မြန်မာနိုင်ငံတဝန်း လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေပြီး ပဋိပက္ခတွေအတွင်း အရပ်သားပြည်သူထိခိုက်သေဆုံးမှုနဲ့ နေရပ်စွန့်ခွါ ထွက်ပြေးရတဲ့ စစ်ဘေးရှောင်အရေအတွက်က လျော့နည်းသွားခြင်းမရှိဘဲ ဇန်နဝါရီလထက် ပိုမိုများပြားလာတာ ကိုတွေ့ရပါတယ်။ မြန်မာ့အရေး ဖေါ်ပြနေတဲ့ သတင်းမီဒီယာ (၁၀) ခုနဲ့ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ဖေါ်ပြချက်တွေကို လေ့လာစောင့်ကြည့်မှုအရ ဇန်နဝါရီလအတွင်းမှာ မြန်မာနိုင်ငံတဝန်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင်၊ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးမှုတွေကြောင့် အရပ်သားပြည်သူနေအိမ် (၇၀၃) လုံးထက်မနည်းပျက်စီးဆုံးရှုံးခဲ့ရတာကိုတွေ့ရပါတယ်။
၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း မြန်မာနိုင်ငံတဝန်းက မြို့ပေါင်း (၄၂) မြို့ထက်မနည်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု (၁၃၈) ကြိမ်ထက်မနည်းတိုက်ခိုက်ခဲ့တာတွေ့ရပါတယ်။ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်မှုတွေလုပ်ဆောင်ရာမှာ ဒရုန်းအသုံးပြုတိုက်ခိုက်ခြင်းတွေနဲ့ စက်တပ်လေထီးနဲ့ တိုက်ခိုက်မှုတွေလည်း လုပ်ဆောင်လာခဲ့တာကို တွေ့ရပါတယ်။
ဖေဖေါ်ဝါရီလအတွင်း မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်း အတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးမှု အများဆုံးလုပ်ဆောင်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ်အလုံးပေါင်း (၂၈၀) ထက်မနည်းပျက်စီးဆုံးရှုံးခဲ့ရပြီး မကွေးတိုင်းအတွင်းမှာတော့ အရပ်သားနေအိမ် (၁၇၅) လုံးထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု၊ စစ်ကြောင်းထိုးဝင်ရောက်မှုတွေအပါအဝင် နှစ်ဖက် လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွါ စစ်ဘေးရှောင်ရတဲ့ အရပ်သားပြည်သူ (၃၄၉၈၆) ဦးထက်မနည်းရှိတာကိုတွေ့ရပါတယ်။
ဖေဖေါ်ဝါရီလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု၊လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှု အပါအဝင် စစ်ကြောင်းထိုး၀င်ရောက်ပြီး သတ်ဖြတ်မှုတွေကြောင့် အရပ်သားပြည်သူ (၁၅၉) ဦးထက်မနည်းသေဆုံးခဲ့ရပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့်၊ (၁၁၅) ဦးထက်မနည်း၊ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် ( ၁၅) ဦးထက်မနည်း၊ စစ်ကြောင်းထိုးဝင်ရောက်သတ်ဖြတ်မှုကြောင့် (၂၂) ဦးထက်မနည်း သေဆုံးခဲ့ရတာတွေ့ရပါတယ်။
၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှုက ဆက်လက်မြင့်မားနေပြီး နိုင်ငံတဝန်းက မြို့နယ်ပေါင်း (၅၅) မြို့ထက်မနည်းမှာ လက်နက်ကိုင်တိုက်ပွဲ အကြိမ် (၂၀၀) ထက်မနည်းဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ မကွေးတိုင်းအတွင်းက ငဖဲ ၊ ပဲခူးတိုင်းအတွင်းက ပန်းတောင်း ဒေသတွေကို အာရက္ခတပ်တော်(အေအေ) နဲ့ မဟာမိတ်တွေရဲ့ ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ ဖေဖေါ်ဝါရီလအတွင်း ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်းက ဓညဝတီရေတပ်ဌာနချုပ်ကို အာရက္ခတပ်တော်(အေအေ)က ထိုးစစ်ဆင်တိုက်ခိုက်လာတာကို တွေ့ရပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာလည်း ကလေးနဲ့ချောင်းဦးဒေသတွေမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲတွေပြင်းထန်ခဲ့တာကိုတွေ့ရပါတယ်။ ကချင်ပြည်နယ်အတွင်းမှာ KIA ပူးပေါင်းတပ်တွေက ဗန်မော် မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာကြောင့် တိုက်ပွဲတွေပြင်းထန်ခဲ့တာကိုတွေ့ရပါတယ်။
ဆောင်းပါး၌ ဖေါ်ပြထားသော အချက်အလက်များသည် သတင်းမီဒီယာ (၁၀) ခုနှင့် အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များကို လေ့လာစောင့်ကြည့်ကိုးကားထားခြင်းဖြစ်ပါသည်။ မြေပြင်အချက်အလက်များ၌ ယခုထက်ပိုနိုင်ပါသည်။
Forum