သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ကိုဗစ်ကာကွယ်ဆေးထိုးပေးပြီ


ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ်ထဲရှိ ရိုဟင်ဂျာဒုက္ခသည်စခန်း (ဓာတ်ပုံ - AFP)
ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ်ထဲရှိ ရိုဟင်ဂျာဒုက္ခသည်စခန်း (ဓာတ်ပုံ - AFP)

(Zawgyi/Unicode)

ရခိုင်ပြည်နယ်မှာ မွတ်ဆလင် ဒုက္ခသည်စခန်းတွေထဲက လူနှစ်သောင်းကျော်ကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေပြီးလို့ ပြည်နယ် အုပ်ချုပ်ရေးကောင်စီ ပြောခွင့်ရက ဗွီအိုအေကို ပြောပါတယ်။ သြဂုတ်လ ၂၈ ရက်နေ့ကစတင်လို့ မွတ်ဆလင်ဒုက္ခသည်တွေကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေတာမှာ တချို့ ဒုက္ခသည်စခန်းတွေမှာတော့ ဆေးထိုးပြီးသွားပါပြီ။ တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေးတွေကို အသက် ၄၅ နှစ်နဲ့ အထက် အထောက်အထားပြနိုင်သူတွေကို ထိုးပေးနေတဲ့အကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မမြသဇင်အောင်က ပြောပြပါမယ်။

ရခိုင်ပြည်နယ်မှာ သြဂုတ်လ ၂၈ ရက်နေ့ကစလို့ မွတ်ဆလင် ဒုက္ခသည်စခန်းတွေမှာ ကိုဗစ်ကာကွယ်ဆေး စတင် ထိုးပေးနေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ လူဦးရေ ၃,၀၀၀ လောက်ရှိတဲ့ စစ်တွေမြို့ က သက်ကယ်ပြင် မွတ်ဆလင်ဒုက္ခသည်စခန်းက အသက် ၄၅ နှစ်အထက် ရှိသူ လူ ၁၅၀ လောက်ကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးပြီးပြီလို့ စခန်းတာဝန်ခံ ဦးမောင်လေးကဗွီအိုအေကို ပြောပါတယ်။

“ထိုးပေးနေတယ်၊ ကျနော်တို့ သက်ကယ်ပြင်မှာ ၂၈၊ ၂၉ နှစ်ရက် ထိုးပေးလိုက်တယ် ကျနော်တို့ ဒုက္ခသည်သမားကိုပဲ ထိုးပေးနေတာ
ဒေသခံတွေ မပါဘူး၊ ကျနော်တို့ ဒုက္ခသည်စခန်း သက်ကယ်ပြင်မှာဆိုရင် ကျနော်တို့မှာ လူဦးရေ ၃,၀၀၀ ကျော် ရှိတယ်၊ အဲ့မှာလူဦးရေ အမျိုးသား၊ အမျိုးသမီး ၁၅၀ လောက် ထိုးပေးလိုက်တယ်၊ မှတ်ပုံတင်ပြရတယ်၊ သန်းခေါင်းစာရင်းပြရတယ်။ ဒုက္ခသည်စခန်းမှာဆိုရင် စာအုပ်ထဲမှာပါတယ် ဥပမာ အသက်ဘယ်လောက်လဲ အမျိုးသားအသက် ၄၅ နှစ်ကျော်ရမယ်၊ အထောက်အထားပြမှ ထိုးပေးတယ်။ အထောက်အထားမပြရင် ထိုးမပေးဘူး။”

တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေး ပထမတကြိမ်ထိုးပြီးသူတွေကို စက်တင်ဘာလ ၂၆ ရက်နေ့ကျရင် ဒုတိယအကြိမ် ထိုးပေးသွားမယ်လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်က ပြည်တွင်းဒုက္ခသည် IDP စခန်းတွေမှာ မွတ်ဆလင် ဒုက္ခသည် စုစုပေါင်း နှစ်သိန်းကျော်လောက်ရှိတယ်လို့ ဦးမောင်လေးက ခန့်မှန်းပါတယ်။ အသက် ၄၅ နှစ်အထက် မွတ်ဆလင်ဒုက္ခသည် နှစ်သောင်းကျော်ကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေတာလို့ ပြည်နယ်အုပ်ချုပ်ရေးကောင်စီ ပြောခွင့်ရ ဦးလှသိန်းက ဗွီအိုအေကို ပြောပါတယ်။

“IDP camp ပေ့ါနော် ဘင်္ဂါလီဆိုလို့ရှိရင် စစ်တွေ၊ ပေါက်တော ရှိတယ်ခင်ဗျ အဲ့ဟာအတွက် ကျနော်တို့က အသက် ၄၅ နှစ်အထက်
ရှိသမျှ လူစာရင်းကို ကောက်လိုက်တယ်၊ ကျနော်တို့ ရထားတဲ့ စာရင်းက IDP campသက်သက်ဆိုလို့ရှိရင်တော့ ၄၅ နှစ်အထက်က ကျနော်တို့ ၂၀,၀၀၀ ကျော်ကျော်လောက်ရှိတယ် အဲ့ဟာတွေကို ထိုးပေးတယ်ခင်ဗျ။”

စစ်ကောင်စီက ဘင်္ဂလီလို့ ခေါ်ဆို သုံးနှုန်းပေမဲ့ မွတ်ဆလင်တွေကတော့ သူတို့ကတော့ သူတို့ဟာ ရိုဟင်ဂျာတွေဖြစ်တယ်လို့ ပြောထားပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ မွတ်ဆလင်ဒုက္ခသည်တွေတင် မဟုတ်ဘဲ ရခိုင်တိုင်းရင်းသား ဒုက္ခသည်တွေကိုလည်း ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေပါတယ်လို့ပြည်နယ်အုပ်ချုပ်ရေးကောင်စီ ပြောခွင့်ရက ပြောပါတယ်။

“တိုင်းရင်းသားတိုက်ပွဲရှောင်ဆိုတဲ့ အဲ့ဒီဟာလည်း IDP ပဲ၊ နောက် ဘင်္ဂါလီရှိတယ် ဆိုတော့ ကျနော်တို့က အဲ့ဒီဟာနှစ်ကို ထိုးဖို့ဆိုပြီးတော့ ဆေး Sinopharm က ငါးသောင်းချပေးတယ်၊ အဲ့ Sinopharm ချပေးတော့ ကျနော်တို့က အဲ့ Sinopharm ကို တိုက်ပွဲရှောင်ရယ် ဘင်္ဂါလီ IDP
camp တွေရယ် နှစ်ဖက်လုံးကို အဲ့ဒါ ငါးသောင်းလုံးကို မျှထိုးပေးတာပေါ့ခင်ဗျ။”

သြဂုတ်လ ပထအပတ်လောက်ကတည်းကစပြီး ရခိုင်ပြည်နယ်အုပ်ချုပ်ရေးကောင်စီက ဒုက္ခသည်စခန်းတွေမှာ ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးခဲ့ပြီး၊ မွတ်ဆလင်ဒုက္ခသည်စခန်းတွေကို သြဂုတ်လ ၈ ရက်နေ့မှာ ကိုဗစ်ကာကွယ်ဆေးထိုးမှုကို စတင်ခဲ့တာဖြစ်ပါတယ်။
ကျောက်တော်မြို့နယ်က ညောင်ချောင်း ပြည်တွင်းဒုက္ခသည်စခန်းမှာ အသက် ၆၅ နှစ်နဲ့အထက် လူကြီးပိုင်းတွေ ကာကွယ်ဆေး ပထမအကြိမ် ထိုးပြီးသွားပြီလို့ စခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်က ဗွီအိုအေကို ပြောထားပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ စစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA တို့ကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည် ၁ သိန်းလောက်ရှိပြီး ဒုက္ခသည်စခန်းအသီးသီးမှာ ခိုလှုံနေကြပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်တွေရှိတဲ့ နေရာတွေကအပါအဝင် ပြည်သူအားလုံးကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးသွားမှာဖြစ်တယ်လို့ စစ်ကောင်စီက ပြောကြားထားပါတယ်။

................................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)










XS
SM
MD
LG