သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံဆရာဝန်တွေ အခြေအနေ ခုချိန်ထိ ဘာမှမသိရသေး


ဆရာဝန်များ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြစဉ် (ဓာတ်ပုံ - AFP)
ဆရာဝန်များ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြစဉ် (ဓာတ်ပုံ - AFP)

(Zawgyi/Unicode)

ကျန်းမာရေးဝန်ထမ်းတွေ စိုးရိမ်ကြောင့်ကြမှုမရှိဘဲ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ဖို့ စစ်ကောင်စီက တိုက်တွန်းနေချိန်မှာပဲ ရန်ကုန်နဲ့ မန္တလေးမြို့က ကိုဗစ်တိုက်ဖျက်ရေးမှာ ပါဝင်ခဲ့ပြီး အကြမ်းဖက်ဖမ်းဆီးခံခဲ့ရတဲ့ ဆရာဝန်တွေနဲ့ပတ်သက်လို့ တလကျော်ကြာလာချိန်အထိ ဘာမှမသိရသေးပါဘူး။ သူတို့ကိုဘယ်မှာ ဖမ်းဆီးထားသလဲဆိုတာအပါအဝင် သူတို့နဲ့ပတ်သက်တဲ့ နောက်ဆက်တွဲသတင်း ဘာမှမသိရသေးတဲ့အတွက် စိုးရိမ်နေကြတဲ့အကြောင်း ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို မခင်ဖြူထွေးက ပြောပြပါမယ်။

ပြည်တွင်းမှာ ကိုဗစ်တတိယလှိုင်း ပြင်းထန်ခဲ့တဲ့ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ကပ်ရောဂါတိုက်ဖျက်ရာမှာ ပါဝင်လုပ်ဆောင်နေတဲ့ ရန်ကုန်မြို့က ဆရာဝန် ၅ဦး ဖမ်းဆီးခံရတာ ဒီကနေ့ဆို ၁ လပြည့်ပြီ ဖြစ်ပါတယ်။ မြောက်ဒဂုံ ကိုဗစ်ရောဂါကာကွယ်ရေးနဲ့ ပြည်သူ့အကျိုးပြုအဖွဲ့က ဆရာဝန် ၅ ဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးခေါ်ဆောင်သွားပြီး ရုံးခန်းမှာရှိနေတဲ့ ဆေးပစ္စည်းတချို့ကိုလည်း သိမ်းဆည်းသွားခဲ့တယ်ဆိုတာ သတင်းတွေ ကျယ်ကျယ်ပျံ့ပျံ့ကို ထွက်ခဲ့တာပါ။ စစ်ကောင်စီဘက်ကတော့ မြောက်ဒဂုံမှာ CDM ဆရာဝန်၊ စေတနာ့ဝန်ထမ်းတွေကို ဖမ်းဆီးထားခြင်းမရှိဘူးလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဆရာဝန်တွေကတော့ ဒေါက်တာမင်းကျော်စွာခေါင်၊ ဒေါက်တာကိုကိုဦး၊ ဒေါက်တာ သူရ၊ ဒေါက်တာနှင်းဝတ်ရည်ချိုနဲ့ ဒေါက်တာနှင်းချိုနံ့သာမောင်တို့ ဖြစ်ကြပြီး သူတို့ ၅ ဦးရဲ့ အခြေအနေနဲ့ပတ်သက်လို့ အချိန် ၁ လကြာလာချိန်အထိ သေချာမသိရသေးဘဲ ဆက်ပြီးစုံစမ်းနေတယ်လို့ အဖွဲ့ခေါင်းဆောင် ကိုချမ်းလေးက ဗွီအိုအေကို ပြောပါတယ်။

"Contact ကတော့ လုံးဝကိုပြတ်နေတဲ့ အနေအထား။ ဒါပေမယ့် ကျနော်တို့ဆက်လိုက်နေတုန်း။ တချို့အရာလေးတွေမှာတော့ ကွင်းဆက်လေးတွေတော့ ရလာတာတော့ရှိတယ်။ အဲဒါကကျတော့ သူတို့ကို ဘယ်နေရာမှာ ဘယ်လိုမျိုးပုံစံနဲ့ ခေါ်သွားပြီးတော့ ရိုက်နှက်တဲ့အနေအထားပေါ့။ ကျနော်တို့ မန္တလေးက အဖမ်းခံရတဲ့ဆရာဝန်တချို့က Information ရတာရှိတယ်။ အဲဒါက ဘာလဲဆိုတော့ အဲဒီဘက်မှာ အမည်မသိပေါ့နော် ဆရာဝန်လို့ယူဆရတဲ့ တချို့တွေလည်းရောက်နေတယ် ကြားရတယ်။ အဲဒါလေးတွေတော့ သိရတယ်ခင်ဗျ။ ဘယ်အခန်း၊ ဘယ်နေရာလဲတော့ မသိရသေးဘူးပေါ့။ အဲဒီအနေအထားမှာ ရှိနေတယ်။"

မန္တလေးမြို့မှာလည်း ကိုဗစ်လူနာတွေကို ကုသမှုပေးနေတဲ့ ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာသက်ဌေးနဲ့ အွန်လိုင်းကနေ ဆေးပညာရပ်ကို ပြန်လည်မျှဝေ သင်ကြားပေးနေတဲ့ ဒေါက်တာကျော်ကျော်သက်တို့ကို ဖမ်းဆီးထားတာ ၁ လကျော်ရှိပါပြီ။
သူတို့ နှစ်ဦးစလုံးဟာ ရိုက်နှက် ဖမ်းဆီးခံခဲ့ရတာဖြစ်လို့ သူတို့အခြေအနေကို စိုးရိမ်နေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ ဘာကြောင့်ဖမ်းဆီးသလဲဆိုတာနဲ့ ဘယ်လိုပုဒ်မတွေ တပ်ထားလဲဆိုတာ မိသားစုဝင်တွေကိုယ်တိုင် အတိအကျမသိရသေးဘူးလို့ သူတို့နဲ့ ခင်မင်ရင်းနှီးတဲ့ ဆရာဝန်တဦးက ဗွီအိုအေကိုပြောပါတယ်။

"ဒေါက်တာသက်ဌေးရော၊ ဒေါက်တာကျော်ကျော်သက်ရောက အခုလောလောဆယ်မှာ နန်းတွင်းက တပ်တွင်းဆေးရုံထဲမှာ ကိုဗစ် Positive ဖြစ်လို့ အဲဒီက Quarantine ဆေးရုံမှာတက်နေရတယ်လို့ သတင်းကြားသိရပါတယ်။ ပုဒ်မကတော့ ဘယ်ပုဒ်မကို တပ်ထားလဲဆိုတာတော့ ကျနော်တို့တော့ အတိအကျမသိရသေးဘူး။ လွန်ခဲ့တဲ့ ၃ ရက်လောက်ကတော့ ရမန်ယူတယ်လို့တော့ သတင်းရပါတယ်။ ဒီနေ့မှာလည်း သူတို့မိသားစုဝင်တွေက ရှေ့နေငှားဖို့ကိစ္စတွေကိုတော့ စီစဉ်နေပါတယ်ဗျ။ နောက်တပတ်ထဲကျရင်တော့ အိုးဘိုကိုရွှေ့မယ်လို့တော့ ပြောတယ်ပေါ့နော်။ ဒါပေမယ့် သေချာတော့မသိရသေးပါဘူးဗျ။"

သွေးရောဂါ အထူးကုဆရာဝန် ဒေါက်တာဆွေဇင်ဦးနဲ့ ခင်ပွန်းဖြစ်သူ ဒေါက်တာမောင်မောင်ငြိမ်းထွန်းတို့ကိုလည်း ပြီးခဲ့တဲ့ ဇွန်လတုန်းက ဖမ်းဆီးခဲ့ပြီးတော့ ဒေါက်တာမောင်မောင်ငြိမ်းကတော့ ဖမ်းဆီးခံကာလမှာပဲ ကိုဗစ်ရောဂါနဲ့ ကွယ်လွန်ခဲ့တာပါ။
ဒါ့အပြင် နိုင်ငံတွင်း ကပ်ရောဂါတိုက်ဖျက်ရာမှာ အဓိကပါဝင်ခဲ့တဲ့ ဒေါက်တာထားထားလင်းနဲ့ ဒေါက်တာမော်မော်ဦးတို့လည်း ဖမ်းဆီးခံထားရတာ ၂ လကျော်ကြာလာပြီဖြစ်ပြီး ကိုဗစ်ရောဂါကူးစက်ခံထားရပေမယ့် သူတို့ရဲ့ နောက်ဆက်တွဲအခြေအနေကို အတိအကျမသိရသေးပါဘူး။

စစ်အာဏာသိမ်းပြီးနောက် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အကြမ်းဖက်ခြိမ်းခြောက်တာတွေ၊ ဖမ်းဆီးခေါ်ဆောင်တာတွေ လုပ်နေတဲ့အပေါ် CDM ဆရာဝန်တဦးက -
"ပြည်သူတွေအပေါ်မှာ ကုသမှုပေးနေတဲ့ ဆရာဝန်တွေကို ဖမ်းဆီးအရေးယူတာသည် ပြည်သူတွေကို ရောဂါကုသခွင့်ကို မပေးစေချင်လို့ပေါ့နော်။ ရှင်းရှင်းပြောရရင်တော့ သူတို့သည် ဒီကိုဗစ်ကို လက်နက်သဖွယ်အသုံးချပြီးတော့ ဒီနိုင်ငံကိုအုပ်ချုပ်နေတဲ့ သဘောမျိုးပေါ့။ အခုလောလောဆယ် မန္တလေးမှာဖြစ်နေတဲ့ အနေအထားတွေဆိုရင်လည်း ဇူလိုင်လကုန်နဲ့ ဩဂုတ်လဆန်းပိုင်းမှာဆိုရင် ဆိုးဆိုးရွားရွားကြီး ဖြစ်ခဲ့တယ်။ အဲလိုဖြစ်ခဲ့ချိန်တုန်းကတောင်မှ မန္တလေးမြို့ပေါ်မှာ ဒီလိုမျို းပိတ်ဆို့ အရေးယူတာမရှိဘဲနဲ့ အခုကိုဗစ်က မြို့ပေါ်မှာနည်းသွားတဲ့အချိန်မှ မန္တလေးမှာ ပြည်သူတွေကို အပြင်မထွက်ဖို့ ကန့်သတ်တယ်ဆိုတော့ တကယ်တမ်းက ကိုဗစ်ကို လက်နက်တခုအနေနဲ့ အသုံးချပြီးတော့ ဒီနွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ ပြည်သူတွေအကုန်လုံးကို ဖမ်းဆီးအရေးယူနေတယ်လို့ပဲ သုံးသပ်ချင်ပါတယ်ခင်ဗျ။"

ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာပါဝင်ဖို့ စေတနာ့ဝန်ထမ်းတွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကဖိတ်ခေါ်ထားပါတယ်။ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ကုသရေးပိုင်း တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေသာမက အပြင်မှာရှိနေတဲ့ ကျွမ်းကျင်တဲ့ ဆေးဘက်ပညာရှင်တွေကလည်း အများနဲ့ပတ်သက်တဲ့ကိစ္စဖြစ်လို့ အားလုံးပူးပေါင်း ဆောင်ရွက်ပေးစေလိုတယ်လို့ ပြောထားပါတယ်။ ဒီလိုပြောထားချိန်မှာပဲ ကျန်းမာရေးလုပ်သားတွေကို စစ်ကောင်စီက ဆက်ဖမ်းထားပြီး ကျန်သူတွေဟာလည်း အဖမ်းခံရမယ့်အရေး စိုးရိမ်နေရဆဲအခြေအနေမှာ ဆက်ရှိနေပါတယ်။

...........................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)










XS
SM
MD
LG