(Zawgyi/Unicode)
ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ စက်တင်ဘာလ ၁၅ ရက် ည ၈ နာရီမှာထုတ်ပြန်တဲ့ စာရင်းအရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၂၄,၃၆၄ ခုကို စစ်ဆေးခဲ့တာမှာ ရောဂါကူးစက်ထားသူ ၂,၄၂၄ ယောက်ရှိခဲ့ပြီး သေဆုံးသူက ၉၁ ယောက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
အခုဆိုရင် နေ့စဉ် တရားဝင်ထုတ်ပြန်ချက်အရ သေဆုံးသူ ၁၀၀ အောက် လျော့ကျလာတာ ရက်အတော်ရှိလာပြီဖြစ်ပေမယ့် ပြီးခဲ့တဲ့ရက်အနည်းငယ်နဲ့ နှိုင်းယှဉ်ရင် ဒီနေ့မှာ ၉၀ ကျော်ထိ ပြန်တက်လာတာပါ။ ကျန်းမာရေးလုပ်သားတွေနဲ့ ပရဟိတကူညီသူတွေကတော့ ကိုဗစ်တတိယလှိုင်းအတွင်း အမှန်တကယ် သေဆုံးသူအရေအတွက်ဟာ တရားဝင်ထုတ်ပြန်တာထက် ပိုများနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
ဒီညအထိဆိုရင် ပိုးတွေ့သူစုစုပေါင်း ၄၃၉,၀၀၀ နီးပါး၊ ဆေးရုံဆင်းသူ ၃၈၈,၆၀၀ နီးပါးနဲ့ သေဆုံးသူပေါင်းက ၁၆,၇၈၄ ယောက်ရှိပြီဖြစ်ပါတယ်။
စစ်ကောင်စီက COVID-19 ရောဂါ ကာကွယ်ဆေးတွေ ထိုးပေးနေတာမှာ စက်တင်ဘာလ ၁၄ ရက်နေ့အထိဆိုရင် လူဦးရေစုစုပေါင်း ၅ သန်းနီးပါးကို ကာကွယ်ဆေးထိုးပေးပြီးသွားပြီလို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။
ကိုဗစ်ရောဂါကူးစက်မှု ထိန်းချုပ်ရေးအတွက်ဆိုပြီး ပုဂ္ဂလိကကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေအပါအဝင် အခြေခံပညာကျောင်းတွေအားလုံးကို စက်တင်ဘာလ ၁၃ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ သီတင်းနှစ်ပတ်ကြာ ဆက်ပြီး ပိတ်ထားမယ့်အကြောင်းလည်း စစ်ကောင်စီက ကြေညာထားပါတယ်။
မလိုအပ်ဘဲ အိမ်ပြင်မထွက် Stay-At-Home ညွှန်ကြားချက်ထုတ်ထားတဲ့ မြို့နယ်ပေါင်းကလည်း ၁၁၉ မြို့နယ်ရှိသွားပြီဖြစ်ပါတယ်။
.............................................................................................