သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘောလခဲ ဒေသခံတွေ လုံခြုံရေး ကရင်နီ တော်လှန်ရေးအဖွဲ့တွေ သတိပေး


ရှေ့တန်း စစ်မျက်နှာရောက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ဖွဲ့ဝင်များ။ [Photo Courtesy: KNDF]
ရှေ့တန်း စစ်မျက်နှာရောက် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ဖွဲ့ဝင်များ။ [Photo Courtesy: KNDF]

ကရင်နီဒေသ ဘောလခဲမြို့မှာ စစ်ကောင်စီတပ်က လူအင်အား လက်နက်အင်အား ဖြည့်တင်းနေပြီး အချိန်မရွေး နှစ်ဘက် တိုက်ပွဲပြင်းထန်လာနိုင်တာမို့ အရပ်သားတွေ ကြိုတင်ရှောင်တိမ်းကြဖို့ KNDF အပါအဝင် ဒေသကာကွယ်ရေး လေးဖွဲ့က ပူးတွဲ ကြေညာထားပါတယ်။ ကရင်နီဒေသက စစ်ရေး နောက်ဆုံးရအခြေအနေကို ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

ကရင်နီဒေသ၊ ကယားပြည်နယ် ဘောလခဲမြို့မှာ စစ်ကောင်စီတပ်က စစ်အင်အား၊ ရိက္ခာနဲ့ ဆေးဝါးတွေ ဆက်တိုက် ဖြည့်တင်းနေတဲ့အတွက် တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ ကရင်နီ တော်လှန်ရေး တပ်ပေါင်းစုက ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဒါကြောင့် အခု ကြေညာချက် ထုတ်တဲ့ရက်ကနေ ၁၀ ရက်အတွင်း အရပ်သားတွေ ဒေသကနေ ရှောင်ရှားကြဖို့၊ မရှောင်ရှားလို့ နောက်ဆက်တွဲဖြစ်လာမယ့် ကိစ္စတွေကို တပ်ပေါင်းစုက တာဝန်မယူဘူးလို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။ ဒါ့အပြင် CDM လုပ်မထားသူတွေ၊ စစ်မှုထမ်းဟောင်းတွေနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ ဘောလခဲမှာ ယန္တရားလည်ပတ်မှုများ မပြုလုပ်ကြရန် ထပ်မံ သတိပေးတယ်လို့လည်း ဖော်ပြပါတယ်။

ကရင်နီတပ်မတော် (KA)၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) (KNPLF)၊ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ဘောလခဲ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (BPDF) တို့ ပူးတွဲပြီး ဒီကြေညာချက်ကို ထုတ်ပြန်တာဖြစ်ပါတယ်။ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF ရဲ့ ဗဟိုပြန်ကြားရေး တာဝန်ခံ တာအယ်စိုးကတော့ စစ်ရေး လိုအပ် ချက်အရ အရပ်သားတွေ မထိခိုက် မနစ်နာစေရေးအတွက် အသိပေးတာဖြစ်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“ဘောလခဲကတော့ ဒါ စစ်ကောင်စီတပ်တွေနဲ့ပဲ ပြည့်နှံ့နေတဲ့ နေရာဖြစ်တယ်။ စစ်ကောင်စီတပ်ရယ် စစ်ကောင်စီဘက်တော်သား ရဲတွေ သူ့ရဲ့ အရန်တပ်သားတွေပဲ ရှိတဲ့နေရာဖြစ်တယ်။ အဲ့တော့ ပြည်သူတွေအနေနဲ့ အဲ့ဒီမှာ သွားပြီးတော့မှ နေထိုင်တယ်၊ ဘာညာ ဆက်ဆံတယ်ပေါ့နော်၊ ဝင်ထွက်သွားလာတယ်ဆိုရင်တော့ တိုက်ပွဲဖြစ်တဲ့အချိန်နဲ့ တိုးရင် ပြည်သူတွေဘက်က နစ်နာမှာစိုးလို့ မြေပြင် စစ်ဆင်ရေးအဖွဲ့တွေက ဒီလိုမျိုး ထုတ်ပြန်ရခြင်း ဖြစ်ပါတယ်ပေါ့နော်။”

စစ်ကောင်စီတပ်ရဲ့ ထောက်ပို့လမ်းကြောင်းဖြစ်တဲ့ ဘောလခဲ၊ ဖားဆောင်း၊ ဖရူဆိုနဲ့ ဒီးမော့ဆို မြို့နယ်မှာတော့ ကရင်နီ တပ်ပေါင်းစုတွေဘက်က ဖြတ်တောက်ထားတာကြောင့် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ မကြာမကြာပြုလုပ်ပြီး လေကြောင်းကနေ စစ်အင်အားနဲ့ ရိက္ခာအင်အား ဖြည့်တင်းနေတာတွေ ရှိတယ်လို့လည်း သူက ပြောပါတယ်။ ဒါ့အပြင် ဇန်နဝါရီလထဲမှာ နေ့စဉ်ဆိုသလို နှစ်ဘက်တိုက်ပွဲတွေရှိပြီး စစ်ရေးတင်းမာနေတယ်လို့ KNDF ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ပြောပါတယ်။

“မိုးဗြဲမှာတော့ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ဖြစ်ခဲ့တယ်။ ဒီ ဇန်နဝါရီလထဲမှာပေါ့နော်၊ ဒါပေမယ့် တိုက်ပွဲ အကြီးမားဖြစ်တာကတော့ ၁၉ ရက်နေ့ဖြစ်တယ်၊ ကျန်တဲ့နေ့တွေမှာတော့ အပြန်အလှန်ပစ်ခတ်မှုတွေ အနည်းငယ်သာရှိခဲ့တယ်။ ဒါပေမယ့် စစ်ကောင်စီဘက်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် ပြည်သူတွေ ထိခိုက်တာမျိုးတွေ ရှိခဲ့တယ်။ လေယာဉ်ဗုံးကြဲတာတွေလည်း ဒီရက်ပိုင်းတွေမှာ ဆက်ပြီးတော့ လုပ်နေတယ်ပေါ့နော်၊ စစ်ကောင်စီဘက်က။”

စစ်ကောင်စီဘက်ကတော့ ကယားပြည်နယ်တွင်း တိုက်ပွဲတွေ အခြေအနေ၊ အရပ်သားတွေ ထိခိုက်သေဆုံးမှု စတဲ့သတင်းတွေ ထုတ်ပြန်တာ မတွေ့ရပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG