သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်းတွေ ဂါဇာက ထွက်ခွါရေး စီစဉ်ဖို့ အစ္စရေးက စစ်တပ်ကိုညွှန်ကြား


စစ်ကြောင့်ပျက်စီးသွားတဲ့ ဂါဇာဒေသ မြင်ကွင်း။
စစ်ကြောင့်ပျက်စီးသွားတဲ့ ဂါဇာဒေသ မြင်ကွင်း။

စစ်ဒဏ်ကြောင့် ပျက်စီး ယိုယွင်းနေတဲ့ ဂါဇာကမ်းမြောင်ဒေသအတွက် စီမံခန့်ခွဲရေးဆိုင်ရာ သမ္မတဒေါ်နယ်ထရမ့်ရဲ့ အဆိုပြုချက် ထွက်ပေါ်လာပြီးနောက်မှာ ဂါဇာကမ်းမြောင်ဒေသကနေ ပါလက်စတိုင်းတွေ ထွက်ခွါသွားရေး စီစဉ်ဖို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF ကို အစ္စရေးကာကွယ်ရေးဝန်ကြီးက အမိန့်ပေးလိုက်ပါတယ်။

ဂါဇာဒေသခံတွေထဲက ကိုယ့်သဘောနဲ့ကိုယ် ထွက်ခွာချင်သူတွေ ထွက်ခွာနိုင်အောင် အစီအစဉ်တခုကို ပြင်ဆင်ထားဖို့ IDF တပ်ဖွဲ့ကို ညွှန်ကြားခဲ့သလို ဒေသခံတွေအနေနဲ့ သူတို့ကို လက်ခံမယ့် ဘယ်နိုင်ငံကိုမဆို သွားနိုင်ကြောင်းလည်း ကာကွယ်ရေးဝန်ကြီး Israel Katz က ကြာသပတေးနေ့မှာ ပြောပါတယ်။

ဒီအစီအစဉ်ထဲမှာ ထွက်ခွာရေးနဲ့ နယ်စပ်ကျော်ဖြတ်ရေးအတွက် ရွေးချယ်စရာ နည်းလမ်းတွေ ပါဝင်မှာဖြစ်သလို၊ လေကြောင်းကဖြစ်စေ ရေကြောင်းကဖြစ်စေ ထွက်ခွာမယ်ဆိုရင် အထူးစီစဉ်ပေးမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

ဟားမတ်စ် စစ်သွေးကြွတွေပေါ် အစ္စရေးရဲ့ စစ်ဆင်ရေးဖြစ်တဲ့ လေကြောင်းကရော မြေပြင်ကပါ တိုက်ခိုက်မှုတွေ ကြောင့် ပျက်စီးယိုယွင်းနေတဲ့ ဂါဇာကနေ ဒေသခံတွေ ထွက်ခွာဖို့ သမ္မတ ထရမ့်ရဲ့ ပြောကြားချက်ဟာ ရဲရင့်တဲ့ အစီအစဉ်ဖြစ်ကြောင်း ဝန်ကြီး Katz ကပြောပြီး ဒီအကြံပြုချက်အတွက် ချီးကျူးခဲ့ပါတယ်။

ဟားမတ်စ်တွေနဲ့ စစ်ပွဲပြီးရင် အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို အမေရိကန်ကို ပေးသင့်ကြောင်း သမ္မတ ထရမ့်က ကြာသပတေးနေ့မှာ ပြောကြားခဲ့တာဖြစ်ပြီး ဒီပြောဆိုချက်ကို သူ့ရဲ့ Truth Social လူမှုမီဒီယာမှာ တင်ခဲ့တာပါ။

သူ့အစီအစဉ်အရ ပါလက်စတိုင်း ၂ သန်းကျော်အတွက် ဒေသတွင်းမှာ ပိုလုံခြုံစိတ်ချရပြီး ပိုမိုလှပတဲ့ ဝန်းကျင်မှာ နောက်ဆုံးပေါ် အိမ်ယာသစ်တွေနဲ့ နေနိုင်မှာဖြစ်ကြောင်း ပြောထားပါတယ်။ ဒါပေမဲ့ ဒါဟာ ဂါဇာမှာလား တခြား ဘယ်နိုင်ငံထဲမှာလည်း ဆိုတာကိုတော့ ဖေါ်ပြ မထားပါဘူး။

Forum

XS
SM
MD
LG