သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် စီမံကိန်း၊ ကျောက်ဖြူတိုက်ပွဲ ရိုက်ခတ်ချက်


အာရက္ခတပ်တော် (AA)
အာရက္ခတပ်တော် (AA)

တရုတ်နိုင်ငံအနေနဲ့ ရခိုင်ရဲ့ ၉၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (AA) ကို တရားဝင် အုပ်ချုပ်နေတဲ့ နိုင်ငံရေး အင်အားစုတခုအနေနဲ့ အသိအမှတ်ပြု ဆက်ဆံတာမျိုး မလုပ်သေးပေမဲ့ ဒီချဥ်းကပ်မှု ပုံစံက ပြောင်းလဲလာနိုင်တယ်လို့ သုတေသီတဦးက ပြောပါတယ်။ AA ဟာ စစ်ရေး အောင်မြင်မှုကတဆင့် သူတို့လိုလားတဲ့ နိုင်ငံရေး အခြေအနေကိုရရှိဖို့ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံစလုံးနဲ့ ထိန်းညှိရမယ်လို့လည်း နောက်တဦးက ထောက်ပြပါတယ်။ စစ်ရေးအရှိန်တင်လာတဲ့ ရခိုင့်စစ်ရေး ရိုက်ခတ်ချက်တွေနဲ့ ပတ်သတ်ပြီး ဆက်သွယ်မေးမြန်းထားတဲ့ ကိုငြိမ်းချမ်းအေးက တင်ပြထားပါတယ်။

အာရက္ခတပ်တော် (AA) ဟာ ရခိုင်က ၁၇ မြို့နယ်ထဲမှာ သူတို့ ထိန်းချုပ်ဖို့ ကျန်နေတဲ့ လက်ကျန် ၃ မြို့နယ်ထဲက မြို့တော် စစ်တွေ အပြင် တောင်ပိုင်းက ကျောက်ဖြူမြို့နယ်မှာ စစ်ရေး အရှိန်မြှင့်လာတာဟာ တရုတ်နိုင်ငံရဲ့ မဟာဗျူဟာမြောက် ခါးပတ်လမ်း ရင်းနှီးမြှုပ်နှံမှုတွေ အတွက် ခြိမ်းခြောက်မှု အသစ်တွေ ဖြစ်ပေါ်လာတာ အပြင် AA ရဲ့ နိုင်ငံရေး အခန်းကဏ္ဍကလည်း ကျယ်ပြန့်လာတယ်လို့ ကျွမ်းကျင်သူတွေက တွက်ဆလာကြပါတယ်။

ကျောက်ဖြူမြို့အနီးက ရခိုင်မှာ စစ်ကောင်စီရဲ့ အကြီးဆုံးရေတပ်ဌာနချုပ်ဖြစ်တဲ့ ဓညဝတီရေတပ်စခန်းတဝိုက်ကို AA က အရင်လကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။

ရမ်းဗြဲကျွန်း အနောက်မြောက်စွန်မှာ ရှိတဲ့ ကျောက်ဖြူမြို့နယ်ထဲမှာ စစ်ရေး အရ ရေဒါ စခန်းနဲ့ ရေတပ် စခန်း ရှိသလို စီးပွားရေး အရလည်း ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း အပါအဝင် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေ ရှိလို့ စစ်ကောင်စီ အတွက်က မြို့တော် စစ်တွေနည်းတူ ကျောက်ဖြူဟာ အရေးပါတဲ့ ဒေသ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီပြည်နယ် ဟိုနိုလူလူမြို့တော်မှာ အခြေစိုက်တဲ့ အင်ဒို-ပစိဖိတ် ဒေသဆိုင်ရာ နိုင်ငံခြားရေးနဲ့ လုံခြုံရေး မူဝါဒ သုတေသနအဖွဲ့က သုတေသီ ကိုအောင်သူရကိုကိုက ကျောက်ဖြူရော စစ်တွေရောက ဘက်အားလုံး အတွက် အရေးကြီးနေတယ်လို့ ထောက်ပြပါတယ်။

