အမေရိကန်ရဲ့ ယူကရိန်း အရေး အဆိုပြုချက်ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ တနင်္လာနေ့က အတည်ပြုလိုက်ပါတယ်။ ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ် ၃ နှစ်ပြည့်ချိန်မှာ တင်သွင်းလိုက်တဲ့ အမေရိကန်ရဲ့ ငြိမ်းချမ်းရေး အတွက် လမ်း အဆိုပြုချက်ကို ဗြိတိန်နဲ့ ဥရောပ မဟာမိတ်တွေက သံသယ ရှိကြောင်း ပြောဆိုထားကြတာပါ။
ဒီ အဆိုပြုချက်က အားလုံးကို ငြိမ်းချမ်းရေး လမ်းကြောင်းပေါ် တင်ပေးလိုက်တာဖြစ်တယ်လို့ အမေရိကန် သံအမတ်ကြီး Dorothy Shea က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေကို ပြောခဲ့ပါတယ်။ ဒါက ပထမ ခြေလှမ်းဖြစ်ပေမဲ့ အရေးကြီးကြောင်း၊ အားလုံး ဂုဏ်ယူရမှာ ဖြစ်ကြောင်း၊ ယူကရိန်း၊ ရုရှားနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း အတွက် ငြိမ်းချမ်းတဲ့ အနာဂတ်ကို တည်ဆောက်တဲ့ နေရာမှာ အသုံးပြုရမှာ ဖြစ်တယ်လို့ သူမက ပြောပါတယ်။
အမေရိကန်ရဲ့ အဆိုပြုချက်ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ထောက်ခံမဲ ၁၀ မဲ ကန့်ကွက်မဲ မရှိနဲ့ အတည်ပြုခဲ့တာပါ။ အမေရိကန် ပြည်ထောင်စု နဲ့ အတူ ရုရှား၊ တရုတ်တို့ကလည်း ထောက်ခံမဲ ပေးခဲ့တာပါ။ ဗြိတိန်နဲ့ တခြားသော ဥရောပ သမဂ္ဂ အဖွဲ့ဝင် ၄ နိုင်ငံတို့ကတော့ မဲမပေးဘဲ နေခဲ့ကြပါတယ်။ ပြင်သစ်နဲ့ ဗြိတိန်တို့က မဲခွဲမှုကို ရွှေ့ဆိုင်းဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။
Forum