနစ်ကနေလည်း ပညာသင်ကြားခွင့်ရရှိမှာပါ။
Forum