"ဘင်္ဂလားပင်လယ်အော်နဲ့ ထိစပ်နေတဲ့ ရခိုင် အတွင်းမှာ ရှိတဲ့ စီမံကိန်း နှစ်ခု ဖြစ်တဲ့ ကျောက်ဖြူ ရေနက် ဆိပ်ကမ်းရော၊ ရွှေ ဂက်စ် ပိုက်လိုင်းကရော တရုတ် အစိုးရရဲ့ ခါးပတ်လမ်း (Belt and Road Initiative) စီမံကိန်း တခုလုံးအတွက် အချက်အချာကျတဲ့ အခန်း ကဏ္ဍမှာ ရှိတယ်။ ပြီးတော့ ဒီစီမံကိန်းတွေက တရုတ်နိုင်ငံအတွက် စီးပွားရေး အကျိုးအမြတ် ရရှိယုံသက်သက်မဟုတ်ဘူး ပထဝီဝင် အနေအထားအရလည်း အရမ်း အရေးကြီတဲ့ အနေအထားမှာ ရှိတယ်။ ဘာကြောင့်လဲဆိုရင် လူဦးရေ ၁ ဒဿမ ၄ ဘီလီယံကျော် ရှိတဲ့ တရုတ်နိုင်ငံရဲ့ စွမ်းအင် လိုအပ်ချက်ကို ရခိုင်က ခုန စီမံကိန်းတွေက အရေးပါတဲ့ အခန်း ကဏ္ဍက ပံ့ပိုးပေးနေတာ ဖြစ်တယ်။ လုံခြုံရေး ရှုထောင့်ကကြည့်မယ် ဆိုရင်လည်း တရုတ် တောင်ပိုင်း ယူနန် ပြည်နယ်ကနေ အိန္ဒိယ သမုဒ္ဒရာကို ထွက်ပေါက်ပေးထားနိုင်တဲ့ မဟာဗျူဟာကျတဲ့ ဒေသဖြစ်တယ်။ ကျောက်ဖြူ ရေနက် ဆိပ်ကမ်းက တရုတ်ရဲ့ ရေလမ်းကုန်သွယ်မှု လမ်းကြောင်းနဲ့ ပတ်သက်ပြီးတော့ သူတို့ နှစ်ရှည်လများ ခေါင်းခဲနေတဲ့ မလက္ကာရေလက်ကြား Dilemma စိုးရိမ်ချက်ကော၊ နောက် အငြင်းပွားမှုတွေ ဖြစ်နေတဲ့ တောင်တရုတ်ပင်လယ် လမ်းကြောင်းကို မဖြတ်ဘဲနဲ့ သွားလို့ရမယ့်၊ ပြီးတော့ အချိန်ရော အရင်းအမြစ်တွေရော အများကြီး သက်သာသွားမယ့် နည်းလမ်း ဖြစ်လို့ အရမ်းအရေးကြီးတယ်လို့ ပထမဆုံး ပြောချင်တယ်။"

နိုင်ငံတကာ သုတေသန အဖွဲ့တခု ဖြစ်တဲ့ Lowy Institute ရဲ့ လေ့လာချက်အရ ဆိုရင် တရုတ်နိုင်ငံပိုင်ကုမ္ပဏီတွေရဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းက အမေရိကန်ဒေါ်လာ ၇.၃ ဘီလီယံ တန်ကြေး ရှိပြီး အထူးစီးပွားရေးဇုန်မှာလည်း အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံ အထိ ရင်းနှီးမြှုပ်နှံမယ့် အစီအစဥ်တွေ ရှိပါတယ်။

ကျောက်ဖြူ ဆိပ်ကမ်းမှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ ရေတပ် စစ်သင်္ဘောတွေ ဆိုက်ကပ်နိုင်အောင် စစ်ဘက်နဲ့ အရပ်ဘက် နှစ်မျိုးလုံးသုံးနိုင်တဲ့ အလားအလာရှိတယ်လို့လည်း Asia Society ရဲ့ အစီရင်ခံစာ တစောင်က ထောက်ပြထားတာ ရှိပါတယ်။

စစ်ကောင်စီနဲ့ ပူးတွဲပြီး ပုဂ္ဂိုလိက လုံခြုံရေးတွေ ချထားနိုင်ဖို့ ကြိုးစားလာတာကလည်း ရင်းနှီးမြှုပ်နှံမှုတွေ အတွက် တရုတ်ရဲ့ စိုးရိမ်ချက်ကို ထင်ဟပ်စလို စစ်ကောင်စီ အပေါ် ယုံကြည်ကိုးစားမှုကျဆင်းလာတာကိုလည်း ပြသနေတယ်လို့ သုတေသီ ကိုအောင်သူရကိုကိုက ရှုမြင်ပါတယ်။

"ဖေဖော်ဝါရီ ၁၈ ရက်နေ့က စစ်ကောင်စီက ပုဂ္ဂိုလိက လုံခြုံရေး ဝန်ဆောင်မှု ဆိုင်ရာ ဥပဒေကို တရားဝင် ပြဌာန်းလိုက်ပြီ။ ဒါက ဘာကို သိသာစေလဲ ဆိုရင် တရုတ်ဘက်က တောင်းဆိုထားတဲ့ ပူးတွဲ လုံခြုံရေး ကုမ္ပဏီ တည်ထောင်ဖို့ အတွက် နောက်တဆင့် အကောင်အထည်ဖော်ဖို့ မီးစိမ်း ပြလိုက်တဲ့ သဘောလို့ ပြောရမှာပေါ့နော်။

နောက်တခုက စစ်ကောင်စီက ဒီ ဥပဒေကို ကြည့်ရင်လည်း သူတို့ တချိန်လုံး Refer (ကိုးကားနေတဲ့) လုပ်နေသေးတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဒါဟာ မညီညွတ်ဘူး။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ထိပါးစေတဲ့ ပြည်ပ တပ်ဖွဲ့ဝင်တွေကို ပြည်တွင်းမှာ ချထားဖို့၊ လာပြီး တရားဝင် ချထားဖို့ မညီညွတ်တဲ့ အတွက် ဒီဥပဒေကို ပြဌာန်းလိုက်တာပေါ့နော်။ လုပ်ခွင့်ရအောင် ပြဌာန်းလိုက်တယ်လို့ ပြောလို့ရတယ်။ ဒီလုံခြုံရေး ကုမ္ပဏီ တည်ထောင်တဲ့ ကိစ္စမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (Wang Yi) ရဲ့ နေပြည်တော် ခရီးစဥ်မှာ တောင်းဆိုခဲ့တာပေါ့နော်။ အသေးစိတ်ကြည့်ရင်လည်း မြန်မာနိုင်ငံအတွက် ရခိုင်ပြည်နယ် အတွက်က လုံခြုံရေးက စိုးရိမ်စရာ အချက်တွေ ရှိတယ်။ ဘာကြောင့်လဲ ဆိုတော့ လက်နက်တွေ၊ လုံခြုံရေး ပစ္စည်းတွေကို တင်သွင်းလို့ရတယ်။ ပြီးတော့ တရုတ်ပြည်ပ တပ်ဖွဲ့ကို တပ်ချထားလို့ရတဲ့ အနေအထားမှာ ရှိတော့ ဒါက လုံခြုံရေး အရ စိုးရိမ် စရာ ရှိတယ်လို့ ပြောလို့ရတယ် ပေါ့နော်။ နောက် တဘက်က ပြန်ကြည့်မယ် ဆိုရင်လည်း တရုတ် အစိုးရက စစ်တပ်အပေါ်မှာ အရင်က သူထားရှိခဲ့တဲ့ ယုံကြည်မှုက သိသိသာသာ လျော့ကျသွားလို့ သူ ဒီ နည်းလမ်းနဲ့ သူကြိုးစားကြည့်တာပေါ့နော်။ စစ်ကောင်စီ အနေနဲ့ တရုတ် စီမံကိန်းတွေကို အပြည့်အဝ ကာကွယ်နိုင်စွမ်း မရှိတော့ဘူးလို့ သူ ယူဆတယ်။ ယူဆလို့ ဒီခြေလှမ်းကို လှမ်းခဲ့တာပေါ့နော်။ ဒီ လုံခြုံရေး ကုမ္ပဏီ စပြီး အသက်ဝင်ပြီ ဆိုရင် တရုတ် လက်နက်ကိုင်တွေ ရှိနေတဲ့ မြေပြင်မှာ Arkan Army အတွက် ထိုးစစ်ဆင်ရတာ အခက်အခဲတွေ အများကြီး ရှိလာနိုင်တာမျိုးတော့ သုံးသပ်လို့ ရပါတယ်။"

