သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံအနှံ့ စစ်ကောင်စီတပ်တွေလုံခြုံရေးတိုးမြှင့်


မန္တလေးမြို့က လုံခြုံရေး Check Point တခု (ဓာတ်ပုံ - AFP)
မန္တလေးမြို့က လုံခြုံရေး Check Point တခု (ဓာတ်ပုံ - AFP)

(Zawgyi/Unicode)

စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ ပြည်သူလူထုရဲ့ တော်လှန်ရေး စတင်ပြီလို့ ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ NUG က ဒီနေ့ စက်တင်ဘာလ ၇ ရက်မှာ ကြေညာလိုက်ပြီး မကြာခင်မှာပဲ နိုင်ငံအနှံ့က မြို့ ရွာတွေမှာ စစ်ကောင်စီတပ်တွေက လုံခြုံရေးကို တိုးမြှင့်လုပ်နေပါတယ်။ လမ်းသွား လမ်းလာပြည်သူတွေကို တားဆီးစစ်ဆေးတာ၊ မြို့အဝင်အထွက်တွေမှာ စောင့်ပြီး စစ်ဆေးတာတွေလုပ်နေပါတယ်။ လက်ရှိ မြန်မာနိုင်ငံထဲ လုံခြုံရေး ပိုပြီး တင်းကြပ်နေတဲ့ အကြောင်း ရန်ကုန်က လာတဲ့သတင်းကို မဆုမွန်ပြောပြပါမယ်။

ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ NUG က ပြည်သူလူထုရဲ့ ခုခံတော်လှန်ရေးဖြစ်တယ်လို့ပြောပြီး စစ်အာဏာရှင်စနစ်ကို ခုခံတွန်းလှန်စစ် စတင်နေပြီလို့ ဒီကနေ့ စက်တင်ဘာလ ၇ ရက်နေ့မှာကြေညာပြီး မြန်မာတစ်နိုင်ငံလုံးကို အချိန်အကန့်အသတ်မရှိ အရေးပေါ်အခြေအနေ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီလို ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ရန်ကုန်မြို့အပါအဝင် မြို့တွေမှာ စစ်ကောင်စီတပ်တွေက လုံခြုံရေးအင်အားတိုးမြှင့်ပြီး၊ အစစ်အဆေးတွေကိုလည်း တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေပါတယ်။

ခုခံတွန်းလှန်စစ်စတင်နေပြီဆိုတဲ့ NUG ရဲ့ ကြေညာချက်အပေါ် ပြည်သူတွေ အစိုးရိမ်မလွန်ကြဖို့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လုံခြုံရေးအတွက် အာမခံတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ခုလို တုံ့ပြန်ပါတယ်။

“ပြည်သူတို့ရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်အားလုံးက အာမခံပါတယ်။ အာမခံပါတယ်။ ဒါ လုပ်ဆောင်နိုင်တာလဲ ရှိတယ်။ လုပ်လဲ လုပ်ဆောင်လျက်ရှိတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ကျ စိုးရိမ်ထိန့်လန့်စရာ မရှိဘူးလို့ ပြောချင်ပါတယ်။

မစိုးရိမ်ကြဖို့ တိုက်တွန်းတဲ့တချိန်ထဲမှာ စစ်ကောင်စီတပ်တွေက စစ်ဆေး တင်းကြပ်မှုတွေကို ပိုတိုးလုပ်နေပါတယ်။ ရန်ကုန်မှာဆို လမ်းသွားလမ်းလာ လူငယ်တွေကို ပိုဦးစားပေးပြီး စစ်ဆေးတာတွေ လုပ်နေတယ်လို့ ရန်ကုန်ဆန္ဒပြပွဲတွေကို ဦးဆောင်နေသူတစ်ဦးက ပြောပါတယ်။

“စစ်ကောင်စီဖက်ကနေ စစ်ဆေးရေးတွေ အရမ်း တင်းကြပ်လာတာမျိုးတွေ ကျွန်တော်တို့ တွေ့ရတယ်ဗျ။ တစ်ချို့လမ်းတွေမှာ ဆိုရင် သေနတ်တွေနဲ့တောင် ထောက်ပြီးတော့ စစ်တာမျိုးတွေ ပြီးတော့ လွယ်အိတ်တွေ ဖွင့်စစ်တယ်။ အဲ့လိုမျိုး အစစ်အဆေးတွေကတော့ အရမ်းများတယ်။ လူငယ်မှန်သမျှ အကုန်ခေါ်စစ်တဲ့အနေအထားရှိတယ်ဗျ။”

