(Zawgyi/Unicode)
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း EAO တချို့ကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးဖို့ စစ်ကောင်စီက ကမ်းလှမ်းခဲ့ပါတယ်။ မိုင်းလားအဖွဲ့ကတော့ သူတို့ အစီအစဉ်နဲ့ သူတို့ထိန်းချုပ်ရာဒေသမှာ အားလုံးနီးပါးထိုးပြီးပြီလို့ တုံ့ပြန်ခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအားလုံးကို ဘယ်လိုအစီအစဉ်နဲ့ ကိုဗစ်ကာကွယ်ဆေး ထိုးပေးမယ်ဆိုတာ စာရင်းပြုစုနေဆဲဖြစ်တယ်လို့ ပြောခွင့်ရက ဗွီအိုအေကို ပြောပါတယ်။ ရန်ကုန်က ပေးပို့တဲ့ ဒီသတင်းကိုတော့ ကိုအောင်မြတ်သူ ပြောပြပါမယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးတွေကို ဦးစားပေးအဆင့်လိုက်ထိုးပေးနေချိန် တိုင်းရင်းသားလက်နက်ကိုင် EAO အဖွဲ့တွေ့ကိုလည်း ဦးစားပေး ကိုဗစ်ကာကွယ်ဆေးထိုးပေးမယ်လို့ ကျန်းမာရေးဌာနက ပြောပါတယ်။ တချိန်ထဲမှာပဲ တချို့ လက်နက်ကိုင်အဖွဲ့တွေကို ကာကွယ်ဆေးထိုးနှံ့ပေးဖို့ စစ်ကောင်စီက ကမ်းလှမ်းတာတွေလည်း ရှိပါတယ်။ ။ ဒီအထဲမှာ အထူးဒေသ (၄) မိုင်းလား အဖွဲ့လည်း ပါပါတယ်။ စစ်ကောင်စီဘက်က ကာကွယ်ဆေးထိုးနှံ့တဲ့ကိစ္စ အကူအညီပေးချင်ကြောင်း ကမ်းလှမ်းစာကို ဒီရက်ပိုင်းမှာပဲ ရရှိတယ်လို့ မိုင်းလားအဖွဲ့ရဲ့ ပြောခွင့်ရ ဦးစိုင်းမောက်က ပြောပါတယ်။ ဒါပေမဲ့ မိုင်းလားနယ်မြေမှာ ကာကွယ်ဆေးကို ကိုယ့်အစီအစဉ်နဲ့ကိုယ် လူအားလုံးနီးပါး ထိုးနှံပြီးသွားတဲ့အခြေအနေမို့ အကူအညီမလိုတော့ကြောင်း စာပြန်ကြားခဲ့တယ်လို့ သူက ဗွီအိုအေကို ပြောပါတယ်။
“လေးငါး ခြောက်ရက်တော့ ရှိပြီထင်တယ် စာက၊ ငြိမ်းချမ်းရေးကော်မရှင်လား ဗိုလ်ချုပ်ကြီးရာပြည့်တို့အဖွဲ့က ပို့လာတဲ့စာဖြစ်တယ်။ ကိုဗစ်ကာကွယ်ဆေး လူထုတွေက အကုန်လုံးက ၈၀ ရာခိုင်နှုန်းက ထိုးပြီးသား ဖြစ်တယ်ခင်ဗျ။ ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ကျ မလိုအပ်တော့ဘူးခင်ဗျ။ ကျနော်တို့ စာပြန်ပေးလိုက်ပြီ သူတို့ကို။ တော်တော်လည်း အောင်မြင်မှုရှိတယ် ကျနော်တို့ ဒီမှာလုပ်တဲ့ဟာ။”
မိုင်းလားဒေသထဲမှာ တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးထားတာဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီဆေးတွေကို တရုတ်ဘက်က လှူဒါန်းတဲ့ ဆေးတွေပါသလို၊ မိုင်းလား တာဝန်ရှိသူတွေဘက်က ဝယ်ယူပြီး ထိုးနှံပေးတဲ့ ဆေးလည်းပါတယ်လို့ သူကပြောပါတယ်။ ကိုဗစ်တတိယလှိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင် EAO အဖွဲ့တချို့က ခုလိုကိုယ့်အစီအစဉ်နဲ့ကို သူတို့ဒေသတွေမှာ ကိုဗစ်ကာကွယ်ဆေးတွေ ထိုးနေကြပါတယ်။