Cornell တက္ကသိုလ်က ပါရဂူ ကျောင်းသား နိုင်ငံရေး သုတေသီ ကိုကျော်ဆန်းလှိုင်ကတော့ အာရက္ခတပ်တော် အနေနဲ့ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေ အရေးကို ထည့်သွင်း စဥ်းစားပြီး ပြင်ဆင်ထားတာတွေ့ရတယ်လို့ သုံးသပ်ပါတယ်။

"AA ရဲ့ ထုတ်ပြန်ချက်မှာ ပါတယ်ပေါ့နော်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟာကို ထုတ်ပြန်တဲ့ အချိန်မှာ ငြိမ်းချမ်းရေး အတွက်လည်း တံခါးဖွင့်ထားပါတယ်။ ပြီးတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကာကွယ်ပေးမယ် ဆိုတဲ့ဟာမှာ ကျနော်တော့ ဒွိဟ မြင်တာ ပေါ့နော်။ ဒီဟာတွေက တကယ်ဆိုရင် ဘာပြောချင်တာလဲ ဆိုတော့ ငါတို့ လက်အောက်မှာ ရှိတဲ့ နယ်မြေတွေထဲက မင်းတို့ စီမံကိန်းတွေကို ငါတို့ တာဝန်ခံတယ်၊ ငါတို့ကနေ ဒါကို လုံခြုံရေး ပေးမယ်။ ပြီးတော့ ရှေ့မှာ ဖြစ်လာတဲ့ဟာကိုလည်း ဆက်ပြီးတော့ လုံခြုံရေး ပေးဦးမယ် ဆိုတဲ့ ဟာကို သူတို့ အနေနဲ့ ကတိကဝတ်တခုပေါ့နော်၊ နိုင်ငံရေး ကတိကဝတ် တခုအနေနဲ့ ချပြတယ်ဆိုတဲ့ သဘောကို ကျနော်တို့ မြင်တာပေါ့နော်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲလည်း Open ဖွင့်ပေးထားတယ်။ ဒါပေမယ့် နိုင်ငံရေး ကတိကဝတ် တခု အနေနဲ့ ငါတို့ သိမ်းပိုက်ရရှိထားတဲ့ နယ်မြေတွေကို ငါတို့ အနေနဲ့ နိုင်ငံရေး အရ တာဝန်ယူတယ်။ လုံခြုံရေး အရ တာဝန်ယူတယ်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ပေါ့နော်။ တရုတ် ရင်းနှီးမြှုပ်နှံမှု တခုတည်းမဟုတ်ဘူးပေါ့နော်။ အိန္ဒိယလည်း ရှိတာပေါ့။ အိန္ဒိယရဲ့ ကုလားတန် စီမံကိန်း အပါအဝင် ဒါတွေကို Message ပို့တယ် ဆိုတဲ့ သတင်းစကား ပို့တယ် ဆိုတဲ့ သဘောကို ပိုပြီးတော့ သက်ရောက်တယ်ဆိုရင်လည်း မမှားဘူး ထင်တယ်ပေါ့။"

တရုတ်နိုင်ငံ အနေနဲ့ နေပြည်တော်နဲ့ စစ်ကောင်စီ အပေါ် ဗဟိုပြုတဲ့ ချဥ်းကပ်မှု ပုံစံကနေ ပြောင်းလဲ စဥ်းစားဖို့ လိုလာနေပြီလိုလည်း ကိုအောင်သူရကိုကိုက သုံးသပ်ပါတယ်။

"လက်ရှိ အနေအထားမှာတော့ စစ်ကောင်စီကလည်း သူက နေရာ အနှံ့မှာ စစ်မျက်နှာ ဖွင့်နေရတာပေါ့။ ကချင်မှာရော အညာမှာရော အခုဆိုရင် ဧရာဝတီတိုင်းမှာရော ပဲခူးမှာလည်း ပဲခူးရိုးမစစ်ဆင်ရေး ဆိုပြီး တော်လှန်ရေး ပူးပေါင်း အင်အားစု အဖွဲ့တွေက စတင်လာတာ တွေ့တယ်။ တဘက်မှာ AA က တဖြည်းဖြည်းချင်း သူ့ရဲ့ နယ်မြေထိန်းချုပ်ထားနိုင်တာကနေ ချင်း၊ ဧရာဝတီ၊ ပဲခူး ပြီးတော့ မကွေးတိုင်း အစပ်တွေအထိ သူ့ရဲ့ Border Lines တွေကိုပေါ့နော် ပိုပြီးတော့ ခိုင်မာအောင် သူက လုပ်နေတာ တွေ့ရတယ်။ တွေ့ရတော့ တရုတ် အနေနဲ့ ရခိုင်ပြည်နယ်ထဲမှာ ရှိတဲ့ စီမံကိန်းတွေကို တကယ်ကို ကာကွယ်ဖို့ အတွက် ရယ်၊ ပြီးတော့ သူတို့ ခဏခဏ ပြောတယ် မြန်မာပြည်ကို ငြိမ်းချမ်းပြီးတော့ တည်ငြိမ်တဲ့ လမ်းကြောင်းကို သွားဖို့ ဆိုရင် AA နဲ့လည်း ဘယ်လို ထိတွေ့ဆက်ဆံမလဲဆိုတာကို စဥ်းစားသင့်တယ်လို့ ကျနော် မြင်တယ်။ ဒါမှလည်း အနည်းဆုံး သူတို့ရဲ့ အကျိုးစီးပွား ကို ကာကွယ်နိုင်မှာ ဖြစ်တယ်။ အရင်ကလို အာဏာ ဗဟိုချက် နေပြည်တော်မှာ အခြေပြုပြီးတော့ စဥ်စားတဲ့ စစ်ကောင်စီ နဲ့ ထိတွေ့ဆက်ဆံရုံနဲ့ သူတို့ရဲ့ အကျိုးစီးပွားတွေ၊ သူတို့ ဖြစ်ချင်တဲ့ ဆန္ဒတွေကို လုပ်ဖို့က ခက်ခဲလာပြီ။ အခုက အုပ်ချုပ်ရေး ပုံစံကလည်း ပြောင်းလာတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရော ဒီ တော်လှန်ရေး အဖွဲ့တွေရောက နယ်မြေတွေ သိမ်းပြီးတော့ အုပ်ချုပ်ရေး ပုံစံ အသစ်ကို အစားထိုးလာတဲ့ အခါမှာ တရုတ်က အနေနဲ့ ပြန်ပြီး စဥ်းစားသင့်တာက AA အပါအဝင် တော်လှန်ရေး အဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံမှုတွေ စဖို့ပေါ့နော်။ အဲ့ဒါ သူတို့ စဥ်စားသင့်ပြီလို့ ကျနော်ကတော့ မြင်တယ်။ ချဥ်းကပ်တဲ့ ပုံစံပေါ့နော်။ မြန်မာ့အရေးမှာ တရုတ်နိုင်ငံ အနေနဲ့က ချဥ်းကပ်တဲ့ ပုံစံ ပြောင်းလဲဖို့ လိုတယ်လို့ မြင်တယ်။"