မန္တလေးမြို့မှာလည်း စစ်တပ်အင်အား သိသိသာသာတိုးမြှင့်ပြီး လုံခြုံရေးအရပ်ဝတ်တွေနဲ့ပါ အသင့်အနေအထားနဲ့ ရှိနေကြတယ်လို့ မန္တလေးသပိတ် အင်အားစုက ကိုသူရအောင်က VOA ကို ပြောပါတယ်။

“စစ်ကောင်စီဖက်ကလည်း ပြင်ဆင်လာတာတွေ အများကြီးရှိတာပေါ့နှော်။ သူတို့ရဲ့ နည်းနာပေါင်းစုံနဲ့ ယုတ်မာမှုတွေကတော့ ရှိနေတာပေါ့။ ဘယ်နေရာတွေမှာတော့ ဘယ်လိုစစ်နေတယ်၊ ဘယ်နေရာမှာ ခြေကုတ်ယူသွားပြီ၊ ဘယ် ဘုရားကျောင်းကန်တွေ စတဲ့ နေရာတွေမှာ တပ်စွဲထားတာတွေလဲ ရှိတယ်။ အရပ်ဝတ်တွေနဲ့ စောင့်ကြည့်တာတွေ လမ်းမတွေမှာလဲ ရှိနေပြီးတော့၊ အသင့်အနေအထားတွေနဲ့ အခု လက်ရှိ ကျွန်တော်တို့ တွေ့နေရတယ်ခင်ဗျ။”

စစ်ကိုင်းတိုင်း ကလေးမြို့မှာလည်း စစ်ကောင်စီတပ်တွေက မြို့တွင်းမှာ ကင်းလှည့်သွားလာနေသလို အရပ်ဝတ်နဲ့ စစ်သားတွေက မြို့ဝင်မြို့ထွက် နေရာတွေကို ပိုဦးစားပေး စစ်ဆေးနေတယ်လို့ ကလေး ဒေသခံတစ်ဦးက VOA ကို ပြောပါတယ်။

“လုံခြုံရေး အခြေအနေကတော့ သူတို့ ယူထားတဲ့ နေရာတွေမှာဘဲ အဓိက တင်းကြပ်တယ်ဗျ။ ကျွန်တော်တို့ အခု ကြားသလောက်ဆိုရင်တော့ မြို့ဝင်မြို့ထွက်တွေမှာ စစ်တာတွေ၊ မြို့တွင်းမှာဆိုရင်လဲ အရပ်ဝတ်တွေနဲ့ လက်နက်တွေ ကိုင်ပြီး လှည့်နေတာတွေ၊ အဲ့လိုတွေ မြင်ထားတာတွေ ရှိတယ်။ နောက်တစ်ခုက ယာဉ်ထိန်းရဲတွေလဲ မြို့ပြင်ကို ကားတွေနဲ့ သွားပြီးတော့ စစ်တဲ့အနေအထားတွေ ရှိတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ ကလေးတောင်ပိုင်း ရွာဖက်မှာလဲ မြို့အထွက်လောက်မှာပေါ့၊ စစ်ဆေးပြီး ဆွဲတယ် ဘာညာလဲ ကြားတော့ ဒါတော့ အတိအကျတော့ မသိပါဘူး၊ ဒါပေမယ့် လူတွေကတော့ ကြောက်ကြောက်လန့်လန့်လဲ ရှိကြတယ်ဗျ၊ မြို့ပြင်မှာတော့ ယူနီဖောင်းတွေနဲ့တော့ မတွေ့ရဘူး၊ အရပ်ဝတ် လက်နက်ကိုင်တွေနဲ့တော့ တွေ့တယ်။”

မော်လမြိုင်မြို့မှာတော့ အရင် ရက်တွေက လုံခြုံရေး ယာဉ်တန်းနဲ့ ကင်းလှည့်တာမျိုးတွေ ရှိပေမယ့် ဒီနေ့မှာတော့ စစ်ကောင်စီတပ်သားတွေက အရပ်ဝတ်တွေနဲ့ လက်နက်ကိုင်ပြီး အိမ်စီးကားတွေနဲ့ လှည့်ပတ်နေတာ တွေ့ရတယ်လို့ မော်လမြိုင်က ဒေသခံတစ်ဦးက ပြောပါတယ်။

“လုံခြုံရေး အခြေအနေကတော့ နည်းနည်းလောက်ပဲ စစ်တာ မြို့ထဲမှာ၊ မြို့အထွက်တင် အဲမှာတော့ သိပ်မစစ်ဘူး။ ခု မြို့ထဲမှာ လုံခြုံရေး ကင်းလှည့်နေတဲ့ ကားတွေက ယူနီဖောင် အပြည့်အစုံနဲ့ သွားနေတာ မရှိဘူး။ ခါတိုင်း ဒီအချိန်လောက်ဆို မြို့ပေါ်ကို ၃ ခေါက်လောက် ပတ်ပြီးသွားပြီ လုံခြုံရေး ယာဉ်တန်းက ဒီနေ့ကတော့ မတွေ့ဘူး။ ဒီနေ့က အရပ်ဝတ်တွေ၊ အိမ်စီးကားတွေနဲ့ပဲ လှည့်နေတာတွေ့တယ်။ ဒီလို လှည့်တာကို လူတိုင်းတော့ သတိမထားမိလောက်ဘူး။”

NUG ယာယီသမ္မတ ဒူးဝါးလရှီးလရဲ့ စစ်ရေးပဋိပက္ခအခြေအနေနဲ့ပါတ်သက်လို့ အရေးပေါ် ကြေညာချက်မှာ ပြည်သူ့အုံကြွမှုကို ကျေးလက်၊ မြို့ပြနှင့် နိုင်ငံတဝှမ်းလုံးမှာ တပြိုင်တည်းလုပ်ဆောင်ကြရမယ်လို့ တိုက်တွန်းထားပါတယ်။ မန္တလေးမြို့က စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေတဲ့ သပိတ်အင်အားစုတွေအနေနဲ့ တတ်နိုင်တဲ့ဘက်နေ ပုံစံမျိုးစုံနဲ့ ပူးပေါင်းပါဝင် တွန်းလှန်သွားမှာ ဖြစ်တယ်လို့ခုလိုပြောပါတယ်။

“ကျွန်တော်တို့ အနေနဲ့ ဘယ်အခန်းကဏ္ဍကမဆို ပူးပေါင်းပါဝင်ဖို့ အသင့် အနေအထားနဲ့ ရှိနေရမှာပါ။ ကျွန်တော်တို့ လက်နက်ကိုင်တော်လှန်မှာ တော်လှန်ရေး လုပ်တာ မဟုတ်ဘူးပေါ့နှော်။ ကျွန်တော်တို့ မှာ အခြား နည်းနာ ပေါင်းစုံရှိတာပေါ့ဗျာ၊ CDM လှုပ်ရှားမှု၊ သပိတ်လှုပ်ရှားမှု၊ သတင်း အချက် အလက်တွေ စုဆောင်းပေးတာ စသဖြင့် အစစအရာရာပေါ့ဗျာ၊ အဲ့လိုတွေနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက် ဖို့အတွက် ကျွန်တော်တို့ ဆုံးဖြတ်ချက်ချထားပါတယ်။ အဲ့ဒီဆုံးဖြတ်ချက် အတိုင်းပဲ ကျွန်တော်တို့ ပူးပေါင်းပါဝင် ဆောင်ရွက်မှာပါ။”

ခုခံတော်လှန်ရေးစတင်ပြီလို့ ကြေညာတဲ့အတွက်စစ်ကောင်စီဘက် လုံခြုံရေးတင်းကြပ်နေတဲ့ကြားကပဲ၊ မန္တလေး၊ ကလေး၊ ထားဝယ်၊ မုံရွာ၊ ယင်းမာပင်နဲ့ ဆားလင်းကြီးက ကျေးရွာတွေ စုပေါင်းတဲ့ သပိတ်စစ်ကြောင်းတွေက ‘တပ်ကိုကြိတ်မယ့် မိန်းမများ သံတိုင်ကြားက လက်ထောင်ထား’ ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ အမျိုးသမီးတွေက ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

.............................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)
















XS
SM
MD
LG