ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ထဲက စစ်ကောင်စီရဲ့ ပူလူတူစခန်းကို ကရင် အမျိုးသား လွတ်မြောက်ရေးတပ် KNLA နဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်တို့ ပူးပေါင်း တိုက်ခိုက်နေကြပြီး စစ်ကောင်စီကလည်း လေကြောင်းကနေ တန်ပြန် ဗုံးကြဲတိုက်ခိုက်နေပါတယ်။ ဒီတိုက်ပွဲတွေကြောင့် မတ်လ ၂ ရက်နေ့မှာ မြန်မာဘက်က စစ်ရှောင် ရာနဲ့ချီပြီး ထိုင်းဘက်ကို ထွက်ပြေးလာကြပြီး ထိုင်းဘက်ကလည်း နယ်စပ်လုံခြုံရေးကို တိုးမြှင့်ထားပါတယ်။ ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။
ထိုင်း-မြန်မာ နယ်စပ်နဲ့ နီးတဲ့ ကရင်ပြည်နယ် လှိုင်းဘွဲ့ မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA/PDF ပူးပေါင်းတပ်တွေဟာ ဖေဖော်ဝါရီ ၂၆ ရက်နေ့စပြီး တိုက်ပွဲတွေဖြစ်နေတာပါ။ ကရင် အမျိုးသားလွတ်မြောက်ရေးတပ် KNLA နဲ့ PDF ပူးပေါင်းတပ်တွေက စစ်ကောင်စီရဲ့ တပ်စခန်းဖြစ်တဲ့ ပူလူတူစခန်းကို ဒရုန်းနဲ့ စတင်ဗုံးကြဲတိုက်ခိုက်ခဲ့သလို စစ်ကောင်စီဘက်ကလည်း လေယာဉ်တွေနဲ့ အနီးနားက ကျေးရွာတွေဘက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ မတ်လ ၂ ရက်နေ့မှာတော့ တိုက်ပွဲတွေ ဆက်ပြီး ပြင်းထန်တဲ့အတွက် ဒုက္ခသည် ၅၀၀ ကျော် ထိုင်းဘက်ကို ထွက်ပြေးလာခဲ့တယ်လို့ စစ်ဘေးရှောင် ဒုက္ခသည်တွေကို ကူညီပေးနေသူတဦးက ဗွီအိုအေကို ပြောပါတယ်။
“အခုဖြစ်နေတဲ့နေရာက ထာ့ဆောင်ရမ်းဘက်မှာခင်ဗျ။ ပထမ ပြီးခဲ့တဲ့ ရက်တွေတုန်းကတော့ လေယာဉ်နဲ့ဗုံးကြဲတယ်။ ပြီးခဲ့တဲ့ရက်ကတော့ လူ ၁၀၀ ကျော်ပြေးလာတယ်။ အခု ဆက်တိုက်ပြေးလာတော့ လူ ၅၀၀ ကျော်သွားပြီ။ ပြေးလာတာ။ အဲဒီမှာ ကလေးတွေကော အမျိုသမီးတွေကော ပါတယ်။ အဲဒီမှာ အကူညီတွေ လိုအပ်နေတယ်။ ကျနော်တို့ သွားဖို့ကလည်း စစ်ဆေးရေးဂိတ်တွေ အများကြီးကို ကျော်ဖြတ်ရမှာမို့ ကျနော်တို့ သွားဖို့ ပြင်ဆင်နေပါတယ်။ အဓိကတော့ လေကြောင်းကနေ ဗုံးကြဲတာလည်းပါတယ်။ တိုက်ပွဲတွေကလည်း ဆက်တိုက်ဖြစ်နေတော့ သူတို့ပြေးလာကြတာပါ။”
မြန်မာနယ်စပ်ဘက်မှာ တိုက်ပွဲပြင်းထန်တဲ့အတွက် ထိုင်းဘက်ကို မတ်လ ၂ ရက်နေ့ ထိ ရောက်ရှိလာတဲ့ စစ်ဘေးရှောင် ၅၅၀ ကျော်လောက် ရှိသွားပြီဖြစ်လို့ ထိုင်းစစ်တပ်က နယ်စပ်မှာ နေရာချထားပြီး အစားအသောက်တွေ ပေးနေရပါတယ်။ မြန်မာဘက်က တိုက်ပွဲတွေ၊ လေကြောင်း တိုက်ခိုက်မူတွေကြောင့် ထိုင်းဘက်ကတော့ နယ်စပ်မှာ လုံခြုံရေးတွေ တင်းကြပ်စွာ ချထားကြောင်း Naresuan Task Force က တပ်မှူး Maitri Chupreecha က ပြောပါတယ်။
"အခု တိုက်ပွဲဖြစ်တဲ့နေရာဟာ ထိုင်းနဲ့ အနီးဆုံး မြန်မာဘက်ကမ်းမှာ ဖြစ်နေတာပါ။ ထိုင်းနိုင်ငံ နယ်ခြားနဲ့ ကီလိုမီတာ ၈၀၀ လောက်သာ ကွာဝေးပါတယ်။ ထိုင်းစစ်တပ်အနေနဲ့ ကတော့ ထိုင်း ပြည်သူတွေရဲ့ အသက်အန္တရာယ် လုံခြုံရေးနဲ့ ထွက်ပြေးလာကြတဲ့ မြန်မာနိုင်ငံသားတွေကို ကာကွယ်ပေးဖို့ဖြစ်ပါတယ်။ နောက်တခုကတော့ လက်နက်ကိုင်အင်အားစုတွေ ထိုင်းဘက်ကို ဝင်မလာအောင်လည်း သတိထား စောင့်ကြည့်နေပါတယ်လို့" ပြောသွားခဲ့ပါတယ်။
Forum