သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် ရေနံလုပ်ငန်းအပေါ်  ကန်ဒဏ်ခတ်မှုသစ် ချမှတ်


အီရန် ရေနံတူးဖော်ရေးလုပ်ငန်းခွင်တခု
အီရန် ရေနံတူးဖော်ရေးလုပ်ငန်းခွင်တခု

အီရန်က ရေနံစည်တွေ သန်းနဲ့ချီ တရုတ်နိုင်ငံကို တင်ပို့ရာမှာ ဝန်ဆောင်မှုပေးနေတဲ့ နိုင်ငံတကာ ကွန်ရက်တွေကို ပစ်မှတ်ထားပြီး အီရန် ရေနံလုပ်ငန်းအပေါ် ဒဏ်ခတ် ပိတ်ဆို့အရေးယူမှုသစ် ချမှတ်လိုက်တဲ့အကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ကြာသပတေးနေ့က ကြေညာပါတယ်။

အီရန် လက်နက်ကိုင်တပ်ဖွဲ့ AFGS ရဲ့ ရေနံတင်ပို့မှုတွေကို ဆောင်ရွက်ပေးနေတဲ့ ဇီပီယာ Sepehr Energy ကုမ္ပဏီ ကို ပစ်မှတ်ထား ဒဏ်ခတ်တာဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ နိုင်ငံခြား ပိုင်ဆိုင်မှု ထိန်းချုပ်ရေး ဌာနက ထုတ်ပြန်ပါတယ်။ အခု ဒဏ်ခတ် ခံရတဲ့အထဲမှာ တရုတ်၊ အိန္ဒိယနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု UAE နိုင်ငံတွေမှာ ရှိတဲ့ လူပုဂ္ဂိုလ်တွေ၊ လုပ်ငန်းတွေ ပါသလို၊ ကုန်တင်သင်္ဘော အများအပြားလည်း ပါ ဝင်ပါတယ်။

အီရန် AFGS အဖွဲ့ အောက်မှာ လည်ပတ်နေတဲ့ ဇီပီယာ စွမ်းအင် ကုမ္ပဏီနဲ့ သူနဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီတွေဟာ ရေကြောင်းသွားလာမှုတွေမှာ လက်မှတ်တုတွေ လုပ်တာ အပါအဝင် လိမ်ညာ လှည့်ဖြားတဲ့ တရားမဝင် နည်းလမ်းတွေနဲ့ ရေနံတွေကို အီရန်ကလာတယ်ဆိုတာ မသိရအောင် ဖုံးကွယ်ပြီး တရုတ်အပါအဝင် ကမ္ဘာ့နိုင်ငံတွေကို တင်ပို့ ကုန်သွယ်တာတွေ လုပ်နေတယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒီလို တရားမဝင် ရောင်းချမှုတွေဟာ နှစ်စဥ် ဒေါ်လာ သန်း ထောင်ချီ ရှိပြီး ဒီငွေတွေနဲ့ ဟာမတ်စ်၊ ဟူသီနဲ့ ဟက်ဇ်ဘလိုလာ အပါအဝင် ဒေသတွင်း အကြမ်းဖက်အဖွဲ့တွေကို ကူညီထောင်ပံ့ပေးနေပြီး ဒေသတွင်း တည်ငြိမ်မှု ပျက်ပြားအောင် အီရန်က လုပ်နေတယ်လို့လည်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန နိုင်ငံခြား ပိုင်ဆိုင်မှု ထိန်းချုပ်ရေးအဖွဲ့ OFAC က ပြောပါတယ်။

အခုကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ အီရန် ကိုယ်စားလှယ်ရုံးကို ရိုက်တာ သတင်းဌာနက ဆက်သွယ် မေးမြန်းပေမဲ့ တုံ့ပြန်တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG