သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်မှာ ရခိုင်စစ်ရှောင် စာရင်းကောက်


ရခိုင်ပြည်နယ် စစ်တွေမြို့တနေရာရှိ စစ်ရှောင်စခန်းတခုမြင်ကွင်း။ (ဓါတ်ပုံ - UK health programme)
ရခိုင်ပြည်နယ် စစ်တွေမြို့တနေရာရှိ စစ်ရှောင်စခန်းတခုမြင်ကွင်း။ (ဓါတ်ပုံ - UK health programme)

ရန်ကုန်မြို့မှာ ရောက်ရှိနေတဲ့ ရခိုင်စစ်ရှောင်တချို့ကို စစ်ကောင်စီဘက်က ထောက်ပံ့ကြေးပေးဖို့အတွက် လူဦးရေစာရင်း ကောက်ခံတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ထောက်ပံ့ ကြေးကို လစဉ်ပေးအပ်သွားမယ်လို့လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။ ရန်ကုန်ရောက် ရခိုင်စစ်ရှောင်တချို့ လူဦးရေစာရင်း ကောက်ခံနေရတဲ့အခြေအနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်ထဲက စစ်ရေးပဋိပက္ခ အခြေအနေကြောင့် ဒေသခံတွေဟာ ရန်ကုန်အပါအဝင် နေရာအသီးသီးမှာ စစ်ရှောင်နေရတာပါ။ ရပ်ကွက်တွေထဲမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးတွေက လူဦးရေစာရင်း ကောက်ခံတာတွေ ခပ်စိပ်စိပ်ရှိနေပြီး ပြီးခဲ့တဲ့ ရက်ပိုင်းထဲမှာ ရခိုင်စစ်ဘေးရှောင်တွေကို ထောက်ပံ့ကြေး ပေးအပ်ဖို့ဆိုပြီး စာရင်းကောက်ခံခဲ့တယ်လို့ အင်းစိန်ဒေသခံတဦးက ပြောပါတယ်။

"စစ်ရှောင်တဲ့သဘောမျိုးပေါ့၊ ရခိုင်တွေလေ။ သူတို့ကို ရပ်ကွက်ရုံးလာဖို့ ပြောသွားတယ်။ ထောက်ပံ့ကြေး ပေးမယ်တဲ့။ အခုပေးမယ်၊ နောက်လည်း ပေးသွားမယ်ပေါ့နော်။ တကယ်လို့ အခုတခေါက်မလာဘဲ နောက်တခေါက်ကျမှ သူများတွေထုတ်လို့ရမှ ဦးဆုံးအခေါက်က မလာလိုက်ရလို့ဆိုရင် မရဘူးတဲ့။"

စစ်ရှောင်လူဦးရေ ကောက်ခံပြီး တပတ်အတွင်းမှာပဲ အုပ်ချုပ်ရေးမှူးရုံးမှာ ထောက်ပံ့ငွေထုတ်ယူဖို့ အကြောင်းကြားခဲ့ပြီး၊ တဦးကို ကျပ် ၂၀,၀၀၀ နှုန်း ပေးခဲ့တယ်လို့ ပြောပါတယ်။ ရခိုင်ဘက်က စစ်ရှောင်တွေကို မြို့နယ်အသီးသီးက ရပ်ကွက်တွေမှာ လူဦးရေစာရင်း ကောက်ခံတာရှိနေသလို အိမ်ထောင်စုစာရင်းရှိတဲ့ ဒေသခံတွေကိုလည်း လူဦးရေစာရင်း ကောက်ခံတာတွေ လုပ်နေတယ်လို့ ပြောပါတယ်။

"တဦးကို ၂၀,၀၀၀ ရတယ်။ နောက်ထပ်လမ်းထဲမှာလည်း လူဦးရေစာရင်း လိုက်ကောက်တာ အိမ်တိုင်းကို လိုက်ကောက်တာ မဟုတ်ဘူးတဲ့။ လူကြီးက သူတို့စာရင်းထဲမှာ ပါပြီးသားလူကို လိုက်ကောက်တာတဲ့။ သူကတော့ သန်းခေါင်စာရင်းအရ ကောက်တယ်လို့ပြောတယ်။ ဒါပေမဲ့ အိမ်တိုင်းမဝင်ဘူး။ အဲဒီစာရင်းထဲမှာ ရှိတဲ့လူတွေကိုပဲ လိုက်ကောက်တယ်။"

နိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် အခြေအနေတွေကြောင့် ရခိုင်အပါအဝင် တခြားပြည်နယ်နဲ့ တိုင်းဒေသ အသီးသီးကနေ ရန်ကုန်မြို့ကို ရွှေ့ပြောင်းနေထိုင်သူတွေလည်း ရှိနေပါတယ်။ ဒါပေမဲ့ စစ်ရှောင်နေရသူတွေထဲမှာ ရခိုင်စစ်ရှောင်တွေကိုသာ လူဦးရေစာရင်း ကောက်ယူတာက စိုးရိမ်စရာဖြစ်တယ်လို့လည်း ကျောက်မြောင်းမှာ နေထိုင်သူတဦးက ပြောပါတယ်။

"သူတို့က စစ်ရှောင်စာရင်းကောက်ပြီး ပိုက်ဆံပေးတယ်ဆိုရင် အညာတို့ဘာတို့ ရှိတာပဲလေ။ အညာကပြေးတဲ့ လူတွေကျတော့ မပေးဘဲနဲ့ ရခိုင်ကိုပဲ ပေးတယ်ဆိုတော့။ တချို့တွေကျတော့ သိတယ်မလား။ သူတို့လိုက်ကောက်ရင် ရှောင်တဲ့လူရှိတယ်လေ။ ပိုက်ဆံပေးတဲ့အခါ ထွက်လာတော့ နေရာအတိအကျ သိရတာပေါ့။ သူတို့အကွက်တွေက ဘာအကွက်တွေလဲတော့ မသိဘူး။ ရခိုင်ဘက်ကို အာရုံစိုက်တဲ့သဘောပေါ့။"

စစ်မှုထမ်းဥပဒေကြောင့် လူဦးရေစာရင်း ကောက်ယူတာတွေကလည်း ဆက်ပြီးရှိနေပါတယ်။ အခုတခါမှာ စစ်ရှောင်တွေအတွက် ထောက်ပံ့ကြေးဆိုပြီး ရန်ကုန်မှာရောက်ရှိနေတဲ့ ရခိုင်စစ်ရှောင်တချို့ကို တဦးကို ၂၀,၀၀၀ နှုန်းနဲ့ လစဉ်ထောက်ပံ့သွားမယ်လို့ အုပ်ချုပ်ရေးမှူးတွေကနေ တဆင့် သိရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG