ကယားပြည်နယ်အတွင်း စစ်ပြေးဒုက္ခသည် တသိန်းတသောင်းကျော်ရှိ
{{Zawgyi/Unicode}}
ကယား(ကရင်နီ) ပြည်နယ်မှာ တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ဘေးလွှတ်ရာကို ပြောင်းရွှေ့နေထိုင်နေရတဲ့ စစ်ပြေးဒုက္ခသည် လူဦးရေ ၁၁၀,၀၀၀ (၁သိန်း၁သောင်း) ကျော်ရှိနေပြီးလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က VOA ကို ပြောပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ကလေးသူငယ်တွေ အပါအဝင် အများစုက အစာအာဟာရချို့တည့်နေကြသလို အတော်များများက ဖျားနာနေတဲ့အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ အလွန်လိုအပ်နေတယ်လို့လည်း ပြောပါတယ်။ ကရင်နီပြည်နယ်က စစ်ပြေးဒုက္ခသည်တွေရဲ့ အခြေအနေကို ကိုခင်မောင်စိုးမင်း က ပြောပြပါမယ်။
စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းအဖွဲ့တို့အကြား စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် မေလထဲက စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံအများစုက အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြပြီး စစ်ပြေးဒုက္ခသည်တွေဟာ ယာယီစစ်ဘေးဒုက္ခသည်စခန်း ၂၂၃ ခုမှာ လက်ရှိ လူဦးရေ ၁၁၀,၀၀၀ ကျော်ရှိ ခိုလှုံနေကြရပါတယ်။
အခုနောက်ပိုင်း နေ့စဉ်လိုလို တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီဖက်ကလည်း လက်နက်ကြီးတွေ လေကြောင်းသုံး တိုက်ခိုက်မှုတွေကြောင့် စစ်ပြေးရှောင်တွေ မကြာခဏ နေရာပြောင်းရွှေ့နေရသလို လူဦးရေးလည်း မြင့်တက်နေတာလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညားက ပြောပါတယ်။
“နေ့တဓူဝ ကျနော်ပြည်နယ်မှာ တိုက်ပွဲဖြစ်တယ်။ ရက်တိုင်း ဒီစစ်ကောင်စီကလည်း လက်နက်ကြီးတွေနဲ့ ရမ်းသမ်းထုတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ ပြည်သူတွေက ထပ်ထပ်ရွှေ့တာရှိတာပေါ့နော်။ အဲ့တော့ လက်ရှိအချိန်ထိကတော့ ကျနော်တို့ ပြည်သူလူထုတွေက IDP စခန်းရယ် နောက်ပြီးတော့မှ ကျနော်တို့ တချို့ရပ်ရွာတွေမှာပေါ့နော် လိုက်နေတဲ့နေရာ အကုန်လုံးပေါင်းက ကျနော်တို့ စာရင်းရသလောက်ဆို ၂၀၀ နဲ့ ၂၃ ခုတောင်မှရှိပါတယ်၊ ဒါတောင်မှ ကျနော်လက်လှမ်းမမီသေးတဲ့ နောက်ထပ်အနည်းဆုံး ၂၀ ဝန်းကျင်ရှိတယ်လို့ ခန့်မှန်ရပါတယ်။ လူဦးရေကတော့ နှစ်သိန်း တစ်သောင်းနဲ့ နှစ်ထောင်ဝန်းကျင်ရှိပါတယ်ခင်ဗျ။”
စစ်ပြေးဒုက္ခသည်တွေအတွက် နိုင်ငံတကာအဖွဲ့အစည်းက လိုအပ်တဲ့ အစားအသောက်တွေ ကူညီပေးနေမယ့် လုံလောက်မှုမရှိပါဘူး။ ဒါအပြင့် တခြားပရဟိတ လှူသူတွေလည်း သိပ်မရှိတာကြောင့် အရင်ကထက် လိုအပ်ချက်တွေ ပိုများလာတယ်လို့ ကိုဗညားက ပြောပါတယ်။
“ဒီနေ့တဓူဝ စားဖို့သောက်ဖို့လိုအပ်ချက်ကတော့ ဆက်လက်မြင့်မားနေတုန်းပဲဖြစ်တယ်ပေါ့နော်။ အခုနောက်ပိုင်းမှာက တချို့နိုင်ငံတကာအဖွဲ့အစည်း တခု နှစ်ခုကတော့ လာပြီးတော့ ဝိုင်းကူတာရှိတယ်ပေါ့နော်။ ကျနော်တို့ တလကို ဆန်ပြည် ၆ ပြည် ပေးတာတို့ ၈ ပြည်ပေးတာတွေရှိတယ်။ ဒါပေမယ့် အဲ့ဒီဟာက သူတို့ နှစ်လ သုံးလပဲ ပေးနိုင်တယ်ပေါ့။ ပေးလေ့ရှိတယ်ပေ့ါနော်။ တချို့လိုအပ်ချက်ကလည်း မိသားစုပေါ်မှာ မှုတည်ပြီး လိုအပ်ချက်တွေကတော့ အနည်းအများတော့ တော်တော်ဆိုးဆိုးဝါးဝါးရှိတယ်။ နောက်အားလုံးလည်း သူတို့လွှမ်းခြုံနိုင်မှုမရှိသေးဘူးပေါ့နော်။ အဲ့ဒီအတွက်ကြောင့်မို့လို့ ကျနော်တို့ လိုအပ်ချက်တွေ အမြဲတန်းမြင့်နေတယ်။”
ဒီးမော့ဆို ဒေသခံတဦးက လက်ရှိအချိန်မှာ တိမ်းရှောင်လာကြတာ ရက်ကြာလာလို့ စားနပ်ရိက္ခာအတွက် အတော်ခက်ခဲလာတယ်လို့ ဆိုပါတယ်။
“ပထမစစ်ရှောင်တုန်းကတော့ အိမ်မှာ စုထားတာတွေ ဆောင်ထားတာတွေ အဲ့ဒါတွေ အဲ့လိုသယ်သွားတာမျိုးရှိတဲ့အခါကျတော့ သူတို့ နည်းနည်းပါးပါးစားသောက်ဖို့က အဆင်ပြေတာပေါ့နော်။ အခုကျတော့ အိမ်ကလည်း မပြန်ရတာလည်းကြာပြီး နောက်ဆက်သွယ်ရေးလမ်းတွေလည်း တော်တော်များများပိတ်ထားတာမျိုးရှိတဲ့အခါကျတော့ သူတို့လည်း အိမ်မပြန်နိုင်ဘူးပေါ့နော်။ စားသောက်မှုကတော့ တော်တော်လေးတော့ အဆင်မပြေဘူးပေါ့နော်။"
စစ်ဘေးဒုက္ခသည်တွေဟာ စားသောက်ရေးအတွက် လယ်ယာတွေ ပြန်လုပ်လို့မရ၊ အလုပ်အကိုင်မရှိ ဝင်ငွေမရှိ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာပါ။
အခုနောက်ပိုင်း စစ်ပြေးဒုက္ခသည်တွေဟာ စစ်ရှောင်စခန်းလုံးကျွတ်၊ ရွာလုံးကျွတ် ဖျားနာတာမျိုးတွေ ကြုံနေရပြီး ကျန်းမာရေးအခြေအနေတွေ ပိုဆိုးလာနေတာလို့ ဆိုပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ မွေးကင်းစမိခင်နဲ့ ကလေးသူငယ်တွေလည်း ကာကွယ်ဆေး အားဆေးတွေ မရရှိတဲ့အပြင် အစာအာဟာရချို့တည့်နေကြတာလို့ ကိုဗညားက အခုလို ပြောပါတယ်။
“ဒီကိုယ်ဝန်ဆောင်ကာလမှာ စားသင့်စားထိုက်တဲ့ ကျနော်တို့ အစားအသောက်တွေကို ကျနော်တို့လက်လှမ်းမီမှုက တော်တော်လေး ခက်ခဲပါတယ်။ ခုနပြောသလိုပဲ အားနွဲ့တဲ့ကလေးနဲ့ တူတယ်ပေါ့နော်။ အဓိကတော့ ဒီအစားအသောက်တွေက အကျပ်အတည်းရှိတယ်။ ဝင်ငွေအခက်အခဲရှိတယ်။ နေရာထိုင်ခင်းကလည်း ကျနော်တို့က အပူအအေးမညီမျှမှု အဲ့ဒီဟာက ကျနော်တို့ မွေးမိခင်နဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲကြီးတခုလို့ပြောလို့ရပါတယ်။ အဲ့ဒီအတွက်ကြောင့်မို့လို့ ကလေးတွေ မွေးဖွားတဲ့အချိန်မှာ အားအင်ချို့တည့်တာတွေ တချို့မိခင်တွေ သေဆုံးသွားတဲ့ကလေးငယ်တွေ သေဆုံးသွားတယ် ကျနော်တို့ မကြာခဏကြုံရတာရှိပါတယ်။”
လက်နက်ကြီးပစ်ခတ်မှုတွေ၊ လေယာဉ်ဗုံးကြဲတာတွေ၊ သက်ကြီးရွယ်အိုတွေ နာတာရှည်ရောဂါတွေအတွက် ဆေးဝါးအခက်အခဲရရှိမှုတွေနဲ့ စိတ်ပိုင်ဆိုင်ရာအခြေအနေတွေ ဆိုးဆိုးဝါးဝါးခံနေရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညားက ပြောဆိုပါတယ်။
မြန်မာနိုင်ငံအရှေ့ခြမ်း စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေကြောင့် ကယားပြည်နယ်အတွင်းမှာ ပြည်တွင်းအိုးမဲ့အိမ်မဲ့ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေသူ တသိန်းလောက်အထိ ရှိမယ်လို့ ခန့်မှန်းတဲအ့ကြောင်း ဇွန်လဆန်းက ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အစီရင်ခံစာတွေမှာလည်း ခန့်မှန်းထားပါတယ်။
ကယားပြည်နယ်အပါအဝင ်အရှေ့တောင်ပိုင်း ဒေသတွေအတွင်း လုခြုံမှုနဲ့ လူသားချင်းစာနာမှု အခြေအနေ စိုးရိမ်စရာကောင်းလောက်အောင် ဆုတ်ယုတ်ကျဆင်းလာနေတယ်ဆိုတာကိုလည်း သတိပေးထားပါတယ်။
.....................................
{{Zawgyi/Unicode}}