UWSA ဝအဖွဲ့ ထိန်းချုပ်တဲ့ ဒေသမှာ တရုတ်အကူအညီနဲ့ Sinovac ဆေးကို ဒေသခံအားလုံးနီးပါး ထိုးနှံပေးခဲ့သလို ကိုးကန့်အဖွဲ့ကလည်း သူတို့လှုပ်ရှားနယ်မြေတွေမှာ တရုတ်ထုတ် ကာကွယ်ဆေးတွေကို ထိုးနှံထားတယ်လို့ ရွှေဖီမြေသတင်းဌာနက ရေးသားခဲ့ပါတယ်။ ကချင်လက်နက်ကိုင် KIO အဖွဲ့၊ ရှမ်းမြောက် SSPP/SSA အဖွဲ့တို့ကလည်း သူတို့ထိန်းချုပ် နယ်မြေတွေမှာ တချို့ကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေတယ်လို့ သိရပါတယ်။ စစ်ကောင်စီကတော့ မြန်မာတနိုင်ငံလုံးမှာ ရှိတဲ့သူတွေအားလုံးကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးသွားမှာဖြစ်တယ်လို့ ပြောကြားထားပါတယ်။
မသန်စွမ်းသူတွေ၊ နာတာရှည် ရောဂါအခံရှိသူတွေ၊ ကယ်ဆယ်ရေးစခန်းကသူတွေအပြင် တိုင်းရင်းသားလက်နက်ကိုင် EAO အဖွဲ့တွေကိုလည်း ကိုဗစ်ကာကွယ်ဆေး ဦးစားပေးထိုးနှံပေးမယ့် အုပ်စုစာရင်းထဲမှာ ကျန်းမာရေးဝန်ကြီးဌာနကထည့်သွင်းထားလို့ပြောပါတယ်။ နိုင်ငံထဲမှာ ရှိတဲ့သူအားလုံးကို ကာကွယ်ဆေး လွှမ်းခြုံထိုးပေးထားနိုင်မှ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်မှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဗွီအိုအေကို ပြောပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲက ဘယ်အဖွဲ့တွေကို ဘယ်လိုအစီအစဉ်နဲ့ ထိုးပေးမလဲဆိုတာနဲ့ပါတ်သက်လို့ မေးရာမှာ ခုလိုဖြေပါတယ်။
“အသေးစိတ်တွေကတော့ ထပ်ပြီးလုပ်ဆောင်ရဦးမှာ ဖြစ်ပါတယ်၊ ဥပမာပြောမယ်ဆိုရင် နာတာရှည်ရောဂါ အခံရှိတာ ဘယ်လိုဟာကို နာတာရှည်ရောဂါအခံရှိသူလဲ၊ နာတာရှည်ရောဂါထဲမှာ ဘယ်သူတွေပါလဲဆိုတဲ့ definition ကလည်း ဖွင့်ရဦးမယ်။ အဲလိုပဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဆိုရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ဘယ်နှခုရှိသလဲ၊ ဘယ်မှာထိုးမလဲ ဒါတွေက သက်ဆိုင်ရာအဖွဲ့အစည်းတွေက အသေးစိတ် detail ရေးဆွဲရဦးမှာ ဖြစ်ပါတယ်။ နောက်ထပ် ကာကွယ်ဆေးထိုးပေးမယ့် road map ကို ဒါချပြလိုက်တယ်ဆိုတဲ့ သဘောပါပဲ။”
လူတိုင်းကိုဗစ်ကာကွယ်ဆေးထိုးဖို့ စစ်ကောင်စီက တိုက်တွန်းမှုတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်နေပါတယ်။ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသားဒေသတွေက ပြည်တွင်းဒုက္ခသည် IDP စခန်းတွေ၊ မြန်မာနိုင်ငံအနှံ့က အကျဉ်းထောင်တွေမှာ ကာကွယ်ဆေးထိုးပေးနေတဲ့သတင်းတွေကို နေ့စဉ်ထုတ်ပြန်နေပါတယ်။ တရုတ်နိုင်ငံက ဝယ်ယူထားတဲ့ Sinopharm ကိုဗစ်ကာကွယ်ဆေး ၂၄ သန်းထဲက ၄ သန်း ထပ်မံရောက်ရှိတယ်လို့ စက်တင်ဘာ ၁၃ ရက်နေ့ထုတ် သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။ တရုတ်ကာကွယ်ဆေး ၁၀ သန်းက ဒီလအတွင်း မြန်မာပြည် ရောက်လာဖို့ရှိပြီး၊ အောက်တိုလမှာ ၁၀ သန်း၊ နိုဝင်ဘာမှာ ၄ သန်း ထပ်ပြီး ရောက်လာမှာဖြစ်လို့ ကိုဗစ်ကာကွယ်ဆေး စုစုပေါင်း ၂၄ သန်း ဒီနှစ်အတွင်း ရရှိမယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။ လာမယ့် ၂၀၂၂ ဇန်နဝါရီမှာ ဒါတွေအားလုံးကို အပြီးထိုးနှံပေးဖို့ ကနဦးစီစဉ်ခဲ့ပေမဲ့ အခုတော့ ဒီဇင်ဘာနောက်ဆုံးထားပြီး ထိုးနှံပေးသွားမယ်လို့ သူကပြောပါတယ်။
.....................................................................................
(Unicode)