ကော်နယ်လ် တက္ကသိုလ်က ကိုကျော်ဆန်းလှိုင်ကတော့ အာရက္ခတပ်တော် (AA) အနေနဲ့ တရုတ်နိုင်ငံရဲ့ တရားဝင် ဆက်ဆံမှု ရဖို့မှာ ဒေသတွင်း နိုင်ငံတကာ ဆက်ဆံရေး ထိန်းညှိဖို့လိုတယ်လို့ ထောက်ပြပါတယ်။

"Balance ဆိုတာထက် သူတို့ အဓိက အားဖြင့်ပေါ့နော်၊ အာရက္ခတပ်တော်လို တော်လှန်ရေး အင်အားစု အငယ်လေး၊ ပြောရရ အစိုးရ အဖွဲ့ တရပ်မဟုတ်တဲ့ Non State Actor တခုအနေနဲ့ ကျတော့ ဒီလို အင်အားကြီး အိန္ဒိယနဲ့ တရုတ် အင်အားကြီး နိုင်ငံနှစ်ခု ကြားမှာ ကျရောက်နေတဲ့ တကယ့် strategic (ဗျူဟာမြောက်) နေရာလည်း ဖြစ်တော့ ဒါတွေ နှစ်ခုကြားမှာ Balance ဖြစ်ဖို့၊ Check & Balance ဖြစ်ဖို့ အတိုး အလျှော့ အနေနဲ့လည်း ရှိတယ် ဆိုတာတော့ ကျနော်တို့ အနေနဲ့ ငြင်းချက် ထုတ်စရာတော့ မရှိဘူး။ ဒါပေမယ့် အရေးကြီးတာက သူတို့ စစ်ပွဲက တဆင့် နိုင်ငံရေး လိုလားတယ်။ စစ်ရေး အောင်မြင်မှုကတဆင့် သူတို့ လိုလားတဲ့ နိုင်ငံရေး အခြေအနေ တရပ် တခုကို ရောက်ဖို့ ဆိုရင် သူတို့အနေနဲ့တော့ ဒီလိုပုံစံမျိုး အတိုးအလျှော့တွေ ပြီးတော့ Check & Balance ဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ် ကြားမှာ ဖြစ်တဲ့ အတွက်ကြောင့် ဒါက လွယ်ကူတဲ့ ဒေသလည်း မဟုတ်ဘူးပေါ့လေ။ ဒါက ရှေ့ကို သွားဖို့ ဆိုရင် အဲ့လိုမျိုး အတိုး-အလျော့တွေ Check & Balance ဖြစ်မှုတွေကို မဖြစ်မနေ ဂရုစိုက်ကို စိုက်ရမယ့် အခြေအနေ ဖြစ်တယ်လို့ ကျနော်အနေနဲ့ မြင်တယ်ပေါ့။"

တဘက်မှာလည်း ကျောက်ဖြူရဲ့ မဟာဗျူဟာမြောက် အရေးပါမှုကြောင့် တရုတ်နိုင်ငံက သူတို့ရဲ့ အကျိုးစီးပွားတွေ ကာကွယ်ဖို့ စစ်ကောင်စီနဲ့ AA အကြား ကြားဝင် ဖျန်ဖြေနိုင်ရေး အားစိုက် ကြိုးစားပြီး ဖိအားပေးတာတွေ လုပ်မလား ဆိုတာကိုလည်း စောင့်ကြည့်ရဖို့ ရှိနေပါတယ်။

ဒါပေမယ့် တရုတ်အနေနဲ့ ရေရှည် မြန်မာ့နိုင်ငံရေး တည်ငြိမ်ပြီး သူ့ရဲ့ စီမံကိန်းကြီး လည်ပတ် နိုင်ဖို့ဆိုရင်တော့ အာရက္ခတပ်တော် (AA) အပြင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အပါအဝင် တော်လှန်ရေး အင်အားစုတွေနဲ့ Official Capacity တရားဝင် သဘော ထိတွေ့ဆက်ဆံဖို့ လိုအပ်ကြောင့် ကျွမ်းကျင်သူတွေက ထောက်ပြနေကြပါတယ်။

Forum

XS
SM
MD
LG