စလင်းမြို့နယ်မှာ စစ်တပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့ကြား တိုက်ပွဲတွေအတွင်း နှစ်ဘက် သေဆုံးတာတွေရှိသလို နေအိမ်တွေလည်း မီးရှို့ခံရပါတယ်။ ငါန်းဇွန်မြို့နယ်ထဲမှာလည်း စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ မကွေးတိုင်းနဲ့ မန္တလေးတိုင်းထဲက တိုက်ပွဲအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်ထဲရှိ အုန်းတောရွာနဲ့ မြောင်းကြားကျေးရွားနားမှာ ဖေဖော်ဝါရီ ၉ ရက် မနက်ပိုင်းက စစ်တပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဘက် ထိခိုက်သေဆုံးတဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ခလရ (၂၅၃-၂၅၄-၂၅၅) နဲ့ စစ်တပ်ထောက်ခံသူ ပျူစောထီးတွေ ပါဝင်တဲ့ အင်အား ၁၀၀ ကျော် စစ်တပ် စစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်ကြပြီးတဲ့နောက် ကျေးရွာထဲက နေအိမ်တွေလည်း မီးရှို့ခံခဲ့ရပါတယ်။ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။
"စစ်ကောင်စီရဲ့ စစ်ကြောင်းက ပွင့်ဖြူဘက်ကနေ ပြန်ဆုတ်လာပြီးတော့ စလင်းဘက်ကို ထပ်ထိုးတာခင်ဗျ။ အုန်းတောရွာနဲ့ မြောင်းကြားရွာကြားမှာဖြစ်တာ။ ပြောရမယ်ဆိုရင် ပြင်းထန်တယ်ပဲပြောရမှာပေါ့။ ထိခိုက်သေဆုံးမှုက စစ်ကောင်စီဘက်ကလည်း နှစ်ယောက် ကျတယ်ဆိုပြီးတော့ သတင်းတွေ ထုတ်ပြန်ထားပါတယ်။ တော်လှန်ရေးဘက်ကလည်း ရဲဘော်တယောက် ကျဆုံးခဲ့တယ်ခင်ဗျ။ နှစ်ဘက် အပြန်အလှန် တိုက်ခိုက်မှုအပြီးမှာ ဆုတ်ခါနီးမှာ သူတို့က အုန်းတောရွာနဲ့ မြောင်းကြားရွာကို မီးရှို့သွားတယ်။ နေအိမ်စာရင်း အတိအကျတော့ မရသေးဘူးခင်ဗျ။"
တိုက်ပွဲဖြစ်ပြီးနောက်ရက် ဖေဖော်ဝါရီ ၁၀ ရက်မှာ စလင်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်တပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုတော့ မသိရသေးပါဘူး။ ဖေဖော်ဝါရီ ၃ ရက်ကလည်း အုန်းတောနဲ့ မြောင်းကြားကျေးရွာနဲ့ ကပ်လျက်မှာရှိတဲ့ လင်းဇင်းရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပေမယ့် စခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းတော့ မရှိပါဘူး။ တိုက်ပွဲတွေကြောင့် လင်းဇင်၊း အုန်းတောနဲ့ မြောင်းကြားကျေးရွာက ဒေသခံ ၃,၀၀၀ လောက် ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။
တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။ ဒါက မကွေးတိုင်းထဲက အခြေအနေတွေပါ။
မန္တလေးတိုင်း မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်ထဲမှာလည်း စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၈ ရက်နဲ့ ၁၀ ရက်နေ့မှာ ငါန်းဇွန်မြို့နဲ့ မိုင်ဝက်လောက်သာဝေးတဲ့ ယိုးဒယား ရွာသစ်ကျေးရွာကို စက်တပ် လေထီးတွေနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
"၈ ရက်နေ့က ၁၂ နာရီ ၂၀ မှာ တကြိမ်၊ ဒီနေ့ကျတော့ ၄ နာရီ ၂၅ မှာတကြိမ်၊ အဲ့ဒါက ရွာတရွာတည်း၊ ယိုးဒယားရွာသစ်ဆိုတဲ့ရွာ၊ အဲ့ရွာက ငါန်းဇွန်နဲ့က ဆိုင်ကယ်နဲ့စီးရင် ၅ မိနစ်လောက်ဆိုရောက်တယ်။ အိမ်ပျက်စီးတာ ဒီနေ့ဟာတော့မသိဘူး။ မနေ့ကဟာက အိမ် ၂ လုံးနဲ့ နွား ၄ ကောင် ပျက်သွားတယ်။"
စစ်တပ်ဘက်က မြင်းခြံခရိုင်ထဲ လေကြောင်းတိုက်ခိုက်တာတွေ တိုးမြှင့်လုပ်ဆောင်လာတာဟာ မန္တလေးတိုင်းထဲ စစ်ရေးအသာစီးရဖို့ ကြိုးစားနေတာကြောင့်လို့ ဒေသခံတွေက ယူဆနေကြပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိပါဘူး။
Forum